ဖေဖေမေမေတို့ဆိုသည်မှာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ အထူးသဖြင့် မိသားစုတစ်ခုတည်းမှာတင် ဖေဖေကပျော့ပျောင်းပြီး မေမေက စည်းကမ်းကြီးတာမျိုးတွေဖြစ်တတ်တာကြောင့် အခြားသောမိဘတွေနဲ့ဆိုရင်တော့ ကြီးကြီးမားမားခြားနားချက်တွေရှိနေမယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ အဲ့ဒါကြောင့်လည်း ဒီနေ့မှာတော့ ဖေဖေမေမေတို့ရဲ့ မတူကွဲပြားတဲ့ အုပ်ချုပ်မှုပုံစံတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အာဏာစက်နဲ့အုပ်ထိန်းခြင်း။
ဒီအမျိုးအစားအောက်မှာတော့ ဖေဖေမေမေတို့ဘက်က မကြာခဏစည်းကမ်းတွေအကြောင်းပဲ ပြောတတ်ကြပြီး သိပ်ပြီးညှိနှိုင်းဆွေးနွေးတတ်ကြတာမျိုးမရှိပါဘူး။ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီဆိုတာနဲ့ သားသားမီးမီးတို့ကို အပြစ်ပေးလေ့ရှိကြပြီး ဖေဖေမေမေတို့ကနေ သားသားမီးမီးတို့ဆီကိုပဲ စကားပြောဆက်သွယ်ရတဲ့အုပ်ထိန်းနည်းတစ်မျိုးလို့ဆိုနိုင်ပါတယ်။ ဖေဖေမေမေတို့က သူတို့ သတ်မှတ်ထားတဲ့စည်းမျဥ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သားသားမီးမီးတို့ကို သေချာနားလည်အောင် ရှင်းပြထားတာမျိုးမရှိဘဲ သားသားမီးမီးတို့အပေါ် မျှော်လင့်ချက်တွေကြီးမားပြီး ဒီလိုအုပ်ထိန်းမှုနည်းစနစ်ကတော့ သားသားမီးမီးတို့အတွက်အကျိုးမရှိဘူးလို့ပဲဆိုရမှာပါ။

၂။ သူငယ်ချင်းဆန်တဲ့ဆက်ဆံရေးနဲ့ အုပ်ထိန်းခြင်း။
ဒီလိုအမျိုးအစားအောက်က ဖေဖေမေမေတို့ကတော့ သူတို့ရဲ့ သားသားမီးမီးတွေ ဖြစ်စေချင်တာကို သတ်မှတ်ထားတဲ့စည်းတစ်ခုနဲ့အတူ လွှတ်ပေးထားတတ်ပြီး မိဘထက် သူငယ်ချင်းပိုဆန်တဲ့ မိဘတွေလို့ဆိုနိုင်ပါတယ်။ စည်းကမ်းတင်းကျပ်တာမျိုးမရှိဘဲ ရင်ဆိုင်လာရတဲ့ပြဿနာတွေကိုလည်း သားသားမီးမီးတို့ ကိုယ်တိုင်ဖြေရှင်းတတ်အောင် လွှတ်ပေးထားတတ်ကြပါတယ်။ မိဘနဲ့သားသမီးအကြား ပွင့်ပွင့်လင်းလင်းဆက်သွယ်နိုင်ပြီး လမ်းကြောင်းသတ်မှတ်ပေးထားတာက သားသားမီးမီးတို့ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးထားတဲ့ ဖေဖေမေမေမျိုးတွေပါ။ သူတို့က သားသားမီးမီးတို့ကို နွေးထွေးမှုပေးတတ်ကြပြီး မျှော်လင့်ချက်ကြီးကြီးမားမားမထားဘဲ သားသားမီးမီးတို့ကို ဝန်ပေါ့စေတတ်တဲ့ မိဘမျိုးဖြစ်ပါတယ်။

၃။ မသက်ဆိုင်သလို အုပ်ထိန်းခြင်း။
ဒီလိုမိဘမျိုးတွေကတော့ သူတို့ရဲ့သားသားမီးမီးတို့ကို အင်မတန်လွတ်လပ်ခွင့်ပေးထားပြီး သူတို့ရဲ့လမ်းကြောင်းတွေကိုလည်း ထိန်းချုပ်ထားတာမျိုးမရှိပါဘူး။ အချို့မိဘတွေကျ ဘယ်လိုမျိုးအုပ်ထိန်းရမလဲဆိုတာကို မသိတဲ့အချက်ရယ်၊ သားသမီးအုပ်ထိန်းဖို့ စိတ်မဝင်စားတဲ့အချက်ရယ်ကြောင့် အခုလိုမျိုးဖြစ်တာမျိုးတွေရှိပါတယ်။ ဒီလိုမိဘမျိုးတွေက သားသားမီးမီးတို့ကို ဘာစည်းကမ်းမှမသတ်မှတ်ပေးထားဘဲ သားသားမီးမီးတို့ကို သူတို့လုပ်ချင်တာ လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးထားပြီး တစ်ခုခုဆိုဆုံးမတာမျိုး ဒါမှမဟုတ် ဂရုစိုက်တာမျိုးမရှိကြပါဘူး။ မိဘနဲ့သားသမီးအကြား ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးမရှိဘဲ သားသားမီးမီးတို့အပေါ် တစ်စုံတစ်ရာ မျှော်လင့်ထားတာမျိုးလည်းမရှိတတ်ကြပါဘူး။

၄။ သင့်တော်တဲ့အခွင့်အာဏာနဲ့ အုပ်ထိန်းခြင်း။
ဒီလိုမိဘမျိုးတွေကတော့ သားသားမီးမီးတို့ကို အကျိုးသင့်အကြောင်းသင့်ပြုစုပျိုးထောင်ပေးနိုင်ကြပြီး ကလေးတွေအပေါ် မြင့်မားတဲ့မျှော်လင့်ချက်တွေထားနိုင်ကြပါတယ်။ သူတို့ရဲ့အောက်မှာ ကြီးပြင်းလာတဲ့ သားသားမီးမီးတို့ကတော့ ကိုယ်တိုင်ကိုယ်ကျ စဥ်းစားတွေးခေါ်တတ်တတ်ကြပြီး ဒါက သားသားမီးမီးတို့အတွက် ကြီးမားတဲ့အကျိုးအမြတ်တစ်ခုဖြစ်ပါတယ်။ စည်းမျဥ်းစည်းကမ်းတွေ ချမှတ်တတ်ကြပေမယ့် ဒီလိုဖေဖေမေမေမျိုးတွေက ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေက ရှင်းရှင်းလင်းလင်းရှိတတ်ကြပြီး ဒီလိုသတ်မှတ်ရခြင်းရဲ့နောက်ကွယ်မှာလည်း အကျိုးအကြောင်း ဆီလျော်တဲ့ ရှင်းပြချက်တွေ အများကြီးရှိပါတယ်။ မကြာခဏ သားသားမီးမီးတို့နဲ့ ဆက်သွယ်ပြောဆိုမှုတွေရှိနေပြီး ဒီအချက်က သားသားမီးမီးတို့ရဲ့ နားလည်နိုင်စွမ်းကို မြင့်မားစေနိုင်ပါတယ်။ ဒီလိုဖေဖေမေမေမျိုးတွေရဲ့ လက်အောက်မှာ ကြီးပြင်းလာတဲ့ ကလေးငယ်တွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေက မှန်ကန်တတ်ကြပြီး ဖေဖေမေမေတို့ကလည်း သားသားမီးမီးတို့ကို မျှော်လင့်ချက်တွေ မြင့်မြင့်မားမားထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုးရည်မှန်းချက်တွေထားရတဲ့အပေါ်မှာလည်း သူတို့က သားသားမီးမီးတို့ကို နားလည်အောင်ရှင်းပြတတ်ကြပါတယ်။
ဖေဖေမေမေတို့ကရော ကိုယ့်ကိုယ်ကိုယ်ဘယ်လိုမိဘမျိုးလဲဆိုတာကို မျှဝေပေးသွားကြပါဦး။

#HM
#ChitMayMay
Source: brighthorizon
Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။