ပျော်ရွှင်တဲ့ မိခင်တယောက်ဖြစ်လာဖို့အတွက် သိသင့်တဲ့အချက်များ

0
3104
- Advertisement -

မိခင်တယောက်ဖြစ်ရတဲ့ဘဝက မလွယ်ကူပါဘူး။ မိခင်တယောက်ရဲ့ဘဝမှာ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာ၊ ဝမ်းနည်းဒေါသထွက်ရတာတွေရှိသလို ပျော်ရွှင်တဲ့ခံစားချက်တွေကိုလည်းအပြည့်အဝခံစားတတ်ဖို့လိုပါတယ်။ အိမ်ထောင်တခုကို တည်ဆောက်ရာမှာ မိခင်ရဲ့ အခန်းကဏ္ဍတွေဟာ အလွန်အရေးကြီးပါတယ်။ လင့်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့၊ သားသမီးတွေကို ထိန်းကျောင်းဖို့၊ အိမ်မှုကိစ္စတွေကို စီမံခန့်ခွဲဖို့ အစရှိတာတွေနဲ့ မိခင်တယောက်ရဲ့ ဘဝဟာ စိတ်မောစရာတွေပြည့်လို့နေပါတယ်။ ဒါပေမယ့် မိခင်ဖြစ်ရတာဟာ ဒီလိုစိတ်မောစရာတွေနဲ့ဘဲ ပြည့်နေရမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် မိခင်တယောက်အနေနဲ့ ပျော်ရွှင်မှုကို ဘယ်လိုရှာလို့ ရနိုင်မလည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ယုံကြည်မှုထားပါ

မိခင်တယောက်ရဲ့ဘဝမှာ ယုံကြည်မှုထားရှိဖို့အရေးကြီးပါတယ်။ အကောင်းဆုံးကိုမျှော်လင့်ပြီး အရာရာကို အဆင်ပြေအောင်ပြုလုပ်နိုင်တယ်၊ စီမံခန့်ခွဲနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုးထားရှိဖို့လိုပါတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့လာခဲ့ရင်လည်း ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာနိုင်တယ်ဆိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချရမှုမျိုးထားရှိရပါမယ်။ အကောင်းမြင်တဲ့သဘောထားမျိုးမွေးမြူဖို့ကြိုးစားတာက ပျော်ရွှင်တဲ့မိခင်တယောက်ဖြစ်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။

- Advertisement -

မသိတာတွေကို မေးမြန်းသင်ယူပါ

ဘယ်လိုမိခင်မျိုးမဆို အရာရာအားလုံး မသိနိုင်ကြပါဘူး။ ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူတွေ ဒါမှမဟုတ် “ဝါ” ကြီးတဲ့သူတွေဆီကနေ တဆင့်ခံမေးမြန်းသင်ယူရတာကြီးပါဘဲ။ ကိုယ့်တယောက်ထဲ စမ်းတဝါးဝါးလုပ်ကိုင်နေတာမျိုးထက် သိထားတတ်ထားတဲ့ သူတွေဆီက မေးမြန်းစုံစမ်းပြီး ပြုလုပ်တာက ပိုပြီးအဆင်ပြေချောမွေ့နိုင်စေသလို စိတ်ပင်ပန်းမှုတွေကိုလည်း လျော့ချပေးပါလိမ့်မယ်။

အားလပ်ချိန်ယူပါ

အလုပ်အရမ်းပင်ပန်းနေတဲ့ မိခင်တဦးဟာ ပျော်ရွှင်မှုကို ခံစားလို့ရနိုင်မှာမဟုတ်ပါဘူး။ အချိန်တွေကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကိစ္စရပ်တွေပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့ လုံလောက်တဲ့ အိပ်စက်မှု၊ လုံလောက်တဲ့ အနားယူမှုမျိုးရှိဖို့လိုပါတယ်။ ဒါမှသာ ဖြတ်လတ်တက်ကြွတဲ့ မိခင်တဦးဖြစ်ပြီး မိခင်ဖြစ်ရတဲ့ဘဝကို ကျေနပ်နိုင်မှာဘဲဖြစ်ပါတယ်။

မိခင်နဲ့ ကလေးကို ခွဲခြားသိမြင်ဖို့ ကျင့်ကြံပါ

မိခင်တဦးဖြစ်သွားတာနဲ့ အရာရာကို သိရှိနားမလည်နိုင်ပါဘူး။ ဆုံးဖြတ်ချက်အမှားတွေကို လုပ်မိကောင်း လုပ်မိနိုင်ပါတယ်။ တကယ်အုပ်ထိန်းမှုကောင်းတဲ့ မိခင်တွေတောင်မှ အမှားနဲ့မကင်းနိုင်ပါဘူး။ ကိုယ့်ရဲ့သားသမီးတွေက ကိုယ့်အပေါ်မှီတွယ်လွန်းတာကြောင့် “ငါဟာ ငါ့ကလေးတွေအတွက်” စံပြဖြစ်ရမယ်ဆိုပြီး မိမိစိတ်ကို ထိန်းချုပ်လွန်းတာမျိုးက တကယ်တမ်းကြ မိခင်နဲ့ သားသမီးတွေအတွက်ပါ ကောင်းကျိုးမဖြစ်စေတဲ့အပြင် မကောင်းတဲ့ သက်ရောက်မှုများပါ ရရှိလာစေနိုင်ပါတယ်။ မိမိကိုယ်ကို ထိန်းချုပ်လွန်းရာမကျသလို သူတို့အတွက်လည်းဝန်မပိစေတဲ့ အုပ်ထိန်းမှုမျိုးနဲ့သာ အုပ်ချုပ်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

မိမိစိတ်ကူးထားတဲ့အတိုင်းသာ နေထိုင်ပါ

မိခင်တဦးအဖြစ် ကိုယ်ဝန်ရခါစကတည်းက အမျိုးမျိုးသောအကြံပြုချက်တွေ၊ လမ်းညွှန်မှုတွေ ကြားသိရပါလိမ့်မယ်။ တချို့သောအကြံပြုချက်တွေက တန်ဖိုးရှိပေမယ့် အချို့သောအကြံပြုချက်တွေက အသုံးမဝင်တာကို ခွဲခြားသိမြင်နိုင်ဖို့ လိုအပ်ပါတယ်။ အခြားသူများရဲ့ ထင်မြင်ယူဆချက်များကိုသာ မှီခိုအားကိုးပြီးနေပါက ပျော်ရွှင်တဲ့ မိခင်တဦးဖြစ်နိုင်ဖို့ မလွယ်ကူနိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်သာ ပိုင်ပါတယ်။ ကိုယ်ပိုင်တဲ့ဘဝကို ကိုယ့်ဘာသာ ရဲရဲဝံ့ဝံ့ထုဆစ်နိုင်ရပါမယ်။ ကိုယ့်ရဲ့ မိသားစုဘဝကောင်းမွန်နိုင်စေဖို့အတွက် တတ်နိုင်တာတွေအားလုံးလုပ်နေတာကို ယုံကြည်မှုရှိရပါမယ်။ အပျက်သဘောဆောင်ပြီး ခြေခြေမြစ်မြစ်မရှိတဲ့ ဝေဖန်မှုတွေကိုလည်း လျစ်လျူရှုရပါမယ်။ ဒါမှသာ ပျော်ရွှင်တဲ့ မိခင်တဦးဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး သာယာတဲ့မိသားစုဘဝကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here