
သူတို့ရဲ့ မျိုချနိုင်စွမ်းက မဖွံ့ဖြိုးသေးတာကြောင့် မွေးကင်းစကလေးငယ်တွေဟာ နို့စို့ရင်း သီးတတ်ကြပါတယ်။ မိခင်နို့တိုက်ကျွေးနေစဉ် နို့သီးတာက အန္တရာယ်ကင်းတဲ့ ချောင်းဆိုးခြင်းကိုပဲ ဖြစ်စေနိုင်ပါတယ်။ သို့သော် တစ်ခါတစ်ရံမှာ နို့က အဆုတ်ထဲသို့ ရောက်ရှိသွားပြီး aspiration pneumonia အဆုတ်ရောင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ကလေးက နို့စို့နေရင်း သီးသွားတာကြောင့် ပြာတတ်လာတာတို့၊ အသက်ရူမြန်လာတာတို့၊ သတိလစ်သွားတာတို့ဆိုရင် အရေးပေါ်ဆေးကုသမှု ခံယူရပါမယ်။ နို့စို့ရင်းသီးတာက မကြာခဏ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင် ကလေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒီနေ့ဆောင်းပါးလေးကနေ မေမေတို့အတွက် ကလေးနို့စို့ရင်းသီးရတဲ့ အကြောင်းရင်းတွေ၊ ဒီလိုအခြေအနေမျိုး ဖြစ်လာရင် ဘယ်လိုလုပ်ပေးရမလဲဆိုတာတွေကို ပိုမိုသိရှိစေဖို့ မျှဝေပေးချင်ပါတယ်။
ဘေဘီလေးက နို့စို့နေရင်း ဘာ့ကြောင့် သီးတတ်ကြတာလဲ?
ကလေးတစ်ယောက်ဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် နို့သီးနိုင်ပါတယ်။ မိခင်နို့စို့နေစဉ် သီးခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေက

မိခင်နို့ထွက်များခြင်း- နို့စီးဆင်းမှု မြန်တာက နို့စို့ရင်းသီးခြင်းကိုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေက တစ်ခုဖြစ်ပါတယ်။ မွေးကင်းစကလေးတွေဟာ လျင်မြန်စွာ မျိုချိနိုင်မှာ မဟုတ်ပါဘူး။ မိခင်နို့ကို အလွန်အကျွံတိုက်ရင်လည်း မကြာခဏသီးတတ်ပါတယ်။ နို့လျှံကျခြင်းက နောက်ထပ်မျိုချရ ခက်ခဲတာကြောင့် ကလေးဟာ နို့စို့နေစဉ် ကိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်။
နို့တိုက်ကျွေးခြင်းမှာ အခက်အခဲရှိတဲ့ နို့စို့ကလေးတွေဟာ နို့ဘူးစို့နေစဉ်(သို့) မိခင်နို့စို့နေစဉ်အတွင်းမှာ နို့သီးခြင်းအန္တရာယ်နဲ့ ဆက်စပ်နေပါတယ်။ အောက်ပါ မွေးရာပါပုံမှန်မဟုတ်ခြင်းတွေက နို့တိုက်ကျွေးခြင်းပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
- ဦးနှောက်၊ ခြေလက်သေသောသူကဲ့သို့ အာရုံကြောဆိုင်ရာ ပြဿနာများ
- ဒေါင်းရောဂါလက္ခဏာ
- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ပါးစပ်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံ ပုံမှန်မဟုတ်ခြင်းတွေ
- tracheoesophageal fistula (လေပြွန်နှင့် အစာမျိုပြွန်ကြား အပေါက်ဖြစ်ခြင်း) ကဲ့သို့သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာများ
- မွေးရာပါနှလုံးရောဂါ
- အဆုတ်နှင့် အသည်းရောဂါများ
မေမေတို့အနေနဲ့ နို့တိုက်နေစဉ် မကြာခဏသီးခြင်း ရှိမရှိ စစ်ဆေးသင့်ပါတယ်။ စောစောစီးစီးသိခြင်းက အဆုတ်ရောင်ရောဂါနဲ့ အခြားပြဿနာတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
နို့စို့နေရင်း သီးသွားရင် ဘာလုပ်ပေးမလဲ?
နို့တိုက်ကျွေးနေချိန်အတွင်း နို့သီးတာတို့၊ နို့တွေပြန်ပျို့တတ်တာတို့က နို့စို့အရွယ်ကလေးအများစုမှာ ဖြစ်တတ်ပါတယ်။ ကလေးနို့စို့နေချိန်သီးရင် အောက်ပါတို့ကို ပြုလုပ်နိုင်ပါတယ်။
- ကလေးနို့သီးနေရင် နို့တိုက်တာကို ရပ်လိုက်ပါ။
- ကလေးကို စက္ကန့်အနည်းငယ်လောက် မတ်မတ်အနေအထားမှာ ထားပါ။
- ငယ်ရွယ်တဲ့ မွေးကင်းစကလေးတွေဆိုရင် ဖြောင့်မတ်တဲ့ အနေအထားမှာထားဖို့ ခေါင်းနှင့် လည်ပင်းကို ထိန်းပေးထားပါ။
- ကလေးရဲ့ကျောကို အသာအယာပုတ်ပေးခြင်းက သက်သာစေပါတယ်။

တကယ်လို့ ကလေးဟာ ပြာတတ််လာတာတို့(သို့) နို့သီးပြီး သတိလစ်သွားတာတို့ဆိုရင် အရေးပေါ်ဆေးကုသမှုခံယူပါ။ နို့ဘူးတိုက်ကျွေးတဲ့ မွေးကင်းစကလေးတွေမှာ နို့သီးမှုဖြစ်ရင် ကလေးဆရာဝန်နှင့် ဆက်သွယ်သင့်ပါတယ်။
နို့တိုက်နေစဉ် မသီးအောင် ဘယ်လိုကာကွယ်မလဲ?
- နို့တိုက်နေတဲ့ အနေအထားကို ပြောင်းခြင်းက နို့စို့ရင်းသီးခြင်းကနေ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ နို့ထွက်များပြီး နို့သက်တတ်တဲ့ မိခင်တွေအနေနဲ့ ပက်လက်လဲလျောင်းတဲ့အနေအထားနဲ့ တိုက်ဖို့ အကြံပြုပါတယ်။ ဒါက နို့စီးဆင်းမှုကို နှေးကွေးစေပြီး ကလေးငယ်တွေကောင်းကောင်းစို့နိုင်မှာ ဖြစ်ပါတယ်။

- နို့တိုက်လျှင် နို့တစ်ဖက်ထဲကို အနည်းဆုံး မိနစ်၂၀လောက်တိုက်ပါ။ နို့သက်လာရင် မိနစ်အနည်းငယ်လောက် နို့ချွတ်ပြီးမှ ပြန်တိုက်ပါ။
- ဘေးတစ်စောင်းအိပ်ပြီး တိုက်တာကလည်း မတော်တဆ နို့သီးတာကို လျော့နည်းစေပါတယ်။

Chit_MayMay
LM_Nandar
Source-momjunction