နို့တိုက်တဲ့အခါ နို့ကောင်းကောင်းမထွက်တဲ့ မေမေတို့အတွက် အကြံဥာဏ်ကောင်းများ

0
599
- Advertisement -

သားသားမီးမီးတို့ကို နို့တိုက်တဲ့အခါ နို့ကောင်းကောင်းမထွက်လို့ မေမေတို့ စိတ်မချမ်းမသာဖြစ်ရတဲ့အကြောင်းတွေ အများကြီးကြားမိပါတယ်။ ဒီလိုဖြစ်ရတဲ့အခါတိုင်း မေမေတို့က မိခင်တစ်ယောက်အနေနဲ့ ဘယ်လောက်အထိ စိတ်မကောင်းဖြစ်ရမလဲဆိုတာကို ချစ်မေမေရဲ့ဘက်တော်သားတွေကလည်း ကောင်းကောင်းနားလည်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ သားသားမီးမီးတို့ကိုနို့တိုက်တဲ့အခါ နို့ကောင်းကောင်းမထွက်တဲ့ ချစ်မေမေတို့အတွက် အကြံဥာဏ်ကောင်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

၁။ မဖြစ်နိုင်ဘူးဆိုတဲ့ ကိုယ့်ရဲ့စိတ်ကိုပြောင်းလဲပစ်လိုက်ပါ။

ချစ်မေမေတို့က သူတို့ရဲ့ သားသားမီးမီးလေးတွေအတွက် နို့ချိုအလုံအလောက် တိုက်ကျွေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ စိတ်ဖိစီးမှုတွေဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ကို ပြောင်းလဲပစ်လိုက်ပါ။ တချို့မေမေတွေဆို သားသားမီးမီးလေးကိုတောင် မမွေးရသေးဘူး၊ နို့ကောင်းကောင်းတိုက်နိုင်ပါ့မလားဆိုပြီး စိုးရိမ်နေတတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ချစ်ရတဲ့ရွှေရင်သွေးလေးတွေ နို့ဆာတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နို့ချိုကို သူတို့အတွက် အင်အားဖြစ်အောင် တိုက်ကျွေးရင်း ထင်ထားတာနဲ့လွဲပြီး မိခင်မေတ္တာအပြည့်နဲ့ နို့ရည်တွေ အလုံအလောက်ရရှိနေတာမျိုးတွေလည်း ဖြစ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့် အစပိုင်းမှာ နို့ကောင်းကောင်းမထွက်ဘူးဆိုရင်လည်း မစိုးရိမ်ပါနဲ့။ သားသမီးအပေါ်ထားတဲ့ မိဘမေတ္တာက တုနှိုင်းမဲ့ဖြစ်ပြီး အဲ့ဒီမေတ္တာတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ်စိတ်ဖိစီးမှုအဖြစ်မခံဘဲ သားသားမီးမီးတို့အတွက် လိုအပ်တဲ့နို့ချိုအာဟာရကို ကောင်းကောင်းတိုက်ကျွေးနိုင်မယ်လို့ စဥ်းစားထားပါ။

- Advertisement -

၂။ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်အောင် နေထိုင်စားသုံးပါ။

နို့ချိုကောင်းကောင်းထွက်ဖို့ဆိုတာကလည်း ချစ်မေမေတို့ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ သက်ဆိုင်ပါသေးတယ်။ နို့ကောင်းကောင်းထွက်ဖို့ဆိုတာကလည်း ရေဓာတ်ပြည့်ဝဖို့ လိုအပ်တာကြောင့် ရေများများသောက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့အပြင် သံဓာတ်မြင့်မားအောင် နေကြာစေ့၊ ထောပတ်သီးတို့ကိုလည်း စားသုံးပေးသင့်ပါတယ်။

၃။ ချိုလိမ်ကို အလွန်အမင်းအသုံးမပြုပါနဲ့။

မွေးကင်းစသားသားမီးမီးလေးတွေနဲ့ ချိုလိမ်ဆိုတဲ့အရာက ခွဲခြားလို့တောင် မရပါဘူး။ ဒါပေမယ့် သားသားမီးမီးလေးတွေရဲ့ ပါးစပ်မှာ ချိုလိမ်ကို အလွန်အမင်းတပ်ပေးထားတာကလည်း သူတို့ရဲ့နို့စို့တဲ့သဘောသဘာဝကို အနည်းနဲ့အများထိခိုက်စေနိုင်ပါတယ်။ မိခင်နို့ဆိုတာက သားသားမီးမီးတို့ များများစို့လေ၊ ပိုပိုထွက်လေဖြစ်တာကြောင့် သူတို့လေးတွေကို အချိန်ဇယားမဆွဲဘဲ နို့ဆာတာနဲ့ ကြည်လင်အေးမြတဲ့နို့ချိုကို တစ်စက်ပဲရရ မဖြစ်မနေတိုက်ကျွေးပါ။ ဒီလိုပုံစံမျိုးနဲ့ ချစ်မေမေတို့ နို့မထွက်မှာကို စိတ်ပူစရာမလိုအပ်တော့ဘဲ သူတို့လေးတွေကလည်း အရွယ် (၄) (၅) လလောက်ရောက်တာနဲ့ ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုပြီး အလိုလိုအချိန်ဇယားနဲ့ သတ်မှတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

၄။ Breast Comfort Pack ကို အသုံးပြုပါ။

နို့ထွက်နည်းတာ၊ နို့မထွက်တာတွေ အဖြစ်များလာတာနဲ့ တစ်ပြိုင်နက် ချစ်မေမေတို့က မိခင်နို့ရည်တိုက်ကျွေးဖို့အတွက် အရှုံးပေးချင်လာကြပြီး နို့ဘူးပြောင်းတိုက်ဖို့ စဥ်းစားလာကြပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမစဥ်းစားခင် Breast Comfort Pack လေးကို အရင်ဆုံး စမ်းသပ်အသုံးပြုကြည့်ပါဦးလို့ အကြံပေးချင်ပါတယ်။ နို့ထွက်နည်းတဲ့ချစ်မေမေတို့အတွက် Breast Comfort Pack က အင်မတန်မှ အသုံးဝင်တယ်လို့ ဆိုကြပြီး ဒီအရာလေးက ချစ်မေမေတို့အတွက် ကယ်တင်ရှင်လက်နက်လေးတစ်ခုဖြစ်လာနိုင်မှာပါ။

၅။ အနီးအနားမှာရှိတဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

တစ်ချိန်က ကိုယ့်လိုမျိုးနို့ထွက်နည်းဖူးတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုရင် ချစ်မေမေတို့အနေနဲ့ သူတို့ဆီက လိုအပ်တဲ့အကြံဥာဏ်တွေကို တောင်းခံနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ချစ်ရတဲ့ခင်ပွန်းနဲ့မိသားစုဝင်တွေဆီ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်လိုက်မှာပါ။ သူတို့က ကျွမ်းကျင်သူတွေမဟုတ်ရင်တောင် ကိုယ်နဲ့အတူ ကျွမ်းကျင်ဆရာဝန်တွေဆီ အတူတကွ သွားရောက်ပြသပြီး ကိုယ့်အတွက် ဖြေရှင်းစရာ နည်းလမ်းတွေ ရှိလာပါလိမ့်မယ်။

ချစ်မေမေတို့ကို ရင်ဘတ်ချင်းအပ်ပြီး ပြောချင်တာကတော့ မိခင်တစ်ယောက်ရဲ့ဘဝကို ရရှိပိုင်ဆိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အခုရင်ဆိုင်နေရတဲ့ မိခင်နို့ထွက်နည်းတာ၊ နို့မထွက်တာတွေဆိုတာက မိခင်တစ်ယောက်ရဲ့ အစောပိုင်း အခက်အခဲတွေပဲရှိပါတယ်။ ချစ်ရတဲ့သားသားမီးမီးတို့အတွက် ခိုင်ခံ့တဲ့ အုတ်တံတိုင်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် အခုတည်းက စိတ်ဓာတ်ခိုင်မာနေမှဖြစ်မှာမဟုတ်လား။ အဲ့ဒါကြောင့် သံမဏိစိတ်ဓာတ်ကို နှလုံးသွင်းပြီး အခုပြောပြပေးခဲ့တဲ့နည်းလမ်းတွေနဲ့အတူ တန်ဖိုးဖြတ်မရတဲ့ သားသားမီးမီးတို့ကို ဘယ်လိုအာဟာရနဲ့မှလဲလှယ်လို့မရတဲ့ မိခင်တစ်ယောက်ရဲ့ ချိုမြိန်သန့်ရှင်းတဲ့ နို့ချိုကို တိုက်ကျွေးနိုင်ကြပါစေလို့ ချစ်မေမေဝိုင်းတော်သားတွေက ဆုတောင်းပေးလိုက်ပါတယ်နော်။

#HM

#ChitMayMay

Source: Newborn

LEAVE A REPLY

Please enter your comment!
Please enter your name here