ရင်ခွင်ပိုက်အရွယ် ကလေးငယ်တွေအားလုံးဟာ အင်မတန်နူးညံ့ပြီး နုနယ်လှတဲ့ အသားအရေလေးတွေနဲ့ မွေးဖွားလာကြတာဖြစ်ပါတယ်။ ဒါကြောင့် သားဦးမိခင်၊ ဖခင်တွေအနေနဲ့ ကိုယ့်ကလေးရဲ့အသားအရေ ပျက်စီးသွားမလားဆိုပြီး အမြဲစိုးရိမ်ပူပန်နေရတာက အံ့ဩစရာကိစ္စမဟုတ်တော့ပါဘူး။ ဒီလိုမျိုးအထိမခံတဲ့အသားအရေလေးကို သေချာဂရုစိုက်မှုမရှိဘူးဆိုရင်တော့ ကလေးငယ်တွေဆီမှာ မိတ်၊ အင်ပျဥ်တို့လို အဖုအပိမ့်၊ အနီကွက်တွေ၊ ဓာတ်မတည့်မှုတွေက သေချာသလောက်ကို ဖြစ်ပေါ်လာပါလိမ့်မယ်။
ဒါကြောင့် အတတ်နိုင်ဆုံး ကလေးငယ်ရဲ့အသားအရေကို ဂရုစိုက်ရမှာဖြစ်ပြီး ဓာတုပစ္စည်းတွေမပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို သေချာရွေးချယ်အသုံးသင့်တာပေါ့။
၁။ ရေချိုးခြင်း

မိဘတွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့ကလေးကို နေ့တိုင်းရေချိုးပေးချင်ကြပါတယ်။ ဒီလိုချိုးပေးတဲ့အခါမှာလည်း ဓာတ်မတည့်မှုတွေမဖြစ်စေမယ့် ခေါင်းလျှော်ရည်၊ ဆပ်ပြာတို့ကို အသုံးပြုပေးရပါမယ်။ ရေကိုလည်း ကြက်သီးနွေးထရုံ အပူချိန်လောက်သာထားပြီး နူးညံ့တဲ့ဆပ်ပြာနဲ့ပွတ်တိုက်ပေးပါ။ ကလေးကိုခြောက်အောင်သုတ်ပေးတဲ့အခါမှာလည်း အအေးမိတာမျိုးမဖြစ်စေဖို့အတွက် အခန်းတွင်းက လေအေးစက်၊ ပန်ကာ စသဖြင့်ကို ပိတ်ထားပေးပါ။
၂။ ပေါင်ဒါလူးပေးခြင်း

ဓာတုပစ္စည်းတွေပါဝင်မှုမရှိဘဲ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ပေါင်ဒါတွေကို အထူးရွေးချယ်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။ ပြောင်းဆန်တို့ပါဝင်တဲ့ ပေါင်ဒါတွေကိုရှောင်ကြဥ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပြုလုပ်ထားတဲ့ ပေါင်ဒါတွေကိုအသုံးပြုပါ။ နောက်တစ်ချက်ကတော့ ဒိုက်ပါနေရာတစ်ဝိုက်ကို ပေါင်ဒါမလူးပေးတာ အကောင်းဆုံးပါပဲ။
၃။ ဒိုက်ပါဝတ်ပေးခြင်း

တချို့ဒိုက်ပါတွေက ကလေးရဲ့အသားအရေကို ယားယံစေကာ နီရန်းမှုတွေ ကူးစက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးက ဒိုက်ပါဝတ်ထားချိန်မှာ အပေါ့ သို့မဟုတ် အလေးသွားထားတာကို သိပြီဆိုတာနဲ့ ချက်ချင်းအသစ်လဲပေးပါ။ မဟုတ်ပါက ရောဂါပိုးတွေဝင်သွားနိုင်ပါတယ်။
၄။ ခြောက်သွေ့တဲ့အသားအရေ

ကိုယ့်ကလေးက ခြောက်သွေ့တဲ့အသားအရေရှိတယ်ဆိုပါက အစိုဓာတ်ဖြည့်တင်းနိုင်ဖို့၊ နူးညံ့စေဖို့အတွက် သဘာဝ Moisturizer ကို အသုံးပြုပေးပါ။
• ကလေးကို မကြာခဏရေချိုးပေးခြင်းက အသားအရေမှ အရေးကြီးတဲ့အာဟာရဓာတ်တွေကို လှည်းထုတ်လိုက်သလိုဖြစ်စေပြီး ခြောက်သွေ့သွားစေနိုင်လို့ အထူးရှောင်ကြဥ်ပါ။
• ကလေးပထမလမှာ တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်လောက် ရိုးရိုးရေနဲ့ သာသာယာယာပွတ်တိုက်ပေးခြင်းက သဘာဝအစိုဓာတ်ဆုံးရှုံးသွားခြင်းမှ ကာကွယ်နိုင်သလို သန့်သန့်ရှင်းရှင်းလည်းရှိစေပါတယ်။
၅။ အသားအရေထိန်းသိမ်းမှုနည်းလမ်းများ

• ကလေးတွေ ၆ လမပြည့်မချင်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမျိုးမရှိအောင် ရှောင်ရှားပါ။ နူးညံ့တဲ့ကလေးရဲ့အသားအရေ ထိခိုက်မှုမရှိစေဖို့အတွက် လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်တို့ဝတ်ထားပေးပါ။
• ကလေးဝတ်မယ့် အဝတ်အစားတွေက သန့်သန့်ရှင်းရှင်းဖြစ်အောင် သေချာလျှော်ဖွပ်ပါ။ အဝတ်အစားအသစ်တွေဝယ်လာရင်လည်း ချက်ချင်းဝတ်မပေးဘဲ အရင်လျှော်ပြီးမှဝတ်ပေးပါ။
• ဓာတုပစ္စည်းတွေပါတဲ့ ဆပ်ပြာမှုန့်၊ ကိုယ်လိမ်းပေါင်ဒါတွေက အသားအရေယားယံတာ၊ နီမြန်းတာတွေဖြစ်စေနိုင်လို့ သဘာဝပစ္စည်းတွေကို အတတ်နိုင်ဆုံးရှာဝယ်ပြီး အသုံးပြုပေးပါ။
#Chit_May_May
#Thinzar
Ref- momjunction