ပန်းနာရင်ကျပ်ရောဂါဆိုတာက သားသားမီးမီးတို့ကို အဓိကခြိမ်းခြောက်နေတဲ့ရောဂါတစ်ခုလို့ဆိုရရင် မမှားပါဘူး။ ဒီလိုမျိုးဝေဒနာကိုခံစားနေရတဲ့ သားသားမီးမီးတို့ကို မြင်ရတွေ့ရတာကလည်း ဖေဖေမေမေတို့အားလုံးအတွက် ဝမ်းနည်းစရာပါ။ ဒါပေမယ့် ဒီအခြေအနေပေါ်မှာ ကောင်းကောင်းကိုင်တွယ်နိုင်ဖို့လိုအပ်ပြီး ပန်းနာရင်ကျပ်ဝေဒနာခံစားနေရတဲ့ သားသားမီးမီးတို့ကို ဘယ်လိုမျိုးပြုစုစောင့်ရှောက်ပေးရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ရောဂါဇာစ်မြစ်ကိုသိပါ။
သားသားမီးမီးတို့ ပန်းနာရင်ကျပ်ဝေဒနာကို ခံစားလာရပြီဆိုရင် ကုသရုံနဲ့တင်မပြီးဘဲ ရောဂါဖြစ်ပွားစေနိုင်တဲ့ ဇာစ်မြစ်ကိုလည်း ဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ အိမ်မှာ ဆေးလိပ်သောက်တတ်တဲ့သူရှိလား၊ ဒါမှမဟုတ် အိမ်ပတ်ဝန်းကျင်က ဖုန်တွေ၊ မီးခိုးတွေနဲ့ ပြည့်နှက်နေကျလား ဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန်ရှိလားဆိုတာကို သုံးသပ်ရမှာပါ။ ရာသီဥတုအပြောင်းအလဲကလည်း သားသားမီးမီးတို့ရဲ့ ပန်းနာရင်ကျပ်ရောဂါကို ဆိုးရွားစေပြီး အဲ့ဒီအပေါ်မှာလည်း မေမေတို့က ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်။

၂။ သားသားမီးမီးတို့ ဆော့ကစားတာကို မပိတ်ပင်ပါနဲ့။
ပန်းနာရင်ကျပ်ရှိလို့ဆိုပြီး သားသားမီးမီးတို့ ကိုယ်လက်လှုပ်ရှားဆော့ကစားတာကို တားမြစ်ပိတ်ပင်တာမျိုး မလုပ်သင့်ပါဘူး။ သူတို့လေးတွေ ဆော့ကစားရင်း မတော်တဆဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကိုပဲ သေချာစောင့်ကြည့်ပြီး ပြုစုစောင့်ရှောက်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

၃။ ကြိုတင်ပြင်ဆင်ထားပါ။
မေမေတို့ရဲ့ သားသားမီးမီးလေးရှိတဲ့နေရာတွေမှာပဲ ပန်းနာရင်ကျပ်ရောဂါအတွက် အထောက်အကူဖြစ်စေမယ့် ဆေးဝါးတွေကို လွယ်လင့်တကူထားရှိရပါမယ်။ ဒါကအိမ်မှာတင်မဟုတ်ပါဘူး။ သားသားမီးမီးတို့က မူကြိုသွားတဲ့အရွယ်ဆို မူကြိုကျောင်းမှာ၊ ကျောင်းသွားတဲ့အရွယ်ဆို ကျောင်းတွေမှာ သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေနဲ့အတူ ပူးပေါင်းပြီး လိုအပ်တဲ့အခြေခံဆေးဝါးတွေ၊ အရေးပေါ်ကုသမှုတွေပြုလုပ်နိုင်ဖို့ ပြင်ဆင်ထားပါ။

၄။ ဆေးတိုက်ဖို့ အချိန်မဆွဲပါနဲ့။
ပန်းနာရင်ကျပ်ရောဂါရှိတဲ့ သားသားမီးမီးတို့ ချောင်းဆိုးတာမျိုးအစပြုလာပြီဆိုတာနဲ့ ချက်ချင်းဆေးတိုက်ပါ။ ချက်ချင်းဆေးမတိုက်ဘဲ အချိန်ဆွဲရင်းကနေ တဖြည်းဖြည်းနဲ့ရောဂါပိုဆိုးလာရင်တော့ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပွားလာနိုင်တာကြောင့် ဘေးကင်းတဲ့နည်းလမ်းကို ကြိုတင်ရွေးချယ်ထားရပါမယ်။ ပန်းနာရင်ကျပ်ရောဂါခံစားနေရတဲ့ သားသားမီးမီးတို့ရဲ့ အခြေအနေက ရေရှည်ရင်ဆိုင်ရမှာဖြစ်တာကြောင့် အအေးမိ၊ ချောင်းဆိုးတာမျိုးဖြစ်လာပြီဆိုတာနဲ့ စောစောစီးစီး ဆေးကြိုတိုက်ထားဖို့ တိုက်တွန်းလိုက်ပါရစေ။

၅။ ရောဂါထိန်းချုပ်ဖို့ ပုံမှန်ဆေးတိုက်ပါ။
ရောဂါထိန်းချုပ်နိုင်ဖို့အတွက် ပုံမှန်တိုက်ပေးရတဲ့ဆေးဝါးတွေကို ပုံမှန်စနစ်တကျ တိုက်ကျွေးသင့်ပြီး ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေကို မပြသသည့်တိုင် ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ဆေးကိုပုံမှန်တိုက်ပေးပါ။ တကယ်လို့ ဆရာဝန်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဆေးတိုက်တာကို ရပ်လိုက်မယ်ဆိုရင်တော့ သားသားမီးမီးတို့ကို ဒုက္ခပေးသလိုပဲဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့အဆိုအရ ပန်းနာရင်ကျပ်ရောဂါကို စနစ်တကျ ကိုင်တွယ်ကုသမယ်ဆိုရင် စိုးရိမ်စရာသိပ်မရှိဘဲ သားသားမီးမီးတို့အနေနဲ့ တခြားကလေးတွေနည်းတူ ဆော့ကစားနိုင်တယ်၊ ညဘက်မှာကောင်းကောင်းအိပ်ပျော်နိုင်တယ်၊ ကျောင်းလည်းပုံမှန်သွားနိုင်ပြီး ဆေးရုံဆေးခန်းတွေကို မကြာခဏပြေးစရာမလိုဘူးဆိုတဲ့အကြောင်း မေမေတို့အတွက် သတင်းစကားပါးလိုက်ပါတယ်နော်။

#HM
#ChitMayMay