ဖခင်တယောက်အနေနဲ့ သားဖြစ်သူကို သင်ကြားပေးရမယ့် ဘဝသင်ခန်းစာ (၇) ချက်

0
529
- Advertisement -

ကလေးတစ်ယောက် ကောင်းမွန်စွာကြီးပြင်းဖို့အတွက် မိခင်ဖြစ်သူရဲ့အုပ်ထိန်းမှုဟာ အရေးအကြီးဆုံးအခန်းကဏ္ဍမှာ ရှိပါတယ်လို့ များသောအားဖြင့် ပြောတတ်ကြပါတယ်။ တကယ်လို့ ကလေးက သားယောကျ်ားလေးဆိုရင်တော့ အဖေဖြစ်သူရဲ့ အခန်းကဏ္ဍကလည်း အရေးအကြီးဆုံးနေရာမှာ ရှိနေဖို့လိုလာပါလိမ့်မယ်။ မိဘတွေဟာ ကလေးတိုင်းအတွက် လက်ဦးဆရာတွေဖြစ်ကြပါတယ်။ ဒါကြောင့်မို့ သားတွေအတွက် စံပြပုဂ္ဂိုလ်လို့ပြောရမယ့် အဖေတွေရဲ့ အုပ်ထိန်းမှုအခန်းကဏ္ဍအကြောင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

၁။ အနိုင်နဲ့ အရှုံးကို သင်ကြားပေးပါ

ပြိုင်ပွဲတွေနဲ့ ကစားနည်းတွေမှာ အဖေတွေဟာသားတွေအတွက် အကောင်းဆုံးကစားဖော်တစ်ယောက်ဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက သားနဲ့ကစားရင် အရှုံးပေးတတ်ပြီး အနိုင်ရခြင်းရဲ့ အရသာကို ခံစားစေတတ်သူတယောက်ပါ။ ဒါကြောင့်မို့ ရှုံးနိမ့်တဲ့အချိန်မှာလည်း သားဖြစ်သူကိုအားပေးနှစ်သိမ့်တတ်တဲ့ ပထမဆုံးသူတစ်ယောက် ဖြစ်သင့်ပါတယ်။ ရှုံးနိမ့်မှုတွေကိုကြုံတွေ့ရချိန်မှာ ဘာအတွက်ကြောင့်မို့ အရှုံးနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတာမျိုးကို နားလည်သဘောပေါက်အောင်ရှင်းပြပေးပြီး နောက်တကြိမ်ပြန်ကြိုးစားဖို့အတွက် သားဖြစ်သူကို ယုံကြည်ချက်တွေ ပေးစွမ်းနိုင်ဖို့လိုအပ်ပါတယ်။

၂။ အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး မှန်ကန်တဲ့စိတ်ထားရှိအောင် သင်ကြားပေးပါ

အမျိုးသမီးတွေနဲ့ ပြောဆိုဆက်ဆံဖို့အတွက် ဖခင်ဖြစ်သူဟာ ပြည့်စုံတဲ့စံပြပုဂ္ဂိုလ် ဖြစ်သင့်ပါတယ်။ ကလေးရဲ့ငယ်ဘဝမှာတည်းက မိန်းကလေးတွေနဲ့ပတ်သတ်ပြီး လေးစားမှုမရှိတဲ့စကားတွေ၊ အပြုအမူတွေကို ကလေးရဲ့ရှေ့မှာ ဟာသအနေနဲ့တောင် မပြောဆိုသင့်၊ သင်ကြားမပေးသင့်ပါဘူး။ အမျိုးသမီးတွေနဲ့ ပတ်သတ်တဲ့အရေးအကြီးဆုံးအရာတွေအားလုံးကို အဖေတွေက သင်ကြားပေးနိုင်/ ပေးသင့်ပါတယ်။

၃။ အချစ်အကြောင်းကို ယောကျ်ားအချင်းချင်း ပြောဆိုပါ

သားဖြစ်သူကို အချစ်ရဲ့အဓိပ္ပာယ်၊ အချစ်အကြောင်းနဲ့သက်ဆိုင်တဲ့ အရာတွေကိုလည်း သိနားလည်အောင်ပြောဆိုပေးဖို့လိုပါတယ်။။ ဒါဟာ အဖေတယောက်က သားတယောက်ကိုပေးသင့်တဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာတခုလို့ပြောလို့ရပါတယ်။ လူတယောက်ရဲ့ ဘဝအတွေ့အကြုံတွေ၊ အဖေဖြစ်သူရဲ့ ဘဝအတွေအကြုံတွေကို ပြောပြခြင်းဟာ သားဖြစ်သူကို ယုံကြည်ချက်ရှိစွာနဲ့ ရှေ့ကိုလျှောက်လှမ်းဖို့ သတ္တိတွေရှိစေပါတယ်။ ဒီလိုစကားစမြည်ပြောခြင်းဖြင့်လည်း အဖေနဲ့သားရဲ့ နှောင်ကြိုးကို ပိုမိုခိုင်မာလာစေပါလိမ့်မယ်။

၄။ ဘယ်လိုပြန်လည်တိုက်ခိုက်ရမယ်ဆိုတာ သင်ပေးပါ

သားဖြစ်တဲ့သူကို သန်မာတဲ့လူတယောက်ဖြစ်စေဖို့ဆိုတာ အဖေတွေရဲ့အရေးအကြီးဆုံး တာဝန်တခုပါ။ မှန်ကန်တဲ့ရပ်တည်ချက်နဲ့ ကိုယ့်ကိုယ်ကို အားကိုးနိုင်တဲ့ သူတယောက်ဖြစ်ဖို့ ငယ်စဉ်တည်းက သင်ကြားထားပေးဖို့လိုပါတယ်။ ဘယ်လိုအခြေအနေတွေမှာ မတိုက်ခိုက်သင့်ဘူးလဲ၊ ဘယ်လိုအချိန်မှာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့နဲ့ ကိုယ်ချစ်တဲ့သူတစ်ယောက်အတွက် ပြန်လည်တိုက်ခိုက်ရမယ်ဆိုတာကို သေချာသိနားလည်စေဖို့လိုပါတယ်။ အခြားသူတွေအပေါ် အနိုင်ကျင့်ခြင်းဟာ မတရားတဲ့အပြုအမူဖြစ်ကြောင်း၊ အရာရာကိုတရားနည်းလမ်းကျကျသာ ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း စတာတွေအပြင် အန္တရာယ်ကို ကြိုတင်ရိပ်မိစေဖို့ မိမိရဲ့အတွေ့အကြုံတွေကိုပါ ပြောဆိုသင်ကြားပေးဖို့လိုပါတယ်။ ဒီအချက်မှာတော့ သားတယောက်ကိုမှမဟုတ်ဘဲ သမီးဖြစ်သူကိုပါ သင်ကြားပေးသင့်ပါတယ်။

၅။ ကမ္ဘာကြီးအပေါ် ကလေးရဲ့ကိုယ်ပိုင်အမြင်ရှိလာအောင် ကူညီပေးပါ

မိဘတိုင်းကတော့ သူတို့ရဲ့ကလေးတွေကို အောင်မြင်တဲ့သူတွေပဲ ဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် အောင်မြင်ခြင်းဟာ ကွဲပြားတဲ့ပုံစံတွေနဲ့ရောက်ရှိလာတတ်ပါတယ်။ ဒီလိုအောင်မြင်မှုဆီ ချဉ်းကပ်ဖို့ နည်းလမ်းအသွယ်သွယ်ကို ကလေးတွေကိုနားလည်အောင်သင်ကြားပေးဖို့နဲ့ အဖေဖြစ်သူရဲ့ အကြံဉာဏ်ကို ကောင်းမွန်စွာနားလည်လက်ခံတတ်စေဖို့အတွက် ဖခင်နဲ့သား ရင်းရင်းနီးနီးပြောဆိုနိုင်တဲ့ ဆက်ဆံရေးမျိုးရှိနေဖို့ကလည်း လိုအပ်ပါတယ်။

၆။ အတွေ့အကြုံအသစ်တွေနဲ့ ကလေးကိုအမြဲတမ်းမိတ်ဆက်ပေးပါ

ကလေးတိုင်းဟာ အဖေနဲ့အမေကို ချစ်ပုံချင်း မတူညီကြပါဘူး။ သူတို့ငယ်စဥ်တည်းက အမေကနူးညံ့ပျော့ပျောင်းတဲ့နည်းနဲ့ဂရုစိုက်လေ့ရှိကြပြီး အဖေတွေကတော့ အကြမ်းပတမ်းနည်းနဲ့ ချစ်လေ့ရှိပါတယ်။ ကလေးကိုဆွဲမြှောက်တာတွေ၊ ခြေထောက်ကနေ ဇောက်ထိုးဆွဲတာတွေ၊ ပုခုံးမှာတင်ပြီသွားတာတွေ လုပ်လေ့ရှိတာပါ။ ဒီလိုမတူညီတဲ့ အာရုံထိတွေမှုနဲ့ အတွေ့အကြုံတွေက ကလေးကြီးပြင်းမှုအတွက် အရေးကြီးပါတယ်။ သားယောကျ်ားလေးဖြစ်ရင်တော့စွန့်စားမှု၊ စူးစမ်းမှုနဲ့ သတ္တိရှိစေဖို့ အဖေတွေရဲ့ ယခုလိုဂရုစိုက်မှုတွေဟာ အရေးပါပါတယ်။

၇။ ယောကျ်ားလေးတွေ လုပ်လေ့ရှိတဲ့ အရာလေးတွေကို သင်ပေးပါ

ယောကျ်ားလေးတွေလုပ်လေ့ရှိကြတဲ့ အိမ်တွင်းအိမ်ပြင် ပြုပြင်မှုတွေ၊ တီထွင်မှုတွေနဲ့ လက်မှုပညာအလုပ်တွေ အစရှိတာတွေအပြင် ငွေကြေးကိစ္စစီမံခန့်ခွဲပုံ၊ ချက်ပြုတ်စားသောက်တတ်ဖို့နဲ့ တကိုယ်ရည်သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်ဖို့ အစရှိတာတွေကို သားဖြစ်သူနဲ့ငယ်စဉ်ကတည်းကရင်းနှီးအောင် အဖေဖြစ်သူက သင်ကြားပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက ဒီလိုအတတ်ပညာတွေကို သင်ကြားပေးတာက ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်၊ တာဝန်ယူစိတ် အစရှိတဲ့ စိတ်ထားတွေကို သိရှိလာစေတဲ့အပြင် ကြီးပြင်းလာတဲ့အချိန်ထိ အသုံးဝင်တဲ့ပညာရပ်တွေဖြစ်လို့ သင်ကြားထားပေးဖို့လိုအပ်ပါတယ်။

ဒါကြောင့်မို့ ဖခင်တယောက်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍဆိုတာ ဘယ်လိုအရာတွေဖြစ်ပြီး ဘာကြောင့်မို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ချစ်မေမေစာဖတ်ပရိသတ်တွေ သိရှိစေနိုင်ဖို့အတွက်ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- parenting

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here