မိခင်နို့က ကလေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ကလေးအတွက် အာဟာရတွေရရှိစေသလို မိခင်နို့တိုက်ခြင်းက မိခင်နှင့် ကလေးအတွက် အထူးနှောင်ကြိုးလည်း ဖြစ်စေပါတယ်။
နို့တိုက်ခြင်းက ကလေးအတွက် တကယ်အကျိုးရှိစေပေမယ့် မေမေတို့အတွက် နို့တိုက်ရတဲ့ ဖြစ်စဉ်ကြောင့် အရင်ကလို ရင်သားလှလှလေး မဖြစ်နိုင်တော့ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ရင်သားအရွယ်အစားက သိသိသာသာတိုးပွားလာပါတယ်။ ကလေးအားနို့တိုက်ကျွေးစဉ်မှာ ရင်သားတွေဟာ ပြည့်တင်းနေတာ၊ ထုထည်လျော့သွားတာ၊ အဖြစ်အများဆုံးကတော့ လျော့ရိလျော့ရဲဖြစ်သွားတာ စတဲ့အပြောင်းအလဲများစွာကို ကြုံတွေ့ရပါတယ်။ ကိုယ်အလေးချိန်ပြဿနာကို ရင်ဆိုင်နေရတဲ့ မိခင်တွေမှာ စိုးရိမ်ပူပန်စရာ နောက်ထပ်အကြောင်းရင်းတစ်ခုက ရင်သားတွဲကျခြင်းဖြစ်ပါတယ်။ သို့သော် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းများစွာရှိပါတယ်။
မိခင်နို့တိုက်ကျွေးပြီးနောက် ရင်သားတွဲကျရခြင်းနောက်ကွယ်ကအကြောင်းရင်း
မိခင်နို့တိုက်ကျွေးပြီးနောက်မှာ ရင်သားလျော့ရဲရဲဖြစ်သွားတာ(သို့) တွဲကျရတာက အကြောင်းရင်းများစွာကြောင့်ဖြစ်ပါတယ်။ အမျိုးသမီးအများစုက နို့တိုက်ခြင််းကြောင့်တစ်ခုတည်းလို့ ထင်ကြပေမယ့် ဖြစ်စဉ်က ကိုယ်ဝန်ဆောင်ခြင်းနှင့်အတူ စတင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ အရေပြားဆန့်လာတာနှင့်အမျှ (Cooper’s ligamentsလို့ခေါ်တဲ့) ရင်ဘတ်နှင့် ကြွက်သားအားတွဲဆက်ထားတဲ့ အရွတ်တွေလည်း ဆန့်သွားပါတယ်၊ ၎င်းဟာ ရင်သားအရွယ်အစားကို တိုက်ရိုက်တိုးပွားစေပြီး နို့တိုက်ဖို့အတွက် ခန္ဓာကိုယ်ကို သူ့ဘာသာသူ ပြင်ဆင်ပါတယ်။ အဆိုပါအရွတ်ပေါ်မှာ တင်းမာမှု ပိုတိုးလာတဲ့အခါ ရင်သားကို တွဲကျစေပါတယ်။ အချိန်ကြာလာတာနှင့်အမျှ ဒီအရွတ်တွေဟာ သင့်ရဲ့ခေါင်းစည်းကွင်းအဟောင်းလို ဆန့်ကျုံနိုင်တဲ့ ဂုဏ်သတ္တိ ဆုံးရှုံးသွားပါတယ်။

ကလေးမွေးပြီးသည်နှင့်တစ်ပြိုင်တည်း မိခင်နို့တိုက်ကျွေးခြင်းလုပ်ငန်းကို စတင်ပါတယ်၊ ဒါက ရင်သားပြောင်းလဲခြင်းကို ဖြစ်ပေါ်စေပါတယ်။ နို့တိုက်ကျွေးချိန်မှာ နို့ပြွန်တွေက active ဖြစ်လာပြီး နို့တွေနဲ့ ပြည့်လာပါတယ်။ ရင်သားက ပိုလေးလာခြင်းကြောင့် အရွတ်တွေကို ပိုချဲ့လာနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအစီအစဉ်ကိို သတ်မှတ်ပြီးတာနဲ့ ရင်သားအရွယ်အစားဟာ သူတို့ကိုယ်ဝန်ဆောင်နေစဉ်ကာလကို ပြန်ရောက်သွားပါတယ်။ သင့်ကလေးကို နို့မဖြတ်ခင်အထိ ဒီအရွယ်က ပိုလာနိုင်သလို လျော့နည်းစွာ ထိန်းသိမ်းထားနိုင်ပါတယ်။
ရင်သားတွဲကျရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုက မိခင်ရဲ့အသက်အရွယ်ကြောင့် ဖြစ်ပါတယ်။ အသက် ၃၀ကျော်အမျိုးသမီးတွေဟာ အရေပြား elasticity (ဆန့်ကျုံဂုဏ်သတ္တိ)ဟာ ပိုမိုမြန်ဆန်စွာ ဆုံးရှုံးလေ့ရှိကြတယ်လို့ ကျွမ်းကျင်သူတွေက ရှင်းပြထားပါတယ်။ ထို့ကြောင့် သူတို့ရဲ့ ရင်သားတွေဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်းနှင့် မိခင်နို့တိုက်ကျွေးနေစဉ်မှာလည်း ထိခိုက်နိုင်ပါတယ်။
ဒီအချက်များအပြင် အရက်များများသောက်တတ်တဲ့အမျိုးသမီးတွေ၊ နီကိုတင်းအသုံးများတဲ့ အမျိုးသမီးတွေဟာ အချိန်မတန်မီ အိုမင်းခြင်းနှင့် အရေပြားအားနည်းခြင်းတို့ကို ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။
ရင်သားလျော့ရဲခြင်းကို ဘယ်လိုကာကွယ်မလဲ?
၁။ အထောက်အပံ့ပေးတဲ့ ဘရာကောင်းကောင်းဝတ်ပါ
နို့တိုက်နေဆဲ အချိန်တွေနဲ့ ညအိပ်တဲ့အချိန်မှာတောင် ဘရာစီယာကို အမြဲတမ်းဝတ်ဆင်ပါ။ ဘရာစီယာက ဆွဲငင်အားကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေပြီး အနေအထားမှန်မှန်ကန်ကန် ရှိနေစေမှာ သေချာပါတယ်၊ ဒါက ရင်သားအရွယ်အစားနဲ့ အလေးချိန်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြုမှာတော့ မဟုတ်ပါဘူး။ အမြဲတမ်း support လုပ်ပေးတာက မလိုအပ်တဲ့ ဆွဲငင်အားကို တားဆီးပေးပါလိမ့်မယ်။ အရည်အသွေးကောင်းပြီး အရွယ်အစားမှန်ကန်တဲ့ ဘရာစီယာဖြစ်ရပါမယ်။ ကြိုးအပြားကျယ်တဲ့ ဘရာဆိုရင် ပိုကောင်းပါတယ်။
၂။ နို့တိုက်နေစဉ် ကိုယ်နေဟန်ထား မှန်မှန်ကန်ကန် နေပါ
နို့တိုက်နေစဉ်မှာ သက်တောင့်သက်သာထိုင်နိုင်ပေမယ့် ထိုင်တဲ့ ကိုယ်နေဟန်ထား မှန်ကန်ရပါမယ်။ နို့တိုက်တဲ့အခါ ကလေးရဲ့ အောက်မှာ ခေါင်းအုံးတစ်လုံးခံပြီးမှ တိုက်ပါ။ နို့တိုက်နေစဉ်မှာ ပျော့တိပျော့ခွေနေတာ ရှောင်ပါ။ ကိုယ်နေဟန်ထားနှင့် အနေအထား မှန်ကန်ခြင်းက ရင်သားတွဲကျခြင်းမှ ကာကွယ်ပေးပါတယ်။

၃။ လေ့ကျင့်ခန်း
လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုရင် မလုပ်ခင်မှာ ဆရာဝန်နှင့် အရင်ဆုံးတိုင်ပင်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ဝန်ဆောင်ချိန်မှာ တတ်လာတဲ့ ကိုယ်အလေးချိန်ကို ကျစေပြီး သင့်ကြွက်သားတွေ တင်းရင်းစေဖို့ အထောက်အကူပြုပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ရင်သားကိုသာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးရှိပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂကဲ့သို့သော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများဖြင့် စတင်နိုင်ပါတယ်။

၄။ ရင်သားကို နှိပ်နယ်ပေးခြင်း
ရေချိုးချိန်မှာ ရင်သားကို ရေပူ၊ ရေအေးဖြင့် နှိပ်နယ်ပါ ။ သွေးလည်ပတ်မှုကို ကောင်းမွန်စေဖို့အတွက် ရေပူနှင့် စနှိပ်ပါ။ ရေအေးနဲ့ နှိပ်နယ်ပေးပြီး ရေချိုးပါ။ ဒီနှိပ်နယ်မှုက အသားအရေကို တင်းရင်းစေဖို့ ကူညီပါလိမ့်မယ်။ ရေနွေးနဲ့ နှိပ်တဲ့အခါ မျက်နှာသုတ်ပုဝါတစ်ထည်ကို သုံးနိုင်ပါတယ်။ ရေအေးအတွက် ရေခဲတုံးကို သုံးနိုင်ပါတယ်။ သို့သော် ထုံကျင်မှုဖြစ်စေနိုင်တာကြောင့် ရေခဲတုံးကို တစ်မိနစ်ထက် ပိုမသုံးပါနဲ့။
၅။ Moisturizer သုံးပါ
နို့တိုက်နေစဉ်မှာ အသားအရေ ထိန်းသိမ်းခြင်းက နူးညံ့ချောမွေ့စေဖို့နှင့် elasticity ကိုထိန်းသိမ်းဖို့ ကူညီပါလိမ့်မယ်။ ဗီတာမင်အီး ကြွယ်ဝသော ကိုကိုးထောပတ် (သို့)Shea butter ပါတဲ့ Moisturizer ကိုရွေးချယ်ပြီး တစ်နေ့ နှစ်ကြိမ်လိမ်းပါ။

၆။ အစားအသောက် မှန်ကန်စွာစားပါ
မှန်ကန်တဲ့ အစားအစာကို စားပေးတာက ရင်သားတွဲကျတာကို တားဆီးနိုင်ပါတယ်။ အရေပြားကို အာဟာရဖြစ်စေတဲ့ ပရိုတင်းတွေနဲ့ ကွန်းပလက်ကာဗိုဟိုက်ဒရိတ်တွေ ကြွယ်ဝသော အစားအသောက်ကို စားပါ။ နို့ချိုတိုက်ကျွေးနေတဲ့ မေမေတွေဟာ ရင်သားတွေလျော့ရိလျော့ရဲမဖြစ်အောင် သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစားသုံးသင့်ပါတယ်။ ပြည့်ဝဆီနည်းတဲ့အဆီတွေက အသားအရေကို ကျစ်လစ်စေဖို့ ကူညီနိုင်ပါတယ်။

ကလေးတစ်ဖက်နဲ့ ဒီအရာအားလုံးကို လုပ်ဖို့မလွယ်ပေမယ့် အစကတည်းက နည်းနည်းချင်းကြိုးစားအားထုတ်သွားရင် ရေရှည်အတွက် မေမေတို့ရဲ့ အလှအပကို ပြန်လည်ထိန်းသိမ်းနိုင်ပါလိမ့်မယ်။
Chit_MayMay
LM_Nandar
Source-momjunction
Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။