မိခင်ကောင်းတစ်ယောက်ဆီမှာ တွေ့မြင်ရလေ့ရှိတဲ့ အရည်အသွေးတွေ

0
129
- Advertisement -

မိခင်ဘဝရယ်လို့ ကြားလိုက်ပြီဆိုတာနဲ့ တစ်ချို့လူတွေအတွက်က တစ်ခုခုကို အောင်မြင်ဖို့၊ ဖြစ်မြောက်ဖို့ ကြိုးစားရုန်းကန်ရတဲ့ ပန်းတိုင်တစ်ခုလို့ တွေးထင်တတ်ကြပါတယ်။ မိခင်ကောင်းဆိုတာဟာ သူ့ရဲ့ရည်မှန်းချက်ကိုသာ အကောင်အထည်ဖော်တတ်သူမဟုတ်ဘဲ ကိုယ့်သားသမီးအကျိုး၊ ကိုယ့်သားသမီးရဲ့ ပျော်ရွှင်မှုကိုသာ မျှော်ကိုးတန်ဖိုးထားသူသာလျှင်ဖြစ်ပါတယ်။

ဘယ်သူကမှတော့ မွေးကတည်းက မိခင်ကောင်းဖြစ်မယ်ဆိုပြီး ခေါင်းစဥ်အတပ်မခံရပါဘူး။ ဒါပေမယ့် ကိုယ်အပါအဝင် သားသမီးတွေနဲ့ကြားက ဆက်ဆံရေးကို ပိုပြီးသာယာလှပအောင်၊ ပျော်ရွှင်စရာကောင်းအောင် ဖန်တီးနိုင်မယ့် လက္ခဏာလေးတွေကိုတော့ ကြိုတင်သိနားလည်ပြီး လုပ်ဆောင်နိုင်ပါတယ်။ မိခင်ဘဝဆိုတာ ကိုယ်ရော ကိုယ့်ကလေးတွေဆီမှာပါ ကောင်းတဲ့အကျင့်၊ ကောင်းတဲ့အလေ့အထလေးတွေကို မွေးမြူပျိုးထောင်ပေးရတဲ့ ခရီးစဥ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါဆိုရင် ဘယ်လိုအချက်တွေကို ကြည့်ပြီးတော့ မိခင်ကောင်းလို့ သတ်မှတ်လို့ရသလဲ။ အောက်ကအချက်လေးတွေကို တခုချင်းစီ ဖတ်ကြည့်သွားပြီးတော့ ကိုယ့်မှာရှိနေတယ်ဆိုရင် ဂုဏ်ယူဝင့်ကြွားနိုင်ပြီး မရှိသေးဘူးဆိုရင်တော့ နောက်မကျသေးခင် အမြန်ဆုံးပြင်ဆင်လိုက်ပါ။

- Advertisement -

စိတ်ရှည်သည်းခံမှု

ဘယ်လိုအခြေအနေတွေပဲ ကြုံလာရပါစေ စိတ်ရှည်သည်းခံတတ်တဲ့ စိတ်လေးသာရှိမယ်ဆိုရင် အော်ငေါက်ဆူဆဲတာတွေလည်း မရှိတော့သလို ဒေါသလည်းလျော့သွားမယ်၊ နောင်မှနောင်တရမယ့် စကားလုံးတွေမပြောမိအောင်လည်း တားဆီးနိုင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် ကိုယ့်ကလေးရဲ့ အပြုအမူ၊ အကျင့်စရိုက်ကိုလည်း လက်ခံတတ်ရမှာဖြစ်ပြီး ဒီဟာတွေက သူတို့လေးတွေ ဖွံ့ဖြိုးလာမှုရဲ့ တစိတ်တပိုင်းရယ်လို့ ယူဆရမှာဖြစ်ပါတယ်။
• ခဏအနားယူပါ – ကိုယ်ကတအားဒေါသထွက်နေပြီဆိုရင်တော့ ကိုယ့်ကိုခဏလောက်အချိန်ပေးဖို့ ကလေးတွေကိုပြောပါ။ ငါးမိနစ်လောက်ဖြစ်ဖြစ် အခန်းထဲမှာသွားနေပြီး စိတ်ကိုထိန်းလိုက်မယ်ဆိုရင် မာန်တာတွေ၊ အော်ဟစ်တာတွေလည်း ရှိမှာမဟုတ်တော့ပါဘူး။
• ဖြည်းဖြည်းချင်းသွားပါ – စက္ကန့်ပိုင်းအတွင်း အားလုံးပြီးအောင်လို့ လုပ်စရာမလိုပါဘူး။ မလိုအပ်ဘဲနဲ့ ကိုယ့်ကိုယ်ကို စိတ်ဖိစီးခံပြီး ရောဂါမရှာပါနဲ့။

သန်မာတယ်

မိခင်ဖြစ်တဲ့ ကိုယ့်စိတ်ဓာတ်က သန်မာမှသာလျှင် ကိုယ့်သားသမီးက ကိုယ့်အပေါ်မှီခိုစိတ်ထားနိုင်မှာဖြစ်ပါတယ်။ အပြင်မှာကြုံတွေ့နေရတဲ့ အကြောက်တရားတွေ၊ စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ဖို့အတွက် နှစ်သိမ့်မှုခံယူဖို့အတွက် တစ်ခုတည်းသောနေရာဟာ မိခင်တွေရဲ့ ရင်ခွင်ပဲဖြစ်ပါတယ်။

• စိတ်ကိုငြိမ်ငြိမ်ထားပြီး အကျိုးသင့်အကြောင်းသင့်တွေးပါ – ဘေးကျပ်နံကျပ်ဖြစ်လာချိန်မှာ လန့်ဖြန့်ပြီး ပျာယာခတ်မသွားပါနဲ့။ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို ဘေးခဏထားပြီး ကလေးကို နှစ်သိမ့်မှုပေးပါ။

ထောင်လွှားမှုမရှိဘူး

မာနက ကိုယ့်ကိုလွှမ်းမိုးသွားတာလောက် ဆိုးတဲ့ကိစ္စမရှိပါဘူး။ လူကြီးတွေလည်း အမှားလုပ်တတ်သေးတာပဲဆိုတာကို ကလေးတွေသိသင့်ပါတယ်။ ကလေးတွေသိမှာစိုးလို့ ကိုယ်လုပ်လိုက်တဲ့အမှား၊ ကိုယ့်အပြစ်ကို ဖုံးကွယ်ခဲ့ဖူးပါသလား။

လူကြီးဖြစ်တဲ့ကိုယ်တောင်မှ မှန်မှန်ကန်ကန်မနေနိုင်ဘူးဆိုရင် ကလေးတွေကိုကျတော့ ဒီလိုနေရမယ်ဆိုပြီး မျှော်လင့်ချက်ကြီးတွေ မထားသင့်ပါဘူး။ ကိုယ်ကရှေ့ကနေပြီး အမှားကိုပြန်ပြင်တတ်ပြီး ယဥ်ကျေးသိမ်မွေ့တဲ့အမူအယာ၊ နှိမ့်ချတတ်မှသာလျှင် ကလေးတွေလည်း ဒီလမ်းအတိုင်းလိုက်မှာဖြစ်ပါတယ်။
• မကြွားဝါပါနဲ့ – တစ်ခုခုဖြစ်လိုက်တာနဲ့ ကြွားမယ်ဆိုရင်တော့ မိုက်မဲသလိုပုံစံဖြစ်စေကာ မေးထူးခေါ်ပြောလုပ်ဖို့ကိုလည်း ခွာသွားနိုင်ပါတယ်။
• ကိုယ့်အမှားအတွက် တောင်းပန်ပါ – မာနကို ခဝါချပြီး တောင်းပန်ပါတယ်လို့ ပြောရတာဟာ ကလေးတွေရှေ့မှာဆိုရင် ပိုပြီးပြောမထွက်တတ်ပါဘူး။ ဒါပေမယ့် ကလေးနောင်ရေးအတွက်ပါလေဆိုပြီး ကြိုးစားမယ်ဆိုရင်တော့ အရာအားလုံးက ဖြစ်နိုင်ပါတယ်။

#Chit_May_May

#Thinzar

Ref- sleepingshouldbeeasy

LEAVE A REPLY

Please enter your comment!
Please enter your name here