Home Parenting Child Care ပူတူတူးအရွယ်လေးတွေကို သန့်ရှင်းရေးလုပ်ပေးဖို့အတွက် မှန်ကန်တဲ့နည်းလမ်းများ

ပူတူတူးအရွယ်လေးတွေကို သန့်ရှင်းရေးလုပ်ပေးဖို့အတွက် မှန်ကန်တဲ့နည်းလမ်းများ

0
ပူတူတူးအရွယ်လေးတွေကို သန့်ရှင်းရေးလုပ်ပေးဖို့အတွက် မှန်ကန်တဲ့နည်းလမ်းများ

သားသားမီးမီးလေးတွေကို အာဟာရဓာတ်ပြည့်ဝအောင် ကျွေးမွေးရသလို တစ်ဖက်မှာလည်း သူတို့လေးတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် နည်းမှန်လမ်းမှန်နဲ့ သန့်ရှင်းရေးပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးပြုလုပ်ပေးတဲ့နေရာမှာ အချို့သော ချစ်မေမေတို့က မသိတာကြောင့်သော်လည်းကောင်း၊ သတိမထားမိတာကြောင့်သော်လည်းကောင်း သာမန်အရွယ်ရောက်ပြီးသား သားသားမီးမီးတွေကို သန့်ရှင်းရေးလုပ်သလိုမျိုးပဲ လုပ်မိတတ်ကြပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ သားသားမီးမီးပေါက်စလေးတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် မှန်ကန်တဲ့နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံးသူတို့လေးတွေကို အဝတ်အစားတွေချွတ်၊ အနှီးနဲ့ပတ်ပြီး အခင်းတစ်ခုခုပေါ် ဒါမှမဟုတ် ချစ်မေမေတို့ရဲ့ပေါင်ပေါ်ကို တင်ထားပါ။ ပြီးရင် နူးညံ့တဲ့ဝါဂွမ်းစလေးကို ရေနည်းနည်းလေးစွတ်ပြီး နှာခေါင်းအပြင်ဘက်ကနေ မျက်လုံးနားတစ်ဝိုက်ကို ညင်ညင်သာသာလေး ပွတ်ဆေးပေးပါ။ မျက်လုံးတစ်ဖက်ကို ဆေးပြီးသားဝါဂွမ်းစကို ပြန်မသုံးဘဲ လွှင့်ပစ်ပါ။ အဲ့ဒီနောက် ဝါဂွမ်းစအသစ်ကို ခုနအတိုင်း ရေလေးနည်းနည်းစွတ်ပြီး သန့်ရှင်းရေးလုပ်ဖို့ကျန်တဲ့ မျက်လုံးနားတစ်ဝိုက်ကို ခုနအတိုင်းပဲ သန့်ရှင်းရေးလုပ်ပေးပါ။ သားသားမီးမီးလေးတွေရဲ့ နားနှစ်ဖက်ကို သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း နားကလော်တံမသုံးဘဲ ခုနအတိုင်း နူးညံ့တဲ့ဝါဂွမ်းစလေးတွေကိုပဲ အသုံးပြုပေးသင့်ပါတယ်။

အဲ့ဒီနောက်မှာ သားသားမီးမီးတို့ရဲ့ မျက်နှာရဲ့ကျန်အစိတ်အပိုင်းတွေ၊ လည်ပင်းနဲ့လက်၊ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ နောက်ကျောတို့ကိုလည်း ဒီနည်းအတိုင်း ရေအနည်းငယ်ဆွတ်ထားတဲ့ဝါဂွမ်းစလေးနဲ့ ဆက်တိုက်ဆေးကြောပေးပါ။ ပြီးရင်တော့ ခြောက်သွေ့သွားအောင် နူးညံ့တဲ့ပဝါလေးနဲ့ ခပ်ဖွဖွလေးသုတ်ပေးပါ။ ခန္ဓာကိုယ်အောက်ပိုင်းအတွက်လည်း ဘောင်းဘီတွေ၊ Diaper တွေအားလုံးချွတ်ပြီးနောက်မှာ ဝါဂွမ်းစကို ရေခပ်နွေးနွေးလေးဆွတ်၊ ပြီးသွားရင်တော့ ဒီဝါဂွမ်းစလေးနဲ့ ပွတ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကို သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ အထူးသတိထားရမှာက ခန္ဓာကိုယ်ရဲ့ကြားတွေထဲကို သေချာလေး သန့်ရှင်းလုပ်ပေးသင့်ပြီး အဲ့ဒီနောက်မှာလည်း ခြောက်သွေ့အောင် သေချာပြုလုပ်ပေးရမှာပါ။

ဒီနည်းလမ်းလေးက ပူတူတူးလေးတွေကို သန့်ရှင်းရေးပြုလုပ်ပေးတဲ့အချိန်မှာ အင်မတန်မှ အသုံးဝင်ပြီး သန့်ရှင်းရေးလုပ်ပေးနေတဲ့အချိန်မှာလည်း ချစ်မေမေတို့က သူတို့လေးတွေကို စကားများများပြောပေးပါ။ သူတို့က ကိုယ့်အသံကို များများကြားလေ၊ ကိုယ်ပြောတဲ့စကားကို ပိုမိုနားလည်လေဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် အချို့သော သားသားမီးမီးလေးတွေက မွေးလာတည်းက လက်သည်းခြေသည်းအရှည်ကြီးနဲ့မွေးလာကြတာကြောင့် ချစ်မေမေတို့က ဒါတွေကို ညှပ်ပစ်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မတန်ရှည်လျားနေတဲ့ ခြေသည်းလက်သည်းတွေကြောင့် သူတို့ကိုယ်သူတို့ ပြန်ခြစ်မိပြီး အနာတရတွေဖြစ်နိုင်လို့ပါ။

ဒီလိုလက်သည်းညှပ်တဲ့နေရာမှာလည်း သားသားမီးမီးလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ လက်သည်းညှပ်လေးတွေကို ရှာဖွေဝယ်ယူနိုင်ပါတယ်။ အခုဖော်ပြပေးခဲ့တာကတော့ သားသားမီးမီးတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အခြေခံလိုအပ်ချက်လေးတွေပဲဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ ချစ်မေမေတို့ရဲ့ အဖိုးတန်ရတနာလေးတွေဖြစ်တဲ့ ပူတူးတူးလေးတို့ကို ဘယ်လိုမျိုးရေချိုးပေးရမလဲ၊ ရေချိုးပေးတဲ့အချိန်မှာ ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြပေးသွားပါဦးမယ်နော်။

#HM

#ChitMayMay

Source: nhs

LEAVE A REPLY

Please enter your comment!
Please enter your name here