ဒူးရင်းသီးစားသုံးခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများကိုဖော်ပြပေးလိုက်ပါတယ်

0
304
- Advertisement -

ဒူးရင်းသီးဟာ မကြိုက်ကြတဲ့ လူတွေအတွက်တော့ တကယ့်ကိုဆိုးဝါးတဲ့အနံ့အသက်ရှိတဲ့အသီးဖြစ်ပြီး ကြိုက်ကြတဲ့ သူများအတွက်တော့ ချိုမြကာ အခါးဘက်သို့ သက်နေတဲ့ အရသာကြောင့်” အသီးတွေရဲ့ ဘုရင်” လို့ မှတ်ချက်ပြုကြပါတယ်။ တရုတ်အယူအဆအရ ဒူးရင်းသီးဟာ အအေးစာဖြစ်ပြီး အပူသက်သာစေတယ်လို့ ဆိုကြပေမယ့် ဒါဟာမှန်ကန်ခြင်းမရှိပါဘူး။ ဒူးရင်းသီးရဲ့ အနံ့ပြင်းထန်ရတဲ့အကြောင်းရင်းကတော့ ဒူးရင်းသီးမှာ ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ်၊ အီသိုင်းဟိုက်ဒရိုဆာလ်ဖိုဒ် နဲ့ ဒိုင်းအီသိုင်း ဟိုက်ဒရိုဆာလ်ဖိုဒ် ဓါတ်ပစ္စည်းတွေပါရှိလို့ဘဲဖြစ်ပါတယ်။

ဆိုးကျိုးများ

ဒူးရင်းသီးကို ကြိုက်နှစ်သက်သူတွေအတွက် ကံမကောင်းတဲ့အမှန်တရားတစ်ခုကတော့ ဒူးရင်းသီး ၁၀၀ ဂရမ်မှာ ကယ်လိုရီ ၁၄၇ ထိပါရှိပြီး ကယ်လိုရီပါဝင်မှုများတဲ့အသီးတွေဖြစ်တဲ့ မင်းဂွတ်သီး၊ ပိန္နဲသီး၊ လိုင်ချီးသီးနဲ့ မာလကာသီးတို့ထက် ကယ်လိုရီပါဝင်မှုပိုများပါတယ်။ ဒူးရင်းသီး အစေ့ငါးမွှာမှာ ပါဝင်တဲ့ ကယ်လိုရီဓါတ်ဟာ ဆန်တဗူးစားသုံးတာနဲ့ ညီမျှပါတယ်။ ဒါကြောင့်မို့လွန်ကဲစွာစားသုံးမယ်ဆိုရင်တော့ ဒူးရင်းသီးဟာ ကိုယ်အလေးချိန်တိုးစေပါတယ်။

- Advertisement -

ဒူးရင်းသီးကို အရက်၊ ဘီယာ စတာတွေနဲ့ တွဲဖက်မစားသင့်ပါဘူး။ဒူးရင်းသီးကို ဘီယာနဲ့ တွဲဖက်စားရင် လေပွမယ်၊ အစာမကျေဖြစ်မယ်၊ လွန်ကဲစွာစားသုံးမိရင် သေနိုင်တယ်လို့သိရပါတယ်။ဘာလို့လဲဆို ဒူးရင်းသီးနဲ့ အရက်၊ ဘီယာတွေမှာ ပါဝင်တဲ့ အဆီနဲ့သကြားဓါတ်တွေက ခန္ဓာကိုယ်ကို အလုပ်ပိုလုပ်စေပြီး ဒူးရင်းသီးမှာ ပါရှိတဲ့ မတည်ငြိမ်တဲ့ ဆာလဖာဓါတ်ဟာ အဆိပ်အတောက်တွေကို စစ်ထုတ်ပေးတဲ့အသည်းရဲ့အင်ဇိုင်းထုတ်လုပ်မှုကို လျော့ကျစေတာကြောင့်မို့ဘဲဖြစ်ပါတယ်။ ကျောက်ကပ်ဆေးကြောထားတဲ့သူတွေအနေနဲ့လည်း ဒူးရင်းသီးမှာပါဝင်တဲ့ များပြားတဲ့ ပိုတက်စီယမ်ဓါတ်တွေကြောင့် ကျောက်ကပ်အလုပ်လုပ်ပုံကို ခက်ခဲစေနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်လို့ IMU (International Medical University)က ကျန်းမာရေးနဲ့ အဟာရဆိုင်ရာပါရဂူ Dr Lee Ching Li က အကြံပေးထားပါတယ်။

ဒူးရင်းသီးစားရင် အပူသက်သာစေတယ်ဆိုတာ မမှန်ကန်ပါဘူး။ ဘာလို့လဲဆို ဒူးရင်းသီးမှာ အဟာရသိပ်သည်းတဲ့ဓါတ်တွေ ပါဝင်တာမို့အစာခြေစနစ်ကို အလုပ်ပိုလုပ်စေရတဲ့အတွက် ခန္ဓာကိုယ်ကို အပူချိန်တိုးစေပါတယ်။ ဒါ့အပြင် ပိုတက်စီယမ် များပြားစွာပါဝင်တာမို့ ၁၅ မွှာလောက်စားမိရင် နှလုံးခုန်မြန်စေတဲ့အတွက် နှလုံးရောဂါသမားတွေ ၃ မွှာလောက်ဘဲစားသင့်ပါတယ်။ ကယ်လိုရီပါဝင်မှုများတာကြောင့် ဆီးချိုသမားတွေလည်း အကန့်အသတ်နဲ့သာ စားသင့်ပါတယ်။

ကောင်းကျိုးများ

ဒူးရင်းသီးမှာပါဝင်တဲ့ ထရစ်တိုဖန် (Tryptophan) လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တစ်မျိုးက ညဘက်အိပ်ပျော်ဖို့အရေးပါတဲ့ ဆီရိုတိုနင် နဲ့ မယ်လတိုနင် ဟော်မုန်းနှစ်မျိုးတည်ဆောက်ဖို့အတွက် အဓိကဖြစ်စဉ်တွေမှာ လိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့အတွက် ဒူးရင်းသီးကို စားသုံးပေးတာက ထရစ်တိုဖန်ကို အားဖြည့်ပေးတဲ့သဘောမို့ ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်ပါတယ်။ ဒါ့အပြင် ဒူးရင်းသီးမှာ ပါဝင်တဲ့အဆီဓါတ်တွေက စားပြီးရင် အိပ်ငိုက်စေပါတယ်။

ဒူးရင်းသီးမှာ ပါဝင်တဲ့ ပရိုတင်းဓါတ်၊ ဗီတာမင်-စီ၊ ဖောလိတ်ဓါတ်နဲ့ သတ္တုဓါတ်တွေက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပါတယ်။ ဒူးရင်းသီးမှာ ပိုတက်စီယမ် ပါဝင်မှုများတဲ့အတွက် သွေးပေါင်ချိန်ကိုကျစေပြီး သဘာဝအော်ဂဲနစ်ကယ်စီယမ်ကြောင့် သွေးကြောနံရံတွေ ကျုံ့တာ၊ ကျဉ်းတာကနေ သက်သာစေပြီး သွေးတိုးရောဂါကို ကာကွယ်ပေးပါတယ်။

ဒူးရင်းသီးမှာ ပါဝင်တဲ့ အဝါရောင်ကယ်ရိုတင်းဓါတ်ကြောင့် အရေပြားချောမွေ့မှုကို အထောက်အကူပေးပြီး နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားရေပျက်စီးတာကို ကာကွယ်ပေးပါတယ်။ ဒူးရင်းသီးကိုစားသုံးရင် သူ့ရဲ့ ကြွယ်ဝတဲ့ အဟာရဓါတ်တွေကြောင့် ဆာလောင်မှုကို ပြေပျောက်စေပြီး အားအင်ကို ပြန်လည်ပြည့်ဖြိုးစေနိုင်ပါတယ်။ ဒူးရင်သီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်တာမို့ ဝမ်းမှန်စေပြီး အူသိမ်၊ အူမထဲက အရိအချွဲတွေကို လျော့နည်းစေကာ အူမကြီးကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်ပေးပါတယ်။ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်-ဘီ၊ ပိုတက်စီယမ်တို့ကြောင့်လည်း အရိုးတွေကို သန်မာစေပါတယ်။ သံဓါတ်နဲ့ ဖောလိတ်အက်စစ်လည်းပါရှိတာမို့ သွေးအားနည်းသမားတွေအတွက်လည်း သင့်တော်ပါတယ်။

ဆီးချိုသွေးချိုဝေဒနာရှင်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ သတိထားစားသင့်ပြီး တွဲဖက်မစားသင့်တဲ့ အရာတွေကတော့ အရက်၊ ဘီယာ၊ ကဖိန်းဓါတ်ပါဝင်သော သောက်စရာများ၊ ဂဏန်း၊ အမဲသား၊ သိုးသားနဲ့ လိုင်ချီးသီးတွေဘဲ ဖြစ်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- thestar

#Ref- wikipedia

#Ref- Dr.Tint Swe

#Ref- Dr.Ham Sai

LEAVE A REPLY

Please enter your comment!
Please enter your name here