ပိုပြီးတာဝန်ယူမှုရှိတဲ့ ဆယ်ကျော်သက်လေးတွေ ဖြစ်လာစေဖို့ အသုံးဝင်မယ့် အချက် (၈)ချက်

0
89
- Advertisement -

သင်ဟာ ကိုယ့်ရဲ့ဆယ်ကျော်သက်သားသမီးတွေကို မျှော်လင့်ခြင်းမရှိဘဲ ချစ်မြတ်နိုးမှာ သေချာပါတယ်။ သူ့အတွက် သင်လိုချင်သမျှ အားလုံးက ပျော်ရွှင်ဖို့ပါပဲ။ သို့သော် သင်ဟာ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အဓိကတာဝန်ကိုပဲ အာရုံစိုက်နေမိသလား။ သတိရပါ။ ဒီနေ့ရဲ့ကလေးက မနက်ဖြန်လူကြီး ဖြစ်လာပါလိမ့်မယ်။ တာဝန်ယူတတ်သော လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာလိမ့်မယ့် ဆယ်ကျော်သက်တစ်ယောက်ကို ပျိုးထောင်လိုပါသလား?

ဒီနေ့ခေတ်မှာရှိတဲ့ ဆယ်ကျော်သက်လူငယ်အများစုက မိဘအရိပ်အောက်မှာ မပူပင်ရပဲ ဘဝကို ပျော်ပျော်နေတတ်ကြပါတယ်။ သူတို့မှာ ဘာတာဝန်မှမရှိဘဲ ကြီးပြင်းလာကြပါတယ်။ ဒါ့ကြောင့် မိဘတွေဟာ သူတို့ရဲ့ဆယ်ကျော်သက်လေးတွေမှာ ‘ရည်မှန်းချက်မရှိဘူး’၊ ‘အမူအကျင့်မကောင်းဘူး’လို့ အသံထွက်လာကြတာဖြစ်ပါတယ်။ သို့သော် ‘သားသမီးမကောင်း၊ မိဘခေါင်း’ဆိုသလိုပါပဲ။ အပြစ်တင်မှုတွေက မိဘအုပ်ထိန်းမှုမကောင်းခြင်းပေါ်မှာသာ တိုက်ရိုက်ကျပါတယ်။ တကယ်လို့ သင်ဟာ ထပ်တူအမှားမျိုး မလုပ်ချင်ပါက ဆယ်ကျော်သက်တွေကို စတင်သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်။ ဒါက ဆယ်ကျော်သက်တစ်ယောက်ကို နာခံစေဖို့ စစ်ပွဲဖြစ်ပေမယ့် တိုက်ရကျိုးနပ်မယ့် စစ်ပွဲတစ်ခု ဖြစ်ပါတယ်။

သင့်ရဲ့ ဆယ်ကျော်သက်လေးကို တာဝန်သိတတ်သောသူဖြစ်စေဖို့ ဘယ်လိုလုပ်မလဲ?

မေမေတို့ရဲ့ဆယ်ကျော်သက်ကလေးဟာ အရွယ်ရောက်သူလို ပြုမှုမယ်လို့ မျှော်လင့်နိုင်ပါတယ်။ သို့သော် သူမဟာ ကြီးပြင်းလာနေဆဲဆိုတာ သတိရပါ။ သူမရဲ့ခန္ဓာကိုယ်မှ ဖြတ်သန်းသွားတဲ့ဟော်မုန်း အတတ်အကျဟာ ကြီးပြင်းမှုကိုသာမက သူမရဲ့ လူမှုရေးအပြုအမှုကိုပါ သက်ရောက်စေပါတယ်။ သူမ ဖွင့်မပြောပေမယ့်လည်း မိဘရဲ့လမ်းညွှန်မှုကို အခြားအရာအားလုံးထက် ပိုလိုအပ်နေတဲ့ အချိန်ဖြစ်ပါတယ်။

အခုအချိန်က သူမရဲ့အပြုအမှုကို ပုံသွင်းဖို့ အကောင်းဆုံးအချိန်ပါ။ ဒါပေမယ့် သိမ်မွေ့ရပါမယ်။ မေမေတို့ကလေးကို တာဝန်သိတတ်သော ဆယ်ကျော်သက်လေးတစ်ယောက် ဖြစ်လာအောင်-

၁။ မျှော်လင့်ချက်တွေထားပါ

ဟုတ်ပါတယ်၊ သင်ဟာ သင့်ကလေးကို မျှော်လင့်ခြင်းတွေမရှိဘဲ ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် ယခုက တစ်ချို့ကို ပြင်ဆင်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။ သင့်ရဲ့ဆယ်ကျော်သက်လေးက သူမကို ဘာတွေ မျှော်လင့်ထားတယ်ဆိုတာ သိရင် သူမဟာ အဲဒီဘက်ကို အာရုံစိုက်ပါလိမ့်မယ်။ ဒါက တာဝန်ယူမှုသင်ယူခြင်းကို ဦးတည်တဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ သို့သော် မျှော်လင့်ချက်တွေက အကျိုးသင့် အကြောင်းသင့်ရှိကြောင်း သေချာပါစေ။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေက သင့်ဆယ်ကျော်သက်ကလေးနဲ့ သင့်အတွက် စိတ်ပျက်စေနိုင်ပါတယ်။

၂။ အိမ်မှုကိစ္စစာရင်းလုပ်ပါ

သင့်ရဲ့ဆယ်ကျော်သက်ကလေးဟာ ပို့ချချက်တွေထက် ပိုမုန်းတဲ့အရာတစ်ခုရှိပါက အိမ်မှုကိစ္စတွေ ဖြစ်နိုင်ပါတယ်။ သို့သော် အိမ်မှုကိစ္စတွေက တာဝန်သတ်မှတ်ဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ထို့ကြောင့် မေမေတို့ရဲ့ ဆယ်ကျော်သက်သူပုန်လေးကို အိမ်အလုပ်လုပ်စေဖို့ မျှော်လင့်ထားရင် အိမ်မှုကိစ္စတွေကို စာရင်းပြုလုပ်ထားပါ။ စာရင်းကို မိသားစုတစ်ခုအနေဖြင့် ဆွေးနွေးပြီး ထင်ရှားတဲ့ တစ်နေနေရာမှာ ကပ်ထားပါ။

သတိပေးပါ။ ဒါကလွယ်မှာ မဟုတ်ပါဘူး။ အိမ်မှုကိစ္စတွေက ဆယ်ကျော်သက်တွေအတွက် ပျော်စရာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ကြီးပြင်းလာတာနဲ့အမျှ အိမ်မှုကိစ္စတွေက သူတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ ဒီတော့ ဒီသင်တန်းကို ဒီနေ့ပဲစပါ။ ပြီးတော့ အကျိုးဆက်တွေ ရှိပါစေ။ သင့်ဆယ်ကျော်သက်ကလေးက သူမအား ပေးအပ်ထားတဲ့ အိမ်မှုကိစ္စတွေကို လုပ်ဆောင်ဖို့ ပျက်ကွက်ပါက အထူးအခွင့်အရေးကို ရုတ်သိမ်းပါ။ ဒါက သူတို့ကို တာဝန်ယူတတ်တဲ့ ဆယ်ကျော်သက်တစ်ယောက် ဘယ်လိုဖြစ်ရမယ်ဆိုတာကို သင်ပေးပါလိမ့်မယ်။

၃။ ရွေးချယ်ခွင့်ပြုပါ

ဘဝဟာ ရွေးချယ်မှုနှင့် ပတ်သတ်ပါတယ်။ ဒါ့ကြောင့် အိမ်သူအိမ်သားတွေရဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခိုင်းပါ။ အိမ်သုံးပစ္စည်းအသစ်တစ်ခုဝယ်ဖို့ စီစဉ်နေသလား? ဒါမှမဟုတ် အားလပ်ရက်အတွက် အစီအစဉ်ဆွဲနေသလား? မေမေတို့ဆယ်ကျော်သက်လေးရဲ့ အမြင်ကို မေးကြည့်ပါ။ ဒါက သူမကို တာဝန်အသိ ပေးပါလိမ့်မယ်။ ဒီတစ်ပတ် ဘာချက်စားကြမယ်၊ ပိတ်ရက်မှာ ဘယ်နေရာကို သန့်ရှင်းရေးလုပ်မယ်ဆိုတာမျိုး ဆုံးဖြတ်နိုင်တဲ့ မိသားစုအဖြစ် အပတ်စဉ် မိသားစုအစည်းအဝေးကိုလည်း စီစဉ်နိုင်ပါတယ်။

၄။ သူမကိုယုံကြည်ပါ

ဒါကလွယ်တော့ မလွယ်ပေမယ့် မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ဖို့ မေမေတို့ ဆယ်ကျော်သက်လေးကို ယုံကြည်ဖို့ သင်ယူပါ။ တကယ်လို့ သင်အပြင်သွားနေတုန်း ငါးနှစ်အရွယ်ကလေးကို သူထိန်းထားမယ်လို့ပြောရင် သူ့ကိုခွင့်ပြုပါ။ သင့်ရဲ့ယုံကြည်မှုက သူမကို တာဝန်ပိုယူဖို့ လိုအပ်တဲ့ မက်လုံးတစ်ခုသာဖြစ်ပါတယ်။

၅။ ဆုချပါ

လာဘ်ပေးလာဘ်ယူမှုအကြောင်း ပြောနေတာမဟုတ်ပါဘူး။ သို့သော် သင့်ဆယ်ကျော်သက်ကလေးဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် သူမဟာ အပေးအယူလုပ်ခြင်းရဲ့ အစိတ်အပိုင်းနှင့်အညီ နေထိုင်မယ်ဆိုရင် သူမကို ဆုချပါ ။ ဆုချတယ်ဆိုတဲ့နေရာမှာ သူမအား ကျေးဇူးတင်တဲ့ စကားအနည်းငယ်ပြောတာမျိုး၊ ကျောကုန်းလေးကို ပုတ်ပေးတာမျိုး၊ စာအုပ်တစ်အုပ်ဝယ်ပေးတာမျိုး၊ ခရီးတစ်ခု (သို့) သူကြိုက်တဲ့ ရုပ်ရှင်ကြည့်ဖို့ ခွင့်ပြုတာမျိုးက သူမရဲ့အားထုတ်မှုကို သင်သတိပြုမိကြောင်း ပြသတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

၆။ စေတနာ့ဝန်ထမ်းလုပ်ခွင့်ပြုပါ

ဒီနည်းလမ်းက ‘ကမ္ဘာကြီးဟာ သူမကို ဗဟိုမပြုဘူးဆိုတာ’ မေမေတို့ရဲ့ဆယ်ကျော်သက်လေး နားလည်စေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီလိုကိစ္စတွေမှာ ပါဝင်ပတ်သတ်တဲ့အခါ သူမရဲ့ အခွင့်ထူးနှင့် တာဝန်ယူမှုကို သဘောပေါက်နားလည်လာပါလိမ့်မယ်။ ဒါ့အပြင် အခြားသူတွေနဲ့ အလုပ်လုပ်ရတဲ့အခါ တစ်ခါတစ်ရံ ခေါင်းဆောင်မှုနေရာမှာ သူမရဲ့တာဝန်တွေကို အလေးအနက်ထားဖို့ နားလည်ပါလိမ့်မယ်။

၇။ သူမချမှတ်ထားတဲ့ ပန်းတိုင်တွေကို ကူညီပါ

သူမရဲ့အိမ်မက်နဲ့ ရေရှည်အစီအစဉ်တွေကြောင်း မေးမြန်းပါ၊ တကယ်လို့ သူမမှာ ရည်မှန်းချက်ရှိတယ်ဆိုရင် ခြေလှမ်းသေးသေးလေးတွေကနေ လှမ်းနိုင်အောင် ကူညီပါ။ ဥပမာ- သူမက ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီဇိုင်းစာအုပ်တွေ ဝယ်ပေးတာမျိုး၊ ပန်းချီသင်တန်းတတ်ခိုင်းတာမျိုးဖြင့် သူမရဲ့ ပန်းတိုင်ကို ကူညီပေးပါ။ သူမရဲ့အိမ်မက်က သူမရဲ့တာဝန်ဖြစ်ကြောင်း အသိပေးပါ။

၈။ သူမရဲ့ပုဂ္ဂိုလ်ရေးကို လေးစားပါ

သူမရဲ့ဘဝမှာ သင်ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ သင့်ဆယ်ကျော်သက်လေးဟာ သူမရဲ့ဘဝမှာ ကောင်းတာရော၊ ဆိုးတာတွေပါ ပါဝင်မယ်ဆိုတာကို သင်ယူဖို့ လိုအပ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ သူမရဲ့လုပ်နည်းလုပ်ဟန်တွေက ကွဲပြားနေရင်တောင် လက်ခံဖို့နှင့် လေးစားဖို့လိုပါတယ်။ တကယ်လို့ မိဘဆန္ဒနဲ့ ဆန့်ကျင်သော ရွေးချယ်မှုကို ပြုလုပ်ပါက လက်ခံပါ။ ဒါက အသက်မွေးဝမ်းကျောင်း ရွေးချယ်မှုကဲသို့သော ဘဝပြောင်းလဲမှု တစ်ခုခု ဖြစ်နိုင်သလို၊ သူမဝယ်ချင်တဲ့ ဂါဝန်လိုမျိုး သေးငယ်တဲ့ အရာတွေကိုလည််း ဆိုလိုနိုင်ပါတယ်။

ဒီအကြံပြုချက်လေးတွေကို မေမေတို့ လိုက်နာနေတယ်ဆိုရင် မေမေတို့ လုပ်နေတဲ့ မိဘအုပ်ထိန်းမှုက မှန်ကန်ပါတယ်။ မေမေတို့ ဆယ်ကျော်သက်လေးကို အကောင်းဆုံး သင်ပေးနိုင်တာက “မေမေတို့မရှိလည်းပဲ သူမဘဝကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ ဖြစ်ပါတယ်။”

Chit_MayMay

LM_Nandar

Source-momjunction

CHIT MAYMAY မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here