နှစ်အနည်းငယ်ကြာလာတဲ့အခါ ကိုယ့်အတတ်နှင့် ကိုယ်စူးသလို ကြုံလာရနိုင်တဲ့ မိဘအုပ်ထိန်းမှုအမှား (၆)ခု

0
11281
- Advertisement -

မိဘအုပ်ထိန်းခြင်းက ဘယ်နည်းနဲ့မဆို လွယ်ကူတဲ့ တာဝန်တရပ် မဟုတ်ပါဘူး။ လေ့လာမှုတစ်ခုအရ အလွန်အမင်း ကာကွယ်ခြင်းကဲ့သို့သော မိဘအုပ်ထိန်းမှုအမှားတွေက နောက်ပိုင်းမှာ ကလေးရဲ့ အပြုအမှုကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အချို့သော အမှားတွေက များသောအားဖြင့် ဘဝရဲ့နောက်ပိုင်းကို ပဲ့တင်ရိုက်ခက်ပါလိမ့်မယ်။ မိဘတိုင်းကတော့ ကိုယ့်ကလေးတွေကို အရာရာ အကောင်းဆုံးဖြစ်စေချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ကံမကောင်းတာက နောက်ပိုင်းမှာ မကောင်းတဲ့အကျိုးဆက်တွေကို ဖြစ်စေနိုင်တဲ့ အရာတစ်ချို့ရှိပါတယ်။ သူတို့ထဲက တစ်ချို့အရာတွေဟာ အရမ်းသိမ်မွေ့တာကြောင့် မိဘတိုင်းသိထားသင့်တယ် ထင်ပါတယ်။

၁။ ကလေးကို အမြဲတမ်း comfort zone မှာထားခြင်း

မိဘတိုင်းက ကိုယ့်ကလေးတွေကို သာယာဖြောင့်ဖြူးတဲ့ဘဝလေး ဖြစ်စေချင်ကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ကလေးက self-sufficient (ကိုယ့်လိုအပ်ချက်ကို ကိုယ့်ဘာသာဖြည့်စွမ်းနိုင်ခြင်း) မရှိတဲ့ အခြေအနေမျိုးဆိုရင်တောင် မိဘတွေအနေနဲ့ ကလေးကို safe ဖြစ်စေဖို့ မကြာခဏ ဆုံးဖြတ်ချက်ချပါလိမ့်မယ်။ သင့်ကလေးဟာ သက်သောင့်သက်သာ အခြေအနေမျိုးမှာ အမြဲနေရလေ့ရှိခြင်းကြောင့် သေချာစွာ ဆုံးဖြတ်ချက်ချဖို့ (သို့) စွန့်စားမှုတွေပြုလုပ်ဖို့ ကြောက်ရွံ့သော အရွယ်ရောက်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒီအရာက နောက်ပိုင်းမှာ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအတွက် အရေးပါလာနိုင်ပါတယ်။

- Advertisement -

၂။ သင့်ရဲ့စကား၊ ကတိတွေ မတည်ခြင်း

လေ့လာမှုတစ်ခုအရ ကလေးငယ်တွေဟာ ကတိတည်သင့်တယ်လို့ ခံစားတတ်ကြပါတယ်။ သူတို့က အခြားသူတွေလည်း ကတိတည်လိမ့်မယ်လို့ မျှော်လင့်ထားတတ်ကြပါတယ်။ သို့သော် မိဘတွေအနေနဲ့ ကလေးအား ကိုယ့်ကတိကိုယ် မတည်နိုင်ဘဲ ပေးလိုက်ရတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါက ကလေးကို မိခင်(သို့) ဖခင်ဟာ ရှေ့နောက်စကားမညီသော၊ မေ့လျော့တတ်သောသူလို့ ထင်မြင်လာစေပါတယ်။

ဒါက ယုံကြည်မှုဆိုင်ရာ ပြဿနာတွေရှိသော၊ ရေရှည်အကျိုးကျေးဇူးတွေကို စောင့်ဆိုင်းမယ့်အစား တဒင်္ဂပျော်ရွှင်မှုကို အာရုံစိုက်လိုသော လူကြီးတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။

၃။ သိချင်စိတ်ကို အားမပေးခြင်း

ကလေးတွေဟာ သင်ယူလိုစိတ်ပြင်းပြကြပါတယ်။ ကလေးတစ်ယောက်အတွက် ကမ္ဘာကြီးဟာ စူးစမ်းရှာဖွေဖို့ နေရာတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့သဘာဝကိုက မေးခွန်းများစွာ မေးပါလိမ့်မယ်။ ပထမဆုံးမေးမြန်းခံရမယ့်သူ့တွေက မိဘတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒါ့ပေမယ့် ” ဘာ့ကြောင့်မိုးရွာတာလဲ” လို့ကလေးက မေးလာရင် တခြားမှာ အာရုံရောက်နေတဲ့ မိဘတစ်ယောက်အတွက် “ရွာချင်လို့ ရွာတာပေါ့ကွာ”လို့ ဖြေမိပါလိမ့်မယ်။ ဒီလိုအဖြေမျိုးက ကလေးတစ်ယောက်ရဲ့ သိလိုစိတ်ကို ဖြတ်တောက်ပစ်လိုက်သလို ဖြစ်စေပြီး critical thinking ကို လိုက်စားခြင်းကနေ တားဆီးနိုင်ပါတယ်။ နောက်ပိုင်းကျရင် ကလေးဟာ သိပ္ပံကို စိတ်မဝင်စားတဲ့၊ ဘယ်လိုလည်ပတ်လည်းဆိုတာ နားမလည်တဲ့ အရွယ်ရောက်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

၄။ သူတို့ကို မတောင်းပန်ခြင်း

မိဘတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုး ကလေးကို ရိုက်မိတာမျိုး၊ ရိုးရှင်းတဲ့အခြေအနေတစ်ခုမှာ အလွန်အမင်းတုံ့ပြန်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုကိစ္စတွေမှာ စိတ်အေးအေးထားဖို့နဲ့ စိတ်ရင်းမှန်ဖြင့် တောင်းပန်ဖို့ အရေးကြီးပါတယ်။ ကလေးအား သင်ဘာ့ကြောင့် မှားခဲ့သလဲဆိုတာ ရှင်းပြပါ။ သူတို့ရဲ့ စိတ်ခံစားမှုကို အသိအမှတ်ပြုပြီး “ဆောရီး” ပါလို့ပြောခြင်းအားဖြင့် စံနမူနာကောင်းဖြစ်ပေးပါ။

ကိုယ့်အမှားမှန်း ကိုယ်သိပေမယ့် “ကလေးပဲ မတောင်းပန်လို့ ဘာမှမဖြစ်ပါဘူး”လို့တွေးရင် အခြားသူတွေရဲ့ ခံစားချက်ကို ဂရုမစိုက်တဲ့သူ ၊ အမှားကို ဝန်မခံရဲသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါက ကလေးအား သူတစ်ပါးရဲ့ ခံစားချက်တွေကို လျစ်လျူရှုပြီး အဓိပ္ပာယ်ရှိသော ပေါင်းသင်းဆက်ဆံရေးကို ပြန်ထူထောင်ဖို့ ဂရုမစိုက်တဲ့ အရွယ်ရောက်သူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။

၅။ ကလေးရဲ့ စိတ်ခံစားချက်ကို ဖိနှိပ်ခြင်း

မိဘတွေအနေနဲ့ “မင်းက ယောကျ်ားလေးပဲ၊ ငိုစရာလား”၊ “မူရာမာယာ လုပ်မနေနဲ့”စတဲ့ စကားလုံးတွေ ပြောခြင်းဖြင့် ကလေးရဲ့စိတ်ခံစားမှုကို လျှော့ချတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
နောက်ပြီးတော့ ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အပြစ်ဖော်ဆုံးမခြင်းက မှတ်ဉာဏ်ကဲ့သို့သော သိမှုဆိုင်ရာလုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာသော လူကြီးတစ်ယောက်အဖြစ် ပျိုးထောင်ဖို့ စိတ်ခံစားမှုတွေကို အမြဲတမ်း ချုပ်တည်းခိုင်းမယ့်အစား သူတို့ရဲ့ခံစားချက်တွေကို နားလည်ပေးပါ။

၆။ သူတို့ရဲ့ အကြံအစည်ကို လက်မခံခြင်း

မိဘအချို့က “ငါ့က မိဘပဲ၊ ငါပြောသလိုလုပ်” ဆိုတဲ့စကားနဲ့ ကလေးရဲ့ထင်မြင်ချက်တွေကို အသိအမှတ်မပြုတတ်ကြပါဘူး။ မိဘတွေအနေနဲ့ ကလေးတွေကို သူတို့ရဲ့ထင်မြင်ချက်တွေထုတ်ဖော်ပြောဆိုဖို့ ပြောခြင်းက သူတို့ကိုယ်သူတို့ ဆုံးဖြတ်ပိုင်ခွင့်အာဏာနှင့် တာဝန်ရှိတယ်လို့ ခံစားရစေဖို့ နည်းလမ်းဖြစ်ကြောင်း သတိရသင့်ပါတယ်။ ဒီအရာကို လျစ်လျူရှုခြင်းက ကိုယ့်ကိုယ်ကို မဖော်ပြရဲသော၊ ထည့်တွက်ဖို့ အရေးမကြီးတဲ့ သူတစ်ယောက်လို ခံစားရသော လူကြီးတွေ ဖြစ်လာစေနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here