ဒီနေ့ခေတ်ကလေးငယ်တွေ ရိုင်းစိုင်းကြမ်းတမ်းလာအောင်ဖြစ်စေတဲ့ အကြောင်းရင်းများ

0
172
- Advertisement -

ကလေးငယ်တွေဟာ မိသားစုရဲ့ ဆည်းလည်းလေးတွေလို့ ဆိုလို့ရပေမယ့် သူတို့ရဲ့ မယဉ်ကျေးတဲ့အပြုအမူတွေ၊ ရိုင်းစိုင်းတဲ့အပြုအမူတွေကြောင့် လူကြားသူကြားထဲမှာ မိဘတွေအရှက်တကွဲဖြစ်ရတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုရိုင်းစိုင်းတဲ့အပြုအမူတွေဘာကြောင့်ဖြစ်ရတာလည်း၊ ဖြစ်နေကြတာလည်းဆိုတဲ့ အချက်အလက်အနည်းငယ်ကို ဖော်ပြပေးပါ့မယ်။

သင့်တော်တဲ့ အသိုင်းအဝိုင်းမရှိခြင်း

ဒီနေ့ခေတ်မိဘတွေဟာ ကလေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာ မလိုလားအပ်တဲ့ ပြဿနာတွေကို မတွေ့ကြုံချင်ကြတာမို့ အဘိုးအဘွားတွေရဲ့ အကူအညီကိုရယူဖို့ ငြင်းဆန်တတ်ကြပါတယ်။ ရင့်ကျက်တဲ့၊ အသိဉာဏ်ပြည့်ဝပြီးသားဖြစ်တဲ့ လူကြီးတွေရဲ့ ဆိုဆုံးမမှုမျိုးနဲ့ ဝေးကွာသွားကြတဲ့အခါ ကလေးငယ်တွေဟာ အခြားသောလူကြီးများကိုပါ လေးစားစွာပြုမူဆက်ဆံတတ်တဲ့ အကျင့်စရိုက်တွေ ပျောက်ပျက်ကုန်ပါတော့တယ်။ အတွေ့အကြုံရင့်ကျက်ပြီးသားဖြစ်တဲ့ သက်ကြီးရွယ်အိုအဘိုးအဘွားတွေဟာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေကို သိမြင်နှံ့စပ်ကြတဲ့အတွက် ကလေးငယ်တွေကို မည်သို့ပြုမူပြောဆိုဆက်ဆံရမယ်ဆိုတာမျိုးကို အကောင်းဆုံးသင်ကြားပေးနိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို လူကြီးသူမတွေရဲ့ ဆိုဆုံးမမှုမျိုးနဲ့ ကင်းကွာစေတာမျိုးက သူတို့ရဲ့ ပြုမူပြောဆိုပုံတွေကို ရိုင်းစိုင်းလာစေနိုင်ပါတယ်။

- Advertisement -

အလိုလိုက်မှု လွန်ကဲခြင်း

ကလေးငယ်တွေဟာ သူတို့ရဲ့ အပြုအမူနဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ကောင်းမွန်စွာ မသိတတ်ကြသေးဘူးဆိုပြီး မယဉ်ကျေးတဲ့အပြုအမူတွေကို ပြုလုပ်ကြတဲ့အခါ မိဘတော်တော်များများက တားမြစ်သွန်သင်မှုများ မလုပ်တတ်ကြပါဘူး။ တဖြည်းဖြည်းအရွယ်ရောက်လာချိန်ကြမှ သူတို့ဘာသာ ပြုပြင်သွားကြလိမ့်မယ်လို့ ထင်မှတ်တတ်ကြပါတယ်။ မကောင်းတဲ့ အကျင့်စရိုက်မျိုးတွေဟာ တတ်မြောက်ဖို့လွယ်ကူပြီး အကျင့်ပါသွားခဲ့ရင် ပြုပြင်ရခက်ခဲနိုင်တာမို့ ငယ်စဉ်ကတည်းက အရေးတယူလုပ်ပြီး ပြုပြင်ပေးဖို့လိုအပ်ပါတယ်။

လူမှုဆက်ဆံရေးနည်းပါးခြင်း

နည်းပညာတိုးတက်မှု၊ အပြင်ဘက်လောကရဲ့ မလုံခြုံမှုတွေကြောင့် ကလေးငယ်တွေဟာ အိမ်ထဲမှာသာ နေကြရပြီး ဖုန်း၊ တက်ဘလက် အစရှိတာတွေနဲ့သာ အပျင်းဖြေနေကြရပါတယ်။ ကလေးတို့သဘာဝ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပြေးလွှားဆော့ကစားတာမျိုး၊ အဖွဲ့လိုက် ကစားခုန်စားတာမျိုးကို မလုပ်ကြရတော့တဲ့အတွက် သူတို့ဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုတွေနည်းပါးသွားကြပါတယ်။ အဲဒါရဲ့ အကျိုးဆက်အဖြစ် ကလေးငယ်တွေဟာ အခြားသောလူတွေနဲ့ စကားပြောဆိုရာမျိုးမှာ ပြေပြစ်အောင်၊ လိုက်လျောညီထွေမှုရှိအောင် ပြောဆိုဖို့ ခက်ခဲသွားကြပါတယ်။ ပြောသင့်၊ မပြောသင့်ဆိုတာမျိုးတွေကိုလည်း
နားမလည်ကြတော့တဲ့အတွက် မယဉ်ကျေးတဲ့ ပုံစံမျိုးတွေဖြစ်သွားကြပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုပြင်းထန်စေခြင်း

ဒီနေ့ခေတ်မိဘတွေသည် ကလေးငယ်တွေကို မိမိကိုယ်ကိုယုံကြည်မှုရှိစေဖို့၊ တန်ဖိုးထားတတ်စေဖို့အတွက် ဦးစားပေးသင်ကြားပေးတတ်ကြပါတယ်။ ဒါဟာ ကောင်းမွန်ပေမယ့်လည်း လွန်ကဲသွားတဲ့အခါမှာတော့ ကလေးငယ်တွေဟာ မိမိကိုယ်ကို အရမ်းဝံ့ကြွားသွားတတ်ကြပြီး လူတကာကို အထက်စီးက ပြောဆိုဆက်ဆံသွားသလိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေရန်သင်ကြားပေးတဲ့အခါမျိုးမှာ လွန်ကဲမသွားစေဖို့ကိုလည်း ဂရုစိုက်သင့်ပါတယ်။

လုံလောက်တဲ့အချိန်မပေးနိုင်ခြင်း

မိဘတွေအတွက် အရေးကြီးဆုံးက သူတို့ရဲ့ ရင်သွေးငယ်တွေလို့ ဆိုကြပေမယ့် ခေတ်စနစ်ရဲ့အလိုအရ မိဘနှစ်ပါးစလုံးဟာ စီးပွားရေး၊ အိမ်မှုကိစ္စ၊ လူမှုရေးစတာတွေနဲ့ အလုပ်ရှုပ်နေကြရပါတယ်။ မိသားစုဘဝအဆင်ပြေအောင်၊ အခြားသောကလေးငယ်တွေနဲ့ယှဉ်လိုက်ရင် ကိုယ့်ရဲ့ရင်သွေးတွေမျက်နှာမငယ်ရအောင် စတာတွေကြောင့်မို့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို
ဦးစားပေးသလိုဖြစ်နေကြပါတယ်။ ဒီလိုအကြောင်းမျိုးတွေကြောင့် မိဘတွေသည် ကလေးငယ်တွေအတွက် အချိန်မပေးနိုင်သလိုဖြစ်နေကြပြီး ကလေးငယ်တွေကလည်း မိဘတွေရဲ့ နွေးထွေးကြင်နာမှုတွေနဲ့ ဝေးကွာသွားသလိုဖြစ်နေကြရပါတယ်။ မိဘတွေရဲ့ ဂရုစိုက်မှုနဲ့ ဝေးကွာသွားသလိုဖြစ်နေတဲ့ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုတွေရှိလာကြပြီး အဆင်ခြင်မဲ့ပြောဆိုမှုများ၊ ကိုယ်နှုတ်အမူအရာများ ကြမ်းတမ်းသွားကြပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးငယ်တွေအတွက် ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းပေးမှုများအပြင် စိတ်ပိုင်းဆိုင်ရာများချို့တဲ့မှုများလည်းမရှိရအောင် ဂရုစိုက်ပေးသင့်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here