ပြီးပြည့်စုံတဲ့မေမေတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက်များ

0
651
- Advertisement -

မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်ကိုခက်ခဲတဲ့ကိစ္စရပ်ပါ။ ကိုယ့်သားသမီးကိုချစ်နေရုံ၊ လိုအပ်တာတွေဖြည့်ဆည်းနိုင်ရုံနဲ့ ကိုယ်ကမိခင်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာကိုလည်း သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့သားသမီးအတွက် ပြီးပြည့်စုံတဲ့မေမေတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ မေမေတို့အတွက် အကြံပြုရေးသားလိုက်ပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။
ဒီအချက်ကတော့ တကူးတကပြောနေစရာမလိုအောင် အရေးကြီးတဲ့အချက်ပါပဲ။ ကိုယ့်ရင်သွေးလေးအတွက် အရေးပါဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမယ့်သူက ကိုယ့်ကိုယ်ကိုယ်မှဂရုမစိုက်နိုင်ဘူးဆိုရင်တော့ ပြီးပြည့်စုံတဲ့မေမေတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ နေထိုင်မကောင်းဖြစ်လာပြီဆိုရင်လည်း လိုအပ်တာထက်ပိုမိုမဆိုးရွားလာဖို့ သေချာစနစ်တကျဂရုစိုက်ဖို့ လိုအပ်ပြီး အဲ့ဒါမှလည်း ကိုယ့်ရင်သွေးလေးကို ကောင်းကောင်းပြုစုစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးပါ။
တစ်သားမွေး၊ တစ်သွေးလှဆိုတဲ့စကားရှိပေမယ့် ကလေးမွေးပြီးသွားရင်တော့ ခန္ဓာကိုယ်က အနည်းနဲ့အများ ယိုယွင်းတတ်ကြပါတယ်။ ဒါပေမယ့် ဒါကစိတ်ပျက်စရာကိစ္စမဟုတ်ဘဲ အခြားသောမိခင်တွေလည်း ကြုံတွေ့နေကျ ဖြစ်ရပ်ပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေက ရှက်စရာမဟုတ်ဘဲ ဒါတွေကို ယုံကြည်ချက်ရှိရှိနဲ့ ဖြတ်ကျော်နိုင်ဖို့ လိုအပ်ပါတယ်။

၃။ ဘဝတစ်လျှောက်လုံး မိခင်ဖြစ်တော့မယ်ဆိုတာကို သတိရပါ။
မေမေတို့အနေနဲ့ ရင်သွေးလေးရင်ခွင်ပိုက်အရွယ်ကနေ ကြီးပြင်းလာတဲ့အထိ ဖွံ့ဖြိုးရေး၊ ပညာရေးတွေကို လိုလေသေးမရှိအောင် ဂရုစိုက်ပေးရတော့မယ့်အပြင် အချစ်ရေးနဲ့ အိမ်ထောင်ရေးကိစ္စတွေမှာလည်း လိုအပ်တဲ့လမ်းညွှန်မှုတွေပြုလုပ်ပေးရမှာဖြစ်တာကြောင့် ကိုယ့်ဘက်ကလိုအပ်ချက်တွေအားလုံးကို ကြိုတင်ဖြည့်ဆည်းထားတာမျိုး၊ ရေရှည်စီမံကိန်းတွေ ကြိုတင်ရေးဆွဲထားတာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။

၄။ ကလေးရဲ့ဘဝကို လိုအပ်တာထက်ဝင်ရောက်မစွက်ဖက်ပါနဲ့။
ခေတ်ကြီးကပြောင်းလဲလာတာနဲ့အမျှ ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ အရွယ်ရောက်တဲ့အချိန်ကာလတွေက အရင်ထက်ပိုစောလာတာကိုလည်း သတိပြုရမှာပါ။ အဲ့ဒါကြောင့်လည်း လိုအပ်တဲ့ကိစ္စတွေမှာပဲ အနည်းငယ်ထိန်းကျောင်းပေးတာမျိုးကလွဲရင် မေမေတို့အနေနဲ့ ကိုယ်ငယ်ငယ်တုန်းက ကြုံတွေ့ခဲ့ဖူးတဲ့ရှေးရိုးစွဲနည်းလမ်းတွေကို လိုအပ်တာထက် ပိုပြီးအသုံးမပြုဖို့၊ ကလေးကိုလိုအပ်တာထက် ပိုမိုမချုပ်ချယ်ဖို့ လိုအပ်ပါတယ်။

၅။ ကိုယ့်ဘက်ကလည်းတောင်းပန်တတ်ပါစေ။
ကလေးတွေတင်မဟုတ်ဘဲ မေမေတွေဘက်ကလည်း အမှားအယွင်းတွေ ပြုလုပ်တတ်ကြပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ ကိုယ်ကမှားသွားတယ်ဆိုလည်း ကိုယ့်ရဲ့သားသမီးကို ပွင့်ပွင့်လင်းလင်း ဝန်ခံတောင်းပန်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင် ကလေးရဲ့စိတ်ထဲမှာဒဏ်ရာဖြစ်သွားတာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့မှားယွင်းနေတဲ့ အမူအကျင့်ကို အတုခိုးသွားတာမျိုးဆိုရင် ကလေးရဲ့နောင်ရေးအတွက် ကောင်းကျိုးရှိနိုင်မှာမဟုတ်ပါဘူး။

၆။ ကလေးနဲ့ပွင်ပွင့်လင်းလင်းစကားပြောပေးပါ။
ဖေဖေထက်စာရင် မေမေတွေက ကလေးနဲ့ပိုပြီးအနီးကပ်နေလေ့ရှိတာကြောင့် သူတို့နဲ့ပွင့်ပွင့်လင်းလင်း စကားပြောနိုင်ဖို့ လိုအပ်ပါတယ်။ ကလေးကပြောချင်နေတဲ့အကြောင်းအရာကို စနစ်တကျနားထောင်ပေးပြီး လိုအပ်တဲ့အကြံဥာဏ်ပြန်ပေးတာမျိုးလုပ်သင့်သလို ကလေးပြောတဲ့အကြောင်းအရာ၊ ခွင့်တောင်းတဲ့ကိစ္စကို ကိုယ်ကသဘောမတူရင်တောင် အကျိုးသင့်အကြောင်းသင့် ပြန်လည်ရှင်းပြပြီး နားလည်မှုယူထားဖို့ လိုအပ်ပါတယ်။

၇။ ကလေးနဲ့အချိန်ဖြုန်းပေးပါ။
ဖေဖေနဲ့အပြိုင် အလုပ်လုပ်နေတဲ့မေမေတွေလည်း ကိုယ့်ရဲ့ကလေးနဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြတ်သန်းပေးဖို့ လိုအပ်ပါတယ်။ အလုပ်အရမ်းများလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကလေးကိုဂရုမစိုက်တာကြာလာရင် ရင်ထဲမှာဒဏ်ရာတွေထွေးပိုက်ရင်း ကြီးပြင်းလာမယ့်ကလေးရဲ့ အနာဂတ်က သာယာလှပနိုင်မှာမဟုတ်ပါဘူး။

၈။ ကလေးကိုသင့်တော်သလို ထိန်းချုပ်ပါ။
ကလေးကို မလိုအပ်ဘဲ စည်းကမ်းကြီးတာမျိုးတွေ မလုပ်သင့်သလို လုံးဝကိုလွှတ်ပေးထားတာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ လုံလောက်တဲ့ဆိုဆုံးမမှုမရှိခဲ့တဲ့ကလေးတွေက အရွယ်ရောက်လာရင် ထင်ရာစိုင်းတာမျိုး၊ ကိုယ့်ဒေါသကိုထိန်းချုပ်နိုင်စွမ်းမရှိဘဲ လက်လွတ်စပယ်ပြုမူတာမျိုးတွေကို လုပ်တတ်လို့ပါ။ မေမေတို့အနေနဲ့ ကိုယ့်ရင်သွေးလေးကို ကျောင်းပညာရေးတင်မဟုတ်ဘဲ လူမှုဆက်ဆံရေးအတွက် လိုအပ်တဲ့အရာတွေကိုလည်း သေချာပေါက်လမ်းပြပေးသင့်ပါတယ်။

၉။ အပြစ်ပုံမချဘဲ ကိုယ့်ရဲ့ခံစားချက်ကိုဖော်ပြတတ်ပါစေ။
မေမေတွေဆိုတာကလည်း လူထဲကလူပဲမို့လို့ ခံစားချက်ရှိတယ်ဆိုတာကို နားလည်ပြီးသားပါ။ လိုအပ်လာရင် ကိုယ့်ရဲ့သားသမီးကို ကိုယ်ဘယ်လိုခံစားနေရလဲဆိုတာ ဖွင့်ပြောသင့်ပြီး ဒီလိုလုပ်ပေးခြင်းအားဖြင့် မေမေတို့ကို သားသမီးတွေဘက်က ပိုမိုနားလည်လာနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမယ့်အချက်က ကိုယ့်ရဲ့ဝမ်းနည်းခြင်း၊ အလိုမကျခြင်းနဲ့ စိတ်ဆိုးဒေါသထွက်ခြင်းဆိုတဲ့ ခံစားချက်တွေကို သားသမီးတွေဆီ ပုံမချမိဖို့ အရေးကြီးပါတယ်။

၁၀။ ကလေးတွေရဲ့ ရည်မှန်းချက်ကို လေးစားပါ။
မိဘတွေ အထူးသဖြင့် မေမေတွေက သူတို့ရဲ့သားသမီးတွေကို ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးတွေ ဖြစ်စေချင်ကြပေမယ့် သားသမီးတွေကတော့ သူတို့စိတ်အားထက်သန်ရာ ရည်မှန်းချက်တွေနဲ့ ကိုယ်စီ ကိုယ်စီ ကြီးပြင်းလာကြတာပါ။ အဲ့ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်နဲ့ ကိုယ့်သားသမီးရဲ့ စိတ်အားထက်သန်ရာမတူညီဘူးဆိုရင်လည်း သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် အကောင်းဆုံးလမ်းပြပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်လို့ မေမေတို့ကို ဒီနေရာကနေ အကြံပြုလိုက်ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here