နို့တိုက်နေချိန်မှာ ချစ်မေမေတို့အော့အန်ရခြင်းအကြောင်းရင်း

0
174
- Advertisement -

ချစ်မေမေတို့ရေ…။ သားသားမီးမီးလေးတို့ကို ကိုယ်ဝန်ဆောင်ချိန်မှာရော၊ မီးဖွားချိန်မှာရော၊ မီးဖွားပြီး နို့ချိုတိုက်ကျွေးနေချိန်မှာပါ ပင်ပန်းတဲ့အချိန်တွေနဲ့ ရင်ဆိုင်ရတာကို ဘဝတူချင်း နားလည်ပါတယ်နော်။

ချစ်မေမေတို့က ကိုယ်ဝန်ဆောင်ချိန်မှာ အစာမဝင်ဘဲ အော့အန်တတ်သလို သားသားမီးမီးတို့ကို မွေးဖွားပြီး နို့တိုက်ချိန်မှာလည်း အော့အန်တတ်ကြပါတယ်။ ဒါဆိုနို့တိုက်ချိန်မှာ ဒီလိုမျိုးအော့အန်ရတဲ့အကြောင်းရင်းတွေကို ဒီနေ့မျှဝေပေးသွားပါ့မယ်ရှင်။

၁။ Oxytocin ဟော်မုန်း

- Advertisement -

ဒီဟော်မုန်းက ချစ်မေမေတို့ နို့တိုက်နေချိန်မှာ ထွက်ပေါ်လာတတ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဒီဟော်မုန်းကြောင့်ပဲ ခန္ဓာကိုယ်ရဲ့အချို့နေရာတွေမှာ အပြောင်းအလဲတွေဖြစ်နိုင်ပါတယ်။ ဒီလိုအပြောင်းအလဲတွေမှာ အော့အန်ခြင်းက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်နော်။

၂။ ရေဓာတ်ခမ်းခြောက်ခြင်း။

နို့တိုက်နေချိန်မှာ ချစ်မေမေတို့က ရေဓာတ်ခမ်းခြောက်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ချစ်မေမေတို့က ရေများများမသောက်ဘူးဆိုရင်တော့ အခုလိုပဲ ရေဓာတ်ခမ်းခြောက်ပြီး အော့အန်နိုင်ပါတယ်ရှင်။

၃။ အဆာလွန်ခြင်း။

သားသားမီးမီးတို့ကို နို့တိုက်နေရတဲ့ ချစ်မေမေတို့က တစ်ရက်ကို ကယ်လိုရီ (၄၀၀) ကနေ (၅၀၀) ပမာဏအထိ လိုအပ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မျိုးမှာ ချစ်မေမေတို့က ဝဝလင်လင်နဲ့ အာဟာရပြည့်ဝအောင် မစားသုံးဘူးဆိုရင်တော့ အစာအိမ်ကနေ အက်ဆစ်တွေထွက်လာပြီး ပူလောင်နိုင်ပါတယ်။ အဲ့ဒီရဲ့နောက်ဆက်တွဲအနေနဲ့ ချစ်မေမေတို့က အော့အန်တဲ့ဝေဒနာတွေကို ခံစားရမှာပါ။

၄။ ပင်ပန်းနွမ်းနယ်မှု။

ကလေးတစ်ခါမှမမွေးဖူးတဲ့ ချစ်မေမေအသစ်စက်စက်ဆိုရင်တော့ သားသားမီးမီးတို့ကို မွေးပြီး ပထမဆုံးရင်ဆိုင်ရတဲ့ အိပ်ရေးပျက်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်တို့ကို အကြီးအကျယ်ခံစားရပါတယ်။ အဲ့ဒါကြောင့်လည်း ချစ်မေမေတို့က အော့အန်တာပါနော်။

၅။ နို့ပိုမိုတိုက်ကျွေးရခြင်း။

သားသားမီးမီးတို့က လူကောင်ကြီးလာတာနဲ့အမျှ၊ အရွယ်နည်းနည်းရောက်လာတာနဲ့အမျှ သူတို့လေးတွေရဲ့ နို့စို့တဲ့ပမာဏကလည်း ပိုမိုများပြားလာပါတယ်။ အဲ့ဒါကြောင့် နို့ချိုများများထုတ်လုပ်ဖို့လိုအပ်ပြီး ဒီလိုမျိုးထုတ်လုပ်ရချိန်မှာလည်း ဟော်မုန်းအပြောင်းအလဲတွေကို ဖြစ်ပေါ်စေပြီး အော့အန်စေနိုင်ပါတယ်။

၆။ စိတ်ကျခြင်း။

ချစ်မေမေအချို့က မီးဖွားပြီးတဲ့အချိန်မှာ စိတ်ကျရောဂါကို ခံစားရလေ့ရှိပြီး ဆရာဝန်နဲ့သွားပြရင်တော့ ဆေးတွေပါသောက်ရမှာပေါ့နော်။ အဲ့ဒီဆေးတွေက သားသားမီးမီးတို့အတွက် ဆိုးကျိုးတစ်စုံတစ်ရာမဖြစ်စေပေမယ့် ချစ်မေမေတို့က ဒီဆေးတွေရဲ့ဒဏ်ကြောင့် အော့အန်တာမျိုးတွေဖြစ်နိုင်ပါတယ်နော်။

ချစ်မေမေတို့ နို့တိုက်နေချိန်မှာ အခုလိုမျိုးအော့အန်တာက ကိုယ်ဝန်ဆောင်ချိန်မှာ အော့အန်သလိုမျိုးပါပဲ။ ဒါပေမယ့် ဒီလိုတွေမဖြစ်ရအောင်လည်း ကာကွယ်လို့ရပါတယ်။ ချစ်မေမေတို့က ကောင်းကောင်းအနားယူပြီး ဗိုက်ဆာတာနဲ့အစားကိုသေချာစား၊ ရေများများသောက်မယ်ဆိုရင် ဒီလိုမျိုးဖြစ်နိုင်ခြေနည်းသွားမှာဖြစ်တဲ့အကြောင်း မျှဝေပေးလိုက်ရပါတယ်ရှင်။

#HM

#ChitMayMay

Source: momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here