“၂ယောက်စာ စားပေးဖို့ လိုတာတို့၊ နှစ်ဆစားပေးရမှာတို့၊ ၉လလုံးလုံး ကော်ဖီနဲ့ ဝေးဝေးနေဖို့ လိုတယ်တို့” စသဖြင့် ကိုယ်ဝန်ဆောင်နဲ့ ပတ်သတ်တဲ့ အယူအဆမှားတွေ အများကြီးရှိတာကြောင့် ဘာကိုယုံကြည်ရမယ်ဆိုတာ ရွေးချယ်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီအယူအဆတွေအားလုံးက လုံးဝမှားတာလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ ကိုယ်ဝန်ဆောင်စဉ် ဘယ်ဟာကို ရှောင်ကြဉ်တာ ပိုကောင်းတယ်၊ ဘာကို အစားထိုးနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။ အနာဂတ်မိခင်တွေနဲ့ ကလေးငယ်တွေကို ကျန်းမာသန်စွမ်းစေလိုတာကြောင့် မေမေတို့ သတိပြုရမယ့်အရာ ၇ခုကို မျှဝေပေးလိုပါတယ်။
၁။ ချွေးပေါင်းအိမ် (သို့) ရေပူကန်ထဲမှာ အနားယူခြင်း
ရေနွေးချိုးခန်း (သို့) ရေချိုးကန်ထဲမှာ ရေပူထည့်ချိုးခြင်းက ကိုယ်ဝန်ဆောင်စဉ်မှာ အဓိကပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒါက relax ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကလေးလေး ဗိုက်ထဲမှာရှိနေစဉ် သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိနိုင်ခြင်း မရှိတာကြောင့် ကလေးအတွက် မကောင်းပါဘူး။ လေ့လာမှုအချို့အရ အဆိုပါ ရေနွေးချိုးခန်းက အပူကြောင့် ကလေးရဲ့ ဦးနှောက်နှင့် ကျောရိုးကို ဆိုးရွားစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဘာလုပ်သင့်သလဲ?
- ရေအရမ်းမပူပါစေနဲ့။ ၁၀မိနစ်ထက်ပိုပြီး ရေပူကန်ထဲမှာ မနေပါနဲ့။
- သင့်ခန္ဓာကိုယ်အပူချိန်နှင့် ညီမျှသော ကြက်သီးနွေးရေဖြင့်ချိုးပါ။
- ရေပူချိုးလို့ ရ/မရဆိုတာ ဆရာဝန်နှင့် တိုင်ပင်ပါ။ သင့်အတွက် အဆင်ပြေတယ်လို့ ဆိုပါက ရေနွေးချိုးခန်းထဲမှာ သုံးစွဲမယ့်အချိန်ကို ကန့်သတ်ပါ။
၂။ သကြားများများစားခြင်း
လေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်နေစဉ် သကြားပမာဏ များများစားသော မိခင်တွေဟာ သင်ယူခြင်းနှင့် မှတ်ဉာဏ်စွမ်းရည် ပြဿနာရှိသော ကလေးတွေ မွေးကြပါတယ်။ သကြားအစားထိုးပစ္စည်းကလည်း အတူတူပဲဖြစ်ပါတယ်။

ဘာလုပ်သင့်သလဲ?
- အချိုတွေအစား သစ်သီးများများ စားပါ။
- ဆိုဒါသောက်သုံးမှုကို လျှော့ချပါ။
၃။ ရန်ဖြစ်ခြင်း နှင့် အော်ဟစ်ခြင်း
ရန်ဖြစ်ခြင်းက စိုးရိမ်ပူပန်မှုနှင့် စိတ်ဓါတ်ကျခြင်းကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ကလေးရဲ့ ကိုယ်ခံအားစနစ်နှင့် ဦးနှောက်ကို ထိခိုက်စေပါတယ်။ ထို့အပြင် အော်ဟစ်ခြင်းကလည်း မိခင်အတွက် ဆိုးကျိုးဖြစ်စေနိုင်ပြီး ခေါင်းကိုက်ခြင်း၊ ပျို့ချင်ခြင်းနှင့် အိပ်စက်မှု ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ?
- ပိုပြီး အနားယူပါ
- အိပ်ရေးဝဝအိပ်ပါ။
- တရားထိုင်ပါ။
- လမ်းလျှောက်ပါ၊ လေကောင်းလေသန့်ရှူပါ။
၄။ ငိုခြင်း
ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ခံစားမှုတွေ ဖြစ်လာတာကြောင့် ကိုယ်ဝန်ဆောင်စဉ် ငိုကြွေးခြင်းက သာမာန်ပဲဖြစ်ပါတယ်။ သို့သော် အစာစားချင်စိတ်ပျောက်ဆုံးခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း၊ ဘာလုပ်ဆောင်မှုကိုမှ စိတ်မဝင်စားခြင်း၊ အလွန်အမင်း အိပ်စက်ခြင်း စတဲ့ လက္ခဏာများရှိရင်တော့ သတိပြုသင့်ပါတယ်။ ဒီလက္ခဏာများက စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ ပိုမိုဆိုးရွားတဲ့ အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ?
- ရောဂါလက္ခဏာတွေ ၂ပတ်ကျော် ကြာမြင့်ပါက ဆရာဝန်ကို ပြောပြပါ။
- အခြားမိခင်တွေ (သို့) ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ စကားပြောပါ။
၅။ အိပ်စက်ခြင်း ပြဿနာများ
သုတေသီများအဆိုအရ ၇၈ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ပုံမှန်ထက် ကိုယ်ဝန်ဆောင်စဉ်အတွင်း အိပ်စက်ခြင်းမှာ အနှောက်အယှက်ပို ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီအိပ်စက်ဆုံးရှုံးခြင်းက မကောင်းတဲ့စိတ်နှင့် ပျို့အန်ချင်တာကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ညလျှင် ၆နာရီထက် အိပ်စက်မှု နည်းတဲ့ အမျိုးသမီးတွေဟာ မွေးချိန်ကြာကြောင်း တွေ့ရှိရပါတယ်။

ဘာလုပ်သင့်သလဲ?
- အိပ်ချိန်ဇယားဆွဲပါ။
- တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ခန့် လေ့ကျင့်ခန်းလုပ်ပါ။
- တစ်နေ့တာအတွင်း အရည်များများသောက်ပါ။
- သင်အိပ်လို့မရဘူးဆိုရင် အတင်းမအိပ်ဘဲ စာအုပ်ကောင်းတစ်အုပ်ဖတ်ဖို့ ကြိုးစားပါ။ မလှုပ်ရှားပါနဲ့။
- ဘယ်အနေအထားနဲ့ အိပ်တာက သင့်အတွက် အကောင်းဆုံးဖြစ်သလဲဆိုတာ ဆရာဝန်နှင့် တိုင်ပင်ပါ။
၆။ မလှုပ်မရှားဘဲနေခြင်း၊ အလွန်အကျွံ စားခြင်း
ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် ပိုများခြင်းက ကလေးမွေးပြီးနောက် မိခင်ရဲ့ ကိုယ်အလေးချိန်ဆက်ရှိနေခြင်း၊ သန္ဓေသားကြီးထွားမှု နှင့် မွေးရခက်ခဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ ထို့အပြင် နောက်ဆက်တွဲအနေနဲ့ ကလေးငယ်အဝလွန်ခြင်း အန္တရာယ်ကို တိုးပွားစေပါတယ်။

ဘာလုပ်သင့်သလဲ?
- ဆရာဝန်များက ကျန်းမာသန်စွမ်းသော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို မိနစ် ၃၀ခန့် လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုထားပါတယ်။
- လမ်းလျှောက်ခြင်းနှင့် ပတ်သတ်ပြီး မမေ့ပါနဲ့။ လမ်းလျှောက်ခြင်းဖြင့် သင့်စိတ်ကျန်းမာရေးအတွက် အရေးပါသော အောက်ဆီဂျင်အချို့ကို ဦးနှောက်က ရရှိပါလိမ့်မယ်
- အစားအစာကို ထိန်းစားပါ။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်သည် တစ်နေ့လျှင် ကယ်လိုရီ ၂၀၀၀ စားသုံးဖို့ လိုအပ်ပြီး ကိုယ်ဝန် ပထမ ၆လမှာ ဒီပမာဏကို ပြောင်းလဲဖို့ မလိုအပ်ပါဘူး။ နောက်ဆုံး သုံးလပတ်မှာ နေ့စဉ် ကယ်လိုရီအပို ၂၀၀ ထည့်ပေါင်းသင့်ပါတယ်။
၇။ ကဖိန်း အလွန်အကျွံသောက်သုံးခြင်း
ကော်ဖီသောက်တဲ့အခါ ကဖိန်းဓါတ်က အချင်းမှ ဖြတ်ကျော်ပြီး သင့်ကလေးရဲ့ သွေးကြောထဲကို ဝင်တယ်ဆိုတာ သတိရသင့်ပါတယ်။ လေ့လာမှုအရ နေ့စဉ် ကဖိန်းဓါတ် အလွန်အကျွံ သုံးစွဲခြင်းက သန္ဓေသားအး ဆိုးကျိုးသက်ရောက်စေနိုင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် တစ်နေ့ ကော်ဖီ (၈)ခွက်ထက်ပိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကလေးအသေမွေးဖို့ အန္တရာယ် ပိုများနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ?
- သင့်အာဟာရကို ဂရုစိုက်ပြီး ကော်ဖီသောက်သုံးမှုကို လျှော့ချပါ။
- တစ်နေ့လျှင် ကော်ဖီတစ်ခွက်မှ ၂ခွက် သောက်သုံးနိုင်ပါတယ်။
ကျေးဇူးပြုပြီး ဒီဆောင်းပါးပါ အချက်အလက်အားလုံးက သတင်းအချက်အလက်အတွက်သာ ဖြစ်ကြောင်း သတိရပါ။ ကိုယ်ဝန်ဆောင်စဉ်အတွင်း မလုပ်သင့်တဲ့ အရာများနှင့် ပတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဖို့ မမေ့ပါနဲ့။
Chit_MayMay
LM_Nandar
Source-brightside