မထီမဲ့မြင်အပြုအမူတွေ လုပ်ပြတတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ?

0
2308
- Advertisement -

ဒီနေ့ပြောပြချင်တာကတော့ မိဘတွေက တစ်ခုခုလေးများ ပြောမိရင် မထီမဲ့မြင်အမူအရာနဲ့ အပြုအမူတွေနဲ့တုံ့ပြန်တတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်နိုင်မလဲ? ဘယ်လို ကောင်းမွန်လာအောင် ပြန်လုပ်ကြမလဲဆိုတာပဲဖြစ်ပါတယ်။ တကယ်ပြောရရင် ကလေးတွေ ဆိုးသွားတဲ့ အဓိက အကြောင်းရင်းက မိဘတွေပေါ် အများကြီးမူတည်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ဦးဆရာက မိနဲ့ဖ ဖြစ်နေလို့ပါပဲ။ ကလေးတွေကို အကိုင်အတွယ်မတတ် အချစ်မတတ်ရင်ဆိုးသွားနိုင်ပါတယ်နော်။ ကဲ..ဒီတော့ဆိုးတဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေလုပ်တတ်တဲ့ကလေးတွေကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာလေးဖတ်ကြည့်ရအောင်,,

သင့်မိဘပါဝါကိုသုံးပါ

ချစ်တာတော့ချစ်ပါ၊ နှစ်သလိုမဖြစ်မိစေပါနဲ့။ ဆိုလိုတာက သင့်မှာ မိဘပါဝါ အာဏာရှိပါတယ်၊ ဒါကြောင့် မထီမဲ့မြင်ပုံစံပြုမူလာရင် တခါတည်းရှင်းပါ။ ခိုင်မာပြတ်သားတဲ့စကားတွေ အမိန့်တွေကို သုံးပါ။ ဒါမှ ဒီလိုကလေးတွေက သင့်စကားကို ပိုပီးနားထောင်ဖို့ဖြစ်နိုင်ပါတယ်။

- Advertisement -

ဥပမာ ရေချိုးဖို့အချိန်ရောက်ပီလို့ထင်တယ်၊ အခုအိပ်ရာဝင်ချိန်လို့မထင်ဘူးလားဆိုတဲ့ ခပ်ပျော့ပျော့စကားတွေအစား “မင်းအခု ရေချိုးရမယ်၊ အိပ်ရမယ်၊ အိပ်စာလုပ်ရမယ်ဆိုတဲ့ စကားမျိုး အမိန့်ပေးတာမျိုးကိုသုံးရမှာပါ။ သင့်ဘက်က ပျော့တော့တော့နဲ့အလိုလိုက်နေရင် ရောင့်တက်ပီးဆိုးသွားပါလိမ့်မယ်၊ နောက်ပိုင်း သင့်ကိုရော ဘယ်သူ့ကိုရောမှ ကြောက်မှာ လေးစားမှာ မ ဟုတ်တော့ပါဘူး။

တောင်းဆိုမှုကိုတာဝန်ခံမှုရှိမှလိုက်လျောပါ

ဆိုလိုတာက သင့်ကလေးက သင့်ကိုတစ်ခုခုတောင်းဆိုတယ်၊ ခွင့်ပြုချက်တောင်းတယ်ပေါ့။ အဲ့ဒီအခါ မပေးနိုင်ဘူး၊ မဆော့နဲ့လို့ ပြောမယ့်အစား “ငါခွင့်ပြုချင်ပါတယ်၊ ဒါပေမယ့် မင်းကစားစရာတွေအကုန်လိုက်သိမ်းရမှာမလိုချင်ဘူး၊ မင်းခုလုပ်မှာတွေနဲ့ပက်သက်ပြီးတာဝန်ယူမှုရှိတယ်ဆိုတာ မပြောပြခင်အချိန်ထိ ငါခွင့်မပြုနိုင်ဘူး၊ အိမ်ကိစ္စတွေမပြီးသေးလို့ ခွင့်မပြုနိုင်သေးဘူး”ဆိုတဲ့စကားလုံးမျိုးတွေသုံးသင့်ပါတယ်။

ဒါကဘာကိုပြလဲဆိုရင် “သင်က ဆော့ကစားခွင့်ပြုချင်ပေမယ့် သူ့တာဝန်ယူမှု၊ တာဝန်ခံမှုကိုပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဒီကနေ သင့်ကလေးက သူ့ဆော့ကစားရဖို့အတွက် အိမ်ကိစ္စတွေမှာ ကူညီပေးနိုင်သလိုအရာရာမှာ တာဝန်ယူမှုရှိတယ်ဆိုတာကိုနားလည်သဘောပေါက်စေပါတယ်။ အရာရာတိုင်းကို အလွယ်ခွင့်ပြုနေရင် နောက်ပိုင်း ထိန်းမနိုင်သိမ်းမရဖြစ်သွားပါတတ်တယ်။

မကောင်းတဲ့အပြုအမူဟာတန်ဖိုးရှိလား ကောင်းကျိုးရှိလားဆိုတာမေးပါ

သင့်ကလေးကို ရိုင်းစိုင်းတဲ့ အပြုအမူ၊ မကောင်းတဲ့ အပြုအမူတွေကတန်ဖိုးရှိသလားဆိုတာသေချာမေးပါ။ သူတို့ကို ဘယ်လိုအကျိုးဆက်တွေရနိုင်လဲဆိုတာရှင်းပြပါ။ သူတို့ဆင်ခြင်လောက်တဲ့ ဥပမာတွေနဲ့ မှတ်မိလောက်အောင် ရိုက်သွင်းပါ။ ကလေးတွေက ရွှံတွေလိုပဲ လိုရာပုံသွင်းလို့ရပါတယ်၊ ကိုယ်လိုချင်တဲ့ပုံကိုဘယ်လိုနည်းနဲ့သွင်းမလဲဆိုတာပဲ အရေးကြီးပါတယ်။ အပျော့ကြိုက်အပျော့ အကြမ်းကြိုက်အကြမ်းပေါ့။ အကောာင်းဆုံးကတော့ သူတို့စိတ်ကို နာကျင်စေခြင်းမရှိပဲ အသိတရားနဲ့ဆင်ခြင်တတ်အောင် သွန်သင်တာအကောင်းဆုံးပါ။

မိသားစုတန်ဖိုးကိုရှင်းပြပါ

ဆိုလိုတာက ကလေးကိုတန်ဖိုးထားတတ်အောင် မိသားစုတန်ဖိုးကို ရှင်းပြပေးစေချင်တာပါ။ မိသားစုက ဘယ်လိုလူတန်းစားတွေဖြစ်တယ်၊ ဆိုလိုတာက ပိုက်ဆံမချမ်းသာရင်တောင် ရိုင်းစိုင်းတဲ့မိသားစု၊ အဆင့်အတန်းမရှိတဲ့ မိသားစု မဟုတ်ဘူးဆိုတာမျိုးပေါ့။ ဒါကြောင့်သူ့ရဲ့ ရိုင်းစိုင်းတဲ့ မထီမဲ့မြင်ပြုတတ်တဲ့ အပြုအမူတွေကို သူတစ်ယောက်တည်းကို ထိခိုက်မှာမဟုတ်ပဲ အား လုံးကိုထိခိုက်ရကြောင်းသူသိမှာပါ။

သူဘာပြောချင်တာလဲဘာလုပ်စေချင်တာလဲဆိုတာမေးပါ

သင့်ကလေးရဲ့ တခါတရံမထီမဲ့မြင် ပြုတတ်တဲ့ပုံစံတွေဟာ သူတို့စိတ်တွင်းတစ်ခုခုကိုအလိုမကျလို့လည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးကို ” သားဘာပြောချင်တာလဲ? ပွင့်ပွင့်လင်းလင်းပြောပြမှအမေတို့သိမှာပေါ့”ဆိုတဲ့စကားမျိုးနဲ့ သူတို့စိတ်တွင်းခံစားချက်ကို ဖွင့်ပေးပါ။

တစ်ခါတစ်ရံ သူတို့မကြိုက်တဲ့ သူတို့စိတ်ထဲခံစားရတဲ့ စကားမျိုးကို မိဘတွေကပြောတတ်တဲ့အတွက် ကလေးတွေက ဒီလိုအပြုအမူတွေလုပ်ပြတတ်ကြပါတယ်။ ဒါကြောင့် သူ့စိတ်တွင်းခံစားချက်ကို ပွင့်ပွင့်လင်းလင်းမေးပါ။ သူတို့မခံစားနိုင်တဲ့ မနှစ်သက်တဲ့စကားလုံးအစား တခြားစကားလုံးပြောင်းလဲသုံးစွဲပါ။ ကိုယ်လိုချင်တာကိုရောက်အောင် ပုံသွင်းဖို့ ကိုယ့်ရဲ့ လိမ္မာကျွမ်းကျင်ပါးနပ်မှုပေါမှာမူတည်ပါတယ်။

“NO”ဆိုတဲ့စကားလုံးကိုရှင်းပြပါ

ဒီကလေးကတခုခုကိုတောင်းဆိုတယ်၊ မိဘတွေက”NO”လို့ပြောလိုက်တယ်။ အဲ့ဒီမှာ တိုက်ပွဲစဖြစ်နိုင်ပါတယ်။ သူတို့ကစိတ်ဆိုးပီး ကဂျီကဂျောင်ကျနိုင်ပါတယ်။ အဲ့ဒီအခါမျိုးမှာ သူတို့ငြိမ်သက်သွားစေတဲ့၊ စိတ်သက်သာစေတဲ့ အရာတစ်ခုခုနဲ့နှစ်သ်မ့်ပါ။ ဥပမာ သူ့ကိုပုံပြင်ပြောပြတာမျိုး၊ ရုပ်ပုံတွေအတူရေးခြယ်တာမျိုးလုပ်ပါ။ ပြီးရင် စောနက “NO”လို့ဘာကြောင့်ပြောရတယ်ဆိုတာရှင်းပြပါ။

ကလေးတွေက “NO” ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို သေချာနားမလည်ကြပါဘူး။ ဒါကြောင့်ရှင်းပြရမှာ မိဘတွေတာဝန်ပါပဲ၊ NOဆိုတဲ့စကားလုံးသုံးပီးတိုင်း ဘာကြောင့် NOလို့ပြောရတယ်ဆိုတာကိုရှင်းပြပါ။ ဆိုလိုတာက အန္တရယ်များလို့၊ အမေတို့မှာ ပိုက်ဆံမပြေလည်သေးလို့ စတာမျိုးတွေပါ။ ပြီးရင်တော့ အခုငြင်းလိုက်ရပေမယ့် ဒါကိုဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေ အခြေအနေတွေအကြောင်းပြောပြပါ။

” NO”ရဲ့တန်ဖိုးနဲ့ အဓိပ္ပါယ်ကိုသေချာနားလည်အောင်ရှင်းပြထားခြင်းကြောင့် တချိန်မှာ သူတို့ငြင်းပယ်မှုနဲ့ ကြုံခဲ့ရရင် ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို အတွေ့အကြုံရပီးသားဖြစ်သွားပါလိမ့်မယ်။ကဲ.ဒီလောက်ဆို မထီမဲ့မြင်လုပ်တတ်တဲ့ အပြုအမူတွေ လုပ်တတ်တဲ့ကလေးတွေကို ဘယ်လိုပြုပြင်နိုင်မလဲ၊ ဘယ်လို ပုံသွင်းနိုင်မလဲဆိုတာ မေမေတို့သိလောက်ပီထင်ပါတယ်နော်.

#Chit_May_May

#Mg_Htet

REF_Power Of Possitivity

LEAVE A REPLY

Please enter your comment!
Please enter your name here