ဘေဘီလေးတွေ ဘယ်အချိန်မှာ အကြားအာရုံ စတင်ဖွံ့ဖြိုးသလဲ?

0
295
- Advertisement -

ကလေးငယ်တွေဟာ အကြားစွမ်းရည် level တစ်ချို့နှင့်အတူ မွေးဖွားလာကြပါတယ်။ ကလေးငယ်ဟာ ကြီးလာတာနှင့်အမျှ အကြားအာရုံ ပိုကောင်းလာပါတယ်။ ကလေးတွေမှာ အသက်အရွယ်အလိုက် အကြားအာရုံ ဖွံ့ဖြိုးမှု မိုင်တိုင်များ ရရှိပါတယ်။ ဒါကို မိဘတွေ ဘယ်လိုသိနိုင်သလဲ? မေမေတို့အတွက် ကလေးတစ်ယောက်ရဲ့ ပုံမှန်ကြားနိုင်စွမ်း၊ အကြားအာရုံဖွံ့ဖြိုးမှု၊ အကြားအာရုံ စစ်ဆေးမှုနှင့် ဖြစ်နိုင်ချေရှိသော အကြားအာရုံ ချို့ယွင်းချက်များအကြောင်းကို ပြောပြချင်ပါတယ်။

ကလေးတွေ မွေးဖွားပြီးနောက် ဘယ်အချိန်မှာ နားစတင်ကြားနိုင်သလဲ?

American Speech-Language-Hearing Association (ASHA) အရ ဘေဘီလေးတွေဟာ အသက်(၃)လမှာ အသံတွေကို စတင်တုံ့ပြန်ကြပါတယ်။ ကလေးတွေဟာ သန္ဓေသားအနေနဲ့ ကိုယ်ဝန် ၆လ၊ ၇လောက်မှာ အသံတွေကို စတင်အသိအမှတ်ပြုပြီး တုံ့ပြန်တယ်လို့ ယုံကြည်ပါတယ်။ သို့သော် သူတို့မွေးဖွားပြီးနောက်မှသာ အကြားအာရုံ စနစ်တကျ ဖွံ့ဖြိုးတိုးတတ်ပါတယ်။

မွေးကင်းစကလေးရဲ့ အကြားအာရုံ ဖွံ့ဖြိုးတိုးတတ်မှု

အမေရိကန်အမျိုးသားသိပ္ပံရဲ့ အဆိုအရ အကြားအာရုံ ကျန်းမာတဲ့ ကလေးတစ်ယောက်ဟာ အောက်ပါဖွံ့ဖြိုးမှု မိုင်တိုင်များကို အောင်မြင်ပါလိမ့်မယ်။

၁။ မွေးစမှ သုံးလအထိ

  • ကျယ်လောင်တဲ့ အသံတွေကြားရင် လန့်ဖျန့်တတ်ပါတယ်။
  • မေမေတို့ အသံကို နားထောင်နေတဲ့အချိန်မှာ ပြုံးပြတာ (သို့) ငြိမ်သွားတတ်ပါတယ်။
  • သူတို့ကို နို့တိုက်နေစဉ် မေမေတို့က အသံပြုလိုက်တဲ့အခါမှာ နို့စို့ခြင်းကို စတင်တာ (သို့) ရပ်တန့်တာ ပြုလုပ်ပါတယ်။

၂။ လေးလမှ ခြောက်လအထိ

  • အသံလာတဲ့ ဘက်ကို မျက်လုံးက လိုက်ကြည့်တတ်ပါတယ်။
  • အသံထွက်တဲ့ အရုပ်တွေကို လေ့လာပါတယ်။
  • အသံနေအသံထား ပြောင်းလဲမှုကို တုံ့ပြန်ပါတယ်။
  • သီချင်းတွေကို စတင်အာရုံစိုက်လာပါတယ်။

၃။ ခုနှစ်လမှ တစ်နှစ်အထိ

  • အသံလာရာဘက်ကို ခေါင်းလှည့်ပြီး ကြည့်တတ်နေပါပြီ။
  • သူတို့နာမည်တွေကို ခေါ်တဲ့အခါ တုံ့ပြန်ဖို့ စတင်ပါတယ်။
  • ထမင်း၊ အရုပ်၊ ဖန်ခွက် (သို့) ဖေဖေ စသဖြင့် အသုံးများတဲ့ စကားလုံးတွေကို ခွဲခြားလာနိုင်ပါတယ်။
  • သီချင်းနှင့် ပုံပြင်တွေကို နားထောင်ပေမယ့် ခဏသာ ဖြစ်ပါတယ်။

ကလေးတစ်ယောက်နဲ့ တစ်ယောက်က ဖွံ့ဖြိုးပုံချင်း မတူပါဘူး။ တကယ်လို့ ကလေးငယ်ဟာ မိုင်တိုင်တစ်ခုကို ရက်သတ္တပတ်အနည်းငယ် လွဲချော်ရင် ဒါက ပြဿနာတစ်ခုမဟုတ်ပါဘူး။

ကလေးမွေးဖွားပြီးနောက်မှာ သူတို့ရဲ့ ကြားနိုင်စွမ်းကို စစ်ဆေးဖို့ စစ်ဆေးနည်း အမျိုးမျိုးရှိပါတယ်။ သတိပြုရမှာက ကလေးငယ်တွေဟာ သူတို့နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်မှာ တယ်လီဖုန်းမြည်သံ၊ တံခါးဘဲလ်မြည်သံ ကဲ့သို့သော အသံတွေကို မတုံ့ပြန်ကြပါဘူး။

မွေးကင်းစကလေး အကြားအာရုံနှင့် ပတ်သတ်ပြီး ဘယ်အချိန်မှာ စိုးရိုမ်ရသလဲ?

ကလေးတွေ နိုးလာတဲ့အခါ ရုတ်တရက်ကျယ်လောင်သောအသံ (သို့) အသံတွေကို လန့်ဖျန့်တတ်ကြပါတယ်။ အကြားအာရုံမှာ ပြဿနာရှိနေကြောင်းကို ညွှန်ပြနိုင်တဲ့ လက္လဏာအချို့ရှိပါတယ်။

  • ကျယ်လောင်သော အသံများကို လန့်ဖျန့်တာ မရှိခြင်း
  • အသက်ခြောက်လကျော်တဲ့အထိ အသံလာရာကို လှည့်မကြည့်ခြင်း၊ မတုံ့ပြန်ခြင်း
  • သင်အသံပေးတာကို မကြားဘဲ သင့်ကိုတွေ့မှသာ ကြည့်ခြင်း

ဒီလက္ခဏာတွေကို အကြားအာရုံပြဿနာတစ်ခုလို့တော့ အမြဲတမ်းမှတ်ယူလို့မရပါဘူး။ နားရောဂါ ကူးစက်ခံရစဉ် (သို့) အအေးမိ၊ ချောင်းဆိုးတဲ့အခါတွေမှာ ကလေးငယ်တွေဟာ ခေတ္တယာယီ နားမကြားမှုကို ပြနိုင်ပါတယ်။ ဒါ့ကြောင့် အထိတ်တလန့်ဖြစ်စရာမလိုပါဘူး။

ကလေးကို အကြားအာရုံ ဖွံ့ဖြိုးအောင် ဘယ်လိုကူညီမလဲ?

အကြားစွမ်းရည်ဖွံ့ဖြိုးမှုက သဘာဝအတိုင်းဖြစ်ပြီး သူ့အသက်အရွယ်နှင့်သူ ဖွံ့ဖြိုးပါတယ်။ တစ်ခုက နည်းလမ်းအမျိုးမျိုးဖြင့် ကျန်းမာသော ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။

  • ကလေးတွေဟာ မိခင်ရဲ့ ဝမ်းထဲမှာ ထပ်တလဲလဲကြားနေရတဲ့ သီချင်း (သို့) ကဗျာကို အသိအမှတ်ပြုပြီး တုန့်ပြန်လေ့ရှိပါတယ်။ သူတို့ကို သီချင်းနှင့် ချိတ်ဆက်မိဖို့ မွေးကင်းစကတည်းက ကလေးအတွက် သီချင်းတစ်ပုဒ်ကိုသာ ခဏခဏ ဆိုပြပါ။ သူတို့နည်းနည်းကြီးလာပြီဆိုရင် အိပ်ရာဝင်ပုံပြင်များကို စဖတ်ပေးပါ။ သူတို့ နားမလည်နိုင်သေးသော်လည်း စကားလုံးများနှင့် connection ကိုတည်ဆောက်ဖို့နှင့် စာဖတ်ခြင်းအလေ့အထကို ဖြစ်ပေါ်စေပါလိမ့်မယ်။
  • သီချင်းဖွင့်ပြီး သီချင်းနှင့်အတူ လက်ခုပ်တီးပြပါ။ ကလေးအား ထပ်တူပြုလုပ်ဖို့ အားပေးပါလိမ့်မယ်။
  • တီးလုံးပါတဲ့ အရုပ်လေးတွေ ပေးပါ။
  • အသံထွက်တဲ့ ကစားစရာတွေနဲ့ ကစားဖို့ အားပေးပါ။

မွေးကင်းစကလေးရဲ့ အကြားအာရုံကို အကျိုးသက်ရောက်နိုင်တဲ့ အချက်များ

မွေးကင်းစကလေးရဲ့ အကြားအာရုံကို အကျိုးသက်ရောက်စေတဲ့ အချက်များစွာရှိပါတယ်။

၁။ အကြားအာရုံပြဿနာတွေဟာ မျိုးရိုးဗီဇဆိုင်ရာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ ကိုယ်ဝန်ဆောင်နေစဉ် ဗိုင်းရပ်စ် ကူးစက်မှု ခံစားခဲ့ရသော မိခင်ဟာ နားကြားမှု ပြဿနာရှိတဲ့ ကလေးငယ်တွေ မွေးနိုင်ပါတယ်။ ထို့ကဲ့သို့သော ဗိုင်းရပ်စ်ကူးစက်မှုများမှာ Cytomegalovirus infection၊ ရေယုန်၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆစ်ဖလစ် နှင့်Toxoplasmosis တို့ပါဝင်ပါတယ်။

၃။ လမစေ့ခင် မွေးဖွားခြင်းနှင့် ပေါင်မပြည့်ခြင်းက အကြားအာရုံချို့ယွင်းချက်များကို ဖြစ်စေနိုင်ပါတယ်။

၄။ မွေးရာပါ ချို့ယွင်းချက်များက အခြားကိုယ်တွင်းအင်္ဂါများနှင့် နားဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲမှုကို ဖြစ်စေနိုင်တာကြောင့် အကြားအာရုံဆုံးရှုံးမှုကို ဦးနည်နိုင်ပါတယ်။

၃။ မွေးပြီးနောက် နားပိုးဝင်ခြင်းက များသောအားဖြင့် အကြားအာရုံကို ချို့ယွင်းစေပါတယ်။ ရှားပါးသော်လည်း တချို့ ပြင်းထန်တဲ့ နားရောဂါများဟာ နားအတွင်းရှိ အာရုံကြောများ (သို့) အရိုးများကို ပျက်စီးစေနိုင်ပါတယ်။ အကြားအာရုံဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ အခြားအခြေအနေများမှာ

  • ဦးခေါင်းဒဏ်ရာ
  • အသားဝါ
  • ဘက်တီးရီးယား (သို့) ဦးနှောက်အမြှေးရောင် ဗိုင်းရပ်စ်
  • အခန်းထဲမှာ လေဝင်လေထွက် ကြာရှည်မကောင်းခြင်း
  • ပဋိဇီဝဆေးအချို့ကြောင့်
  • နားဖာချေး (သို့) နားစည်နောက်ကွယ်မှ အရည်
  • နားပြွန်ထဲမှာ ကပ်နေတဲ့ အရုပ်၊ အစာကဲ့သို့သော အရာများ
  • အိမ်နားမှာ အသံကျယ်ကျယ်ဖြင့် ဆောင်းဘောက်တွေ၊ လော်စပီကာတွေ အမြဲတမ်းဖွင့်ခြင်း

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here