ဖွံ့ဖြိုးဆဲသားသားမီးမီးတို့အတွက် အကောင်းဆုံးအစားအစာများ

0
316
- Advertisement -

သားသားမီးမီးတို့ဆိုတာက ချစ်မေမေတို့အတွက်တော့ အချိန်နဲ့အမျှ ဂရုစိုက်နေရတဲ့ ရင်သွေးရတနာလေးတွေပဲဖြစ်ပါတယ်။ မွေးကင်းစ၊ ဖွံ့ဖြိုးဆဲ၊ အရွယ်ရောက်တဲ့အချိန်အထိ အရိပ်တကြည့်ကြည့်နဲ့ လိုက်ကြည့်နေတတ်တာက ချစ်မေမေတို့ရဲ့ ဝိသေသနလို့တောင် ပြောရမှာပါ။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ချစ်မေမေတို့ရဲ့ အဖိုးတန်ရတနာလေးတွေကို ဖွံ့ဖြိုးဆဲအချိန်ကာလမှာ ကျွေးမွေးသင့်တဲ့ အကောင်းဆုံးအစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဘယ်ရီသီး
အသက် (၂) နှစ်ကနေ (၁၂) နှစ်အရွယ်အထိက သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ်မှာ ဖွံ့ဖြိုးတိုးတက်မှု အများဆုံး အချိန်ကာလတွေဖြစ်ပြီး အဲ့ဒီလိုအချိန်မျိုးမှာ ဗီတာမင်စီ ကြွယ်ဝတဲ့ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတို့ကို ကျွေးမွေးသင့်ပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို မြင့်တက်စေပါတယ်။ ဘယ်ရီသီးတွေကို ရေခဲမုန့်၊ ဒိန်ချဉ်တို့လို အစားအသောက်တွေအပေါ်မှာ ထပ်လောင်းကျွေးမွေးနိုင်ပါတယ်။

၂။ ဥများ
အသားဓာတ်နဲ့ ဗီတာမင်ဓာတ်ကြွယ်ဝစေတဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဥဟာ သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ကြက်ဥကိုကြော်ပြီးတော့ဖြစ်ဖြစ်၊ ပြုတ်ပြီးတော့ပဲဖြစ်ဖြစ် ကျွေးသင့်ပြီး ပူတင်းလို အဆာပြေမုန့်ထဲမှာ ထည့်သွင်းပြုလုပ်ရင်းလည်း ကျွေးနိုင်ပါတယ်။

၃။ နွားနို့
ကယ်လ်စီယမ်ဓာတ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ နွားနို့ဟာ ခန္ဓာကိုယ်ကြွက်သားနဲ့ အရိုးတည်ဆောက်မှုအတွက် မရှိမဖြစ် အရေးပါတဲ့အရာပါ။ မနက်စာကျွေးတဲ့နေရာမှာ နွားနို့ကို တစ်ခါတည်းထည့်တိုက်နိုင်ပြီး ကွတ်ကီးနဲ့ရောကျွေးတာဖြစ်ဖြစ်၊ အသီးတစ်မျိုးမျိုးနဲ့ရောနှောဖျော်ပြီးတော့ပဲဖြစ်ဖြစ် တိုက်ကျွေးနိုင်ပါတယ်။

၄။ ထောပတ်မြေပဲ
သားသားမီးမီးတို့အတွက် လိုအပ်တဲ့ ခွန်အားတွေ၊ အသားဓာတ်တွေကို ပေးစွမ်းနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ဒီထောပတ်မြေပဲကိုတော့ ဘီစကစ် ဒါမှမဟုတ် ပေါင်မုန့်ပေါ်မှာ ယိုအဖြစ် သုတ်ကျွေးနိုင်ပြီး ရေခဲမုန့်၊ ဝေဖာတွေနဲ့လည်း တွဲဖက်ကျွေးနိုင်ပါတယ်။

၅။ ဂျုံနဲ့လုပ်တဲ့အစားအစာများ
ဒီလိုမျိုးအစားအစာတွေထဲမှာ သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ အစာချေစနစ်ကောင်းမွန်စေဖို့၊ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးဖို့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဆန်ညို ဒါမှမဟုတ် ပေါင်မုန့်အဖြူနဲ့အညိုတို့ကိုလည်း ကျွေးမွေးနိုင်ပါတယ်။

၆။ အသား
အသားမှာ သားသားမီးမီးတို့အတွက် လိုအပ်တဲ့ အသားဓာတ်အပြင် သံဓာတ်တွေလည်း ပါဝင်ပြီး အဲ့ဒီသံဓာတ်က သားသားမီးမီးတို့ရဲ့ ဦးနှောက်စွမ်းဆောင်ရည်နဲ့ ကိုယ်ခံအားစနစ်တို့ကို တိုးတက်စေပါတယ်။ အသားကိုကြိတ်ပြီးကျွေးတာမျိုး ဒါမှမဟုတ် အပိုင်းသေးသေးလေးဖြစ်အောင် ဖဲ့ပြီး ကျွေးတာမျိုးဖြစ်ဖြစ် ပြင်ဆင်ကျွေးမွေးသင့်ပါတယ်။

၇။ ငါး
ငါးတွေဟာ အရိုးနဲ့ကြွက်သားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်တဲ့အပြင် အသားဓာတ်လည်း ပါဝင်ပြီး ဆဲလ်မွန်၊ တူနာတို့လို ငါးတွေမှာ ပါဝင်တဲ့ Omega-3 fatty အက်ဆစ်က မျက်လုံး၊ ဦးနှောက်နဲ့ အာရုံကြောတိုးတက်မှုတို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ မုန့်နှစ်နဲ့ငါးကိုရောနှောပြင်ဆင်ပြီး အဆာပြေမုန့်အဖြစ် ကျွေးမွေးနိုင်သလို သားသားမီးမီးတို့ အရိုးမစူးအောင်လည်း အရိုးနွှင်ပြီး ကျွေးမွေးနိုင်ပါတယ်။

၈။ ချိစ်
အသားဓာတ်၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီဓာတ်တွေ ပါဝင်တဲ့ ချိစ်က အရိုးတွေဖွံ့ဖြိုးဖို့အတွက် အင်မတန်အထောက်အကူပြုတဲ့ အစားအစာတစ်ခုပါ။ ပေါင်မုန့်၊ ဘီစကစ်၊ ပီဇာတွေအပေါ်မှာ ချိစ်ကိုကပ်ပြီးကျွေးမွေးနိုင်သလို ထမင်းကြော်၊ ခေါက်ဆွဲကြော်တို့မှာလည်း ချိစ်ကို တစ်ခါတည်းထည့်သွင်း ကြော်လှော်ပြီး ကျွေးမွေးနိုင်ပါသေးတယ်။

၉။ ပန်းပွင့်စိမ်း
မျက်လုံးကောင်းဖို့အတွက် အထောက်အကူဖြစ်စေတဲ့ အစားအစာဖြစ်ပြီး အမျှင်ဓာတ်အများအပြားပါဝင်တာကြောင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေမှာဖြစ်သလို ဝမ်းချုပ်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ အသီးအရွက်ကြော်တွေထဲမှာ ထည့်သွင်းကြော်လှော်လို့ရသလို ပီဇာ၊ ကြက်ဥတို့နဲ့လည်း တွဲဖက်ကျွေးမွေးနိုင်ပါသေးတယ်။

၁၀။ အရောင်တောက်တောက် သစ်သီးနဲ့ဟင်းသီးဟင်းရွက်များ
ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတို့ကို မုန်လာဥနီ၊ အာလူး၊ ခရမ်းချဉ်သီး၊ သင်္ဘောသီးနဲ့ ဖရုံသီးတို့ကိုလည်း ကျွေးမွေးသင့်ပါတယ်။ အဲ့ဒီအစားအစာတွေထဲမှာ ပါဝင်တဲ့ ဓာတ်တွေက ဗီတာမင်အေအတွက် အထောက်အကူဖြစ်စေပြီး အဲ့ဒီဗီတာမင်အေကပဲ အသားအရည်ကောင်းဖို့၊ အမြင်ကြည်လင်ဖို့၊ ခန္ဓာကိုယ်တွင်းကဆဲလ်တွေ ပြန်လည်ကောင်းမွန်ပြီး ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်လည်းဖြစ်တာကြောင့် ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေ ဖွံ့ဖြိုးဆဲအရွယ်မှာ အခုပြောပြပေးခဲ့တဲ့ အစားအစာတွေကို မဖြစ်မနေ ကျွေးမွေးသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

#HM

#ChitMayMay

Source: magforwomen

LEAVE A REPLY

Please enter your comment!
Please enter your name here