လက်ရှိအချိန်မှာ တရှိန်ထိုးတိုးတက်လာတဲ့ နည်းပညာပိုင်းဟာ ယနေ့ခေတ်ရဲ့ ကလေးငယ်တွေကို ထိန်းကွပ်မရဖြစ်စေတယ်ဆိုရင် စာဖတ်သူလည်း သဘောတူမယ်လို့ ယူဆပါတယ်။ ဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက် ကလေးအများစုဟာ မျက်နှာနဲ့ စခရင်ခ်နဲ့မပြတ် ကြည့်နေတတ်တာကို တွေ့ရနိုင်ပါတယ်။
မိဘတွေအတွက်တော့ အခုလိုမျိုး စခရင်မ်မျိုးစုံကို ကလေးတွေကြည့်ပြီး အသုံးပြုနေခြင်းက သူတို့ဂျီကျတာ၊ ဂျစ်တိုက်တာ၊ ငိုကြွေးတာတွေကို အမြန်ဆုံးချောမော့နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တာကြောင့် လက်လျှော့အရှုံးပေးလေ့ရှိပါတယ်။ ဒါပေမယ့် အခုလိုမျိုး အနိုင်ပေးလိုက်ခြင်းအားဖြင့် ငယ်စဥ်ကတည်းက အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် ADHD ခေါ် မည်သည့်အရာကိုမှ အာရုံစူးစိုက်မှုမပြုလုပ်နိုင်ဘဲ အလွန်အမင်းတက်ကြွလွန်းနေသည့် ရောဂါတို့လို နောက်ဆက်တွဲဆိုးကျိုးတွေကို ကြုံတွေ့လာရနိုင်ပါတယ်။
အခုလိုပြဿနာတွေကို ကိုယ့်ရဲ့ရင်သွေးငယ်ဆီမှာ အဖြစ်မခံနိုင်ဘူးဆိုရင်တော့ အတတ်နိုင်ဆုံး ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် စတာတွေ အသုံးပြုတာနည်းအောင်နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေ များများလုပ်အောင် တွန်းအားပေးသင့်ပါတယ်။
၁။ လွန်ဆွဲမယ်

ယှဥ်ပြိုင်မှုတွေကို သဘောကျတဲ့ ကလေးငယ်တွေအတွက်တော့ လွန်ဆွဲပြိုင်တာက အထူးသင့်တော်ပါတယ်။ ကလေးတွေရဲ့ လက်ရုံးကြွက်သားတွေ၊ ခြေသလုံးတို့မှာ သန်မာမှုကိုတည်ဆောက်ပေးပါတယ်။ ခန္ဓာကိုယ်အဆီတွေကို ကျစေတာ၊ ကြွက်သားတွေတည်ဆောက်ပေးတာသာမက အပေါင်းအသင်း သူငယ်ချင်းတွေကြားက ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားပေးရာရောက်ပါလိမ့်မယ်။
၂။ ကိုယ်ခံပညာ

ဂျူဒို၊ ကာရာတေးတို့လို ကိုယ်ခံပညာတွေကို သင်ခိုင်းခြင်းကလည်း ကလေးငယ်တွေရဲ့ မိမိကိုယ်ကိုယုံကြည်စိတ်ချမှု၊ အာရုံစူးစိုက်နိုင်မှု၊ ကျန်းမာကြံ့ခိုင်ခြင်းနဲ့ မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု အစတဲ့စွမ်းရည်ကောင်းတွေကို တည်ဆောက်ရာမှာ ကူညီပေးပါတယ်။
၃။ ရေကူးမယ်

ရေကူးခြင်းက ခန္ဓာကိုယ်ကို ကွေးနိုင်ဆန့်နိုင်လွယ်စေတယ်၊ ရောင်ရမ်းခြင်းတွေ သက်သာစေတယ်၊ အရိုးသိပ်သည်းဆကိုလည်း မြင့်တက်စေတယ် စတဲ့ အကျိုးကျေးဇူးတွေကြောင့် မိဘအများစုက ရေကူးသင်တန်းတက်အောင် ကိုယ့်သားသမီးတွေကို တွန်းအားပေးလေ့ရှိကြပါတယ်။
၄။ တင်းနစ်

တင်းနစ်ရိုက်ခြင်းက တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိမှုတို့ကို တည်ဆောက်ပေးပြီးတော့ ဗျူဟာကိုအသုံးပြုပြီး ကစားရတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ဗီဒီယိုဂိမ်းကစားလေ့ရှိတဲ့ ကလေးငယ်တွေအတွက် အထူးသင့်တော်ပါတယ်။
၅။ ဘောလုံး

အားကစားတွေထဲမှာ လူကြိုက်အများဆုံးဖြစ်တဲ့ ဘောလုံးကန်ခြင်းက ပျော့ပျောင်းသွက်လက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုတို့ကို ပျိုးထောင်ပေးရင်းဖြင့် တစ်ချိန်တည်းမှာပဲ နှလုံးသွေးကြောကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အရေးကြီးဆုံးအချက်ကတော့ အိမ်မှာပဲအမြဲနေပြီး ဖုန်းတွေကိုပဲ တချိန်လုံးသုံးတဲ့ ကလေးငယ်တွေဟာ အနီးမှုန်ပြဿနာဖြစ်လာနိုင်တာကြောင့် အိမ်ပြင်ထွက်ပြီး ဘောလုံးကန်ခြင်းကလည်း အမြင်အာရုံကို တိုးတက်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- momjunction
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။