ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံလာကြုံလာ သို့မဟုတ် အခက်အခဲတွေကို ရင်ဆိုင်လာရပါစေ မိခင်တစ်ဦးဖြစ်လာခြင်းက အမျိုးသမီးတိုင်းအတွက် အကောင်းတကာ့အကောင်းဆုံးသော ခံစားချက်တစ်မျိုးဖြစ်ပါတယ်။ ကိုယ့်ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားငယ်လေးနဲ့အတူတူ ဆော့ကစားပေးဖို့အတွက် အချိန်သီးသန့်ဖယ်ထားခြင်းက ကလေးရဲ့ဖွံ့ဖြိုးမှုအပေါ် အင်မတန်အထောက်အကူဖြစ်စေပြီး ဒါဟာမိဘတိုင်းလုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
သမီးလေးတွေအတွက် ဖခင်တွေလုပ်ဆောင်ပေးရမယ့် အရာတွေရှိသလိုပဲ ခိုင်မြဲတည်တံ့တဲ့ သားအမိဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ရန် သားဖြစ်သူတွေအတွက် မိခင်တိုင်းလုပ်ပေးရမယ့် အရာတွေကလည်း သပ်သပ်ရှိနေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို ဖတ်ရှုနေတဲ့ မိခင်တွေအနေနဲ့ သားလေးတွေမွေးထားတယ်ဆိုရင် အခုပြောပြပေးမယ့် အချက်လေးတွေကို အတူတူလုပ်ဆောင်ပေးလိုက်ပါ။
၁။ အတူတူစာဖတ်ပါ
အထူးသဖြင့် ကလေးက ငယ်ငယ်လေးရှိသေးတယ်ဆိုရင် သားနဲ့အချိန်အတူကုန်ဆုံးဖို့အတွက် ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စာအုပ်တွေကို အသံအကျယ်ကြီးနဲ့ အော်ဖတ်တာ၊ စကားလက်ဆုံပြောကြတာတွေကို အလှည့်စီပြုလုပ်ပေးပါ။

၂။ အတူတူဆော့ကစားပါ
ကိုယ့်ရဲ့သားငယ်လေးနဲ့ ဆက်ဆံရေးကို ပိုပြီးခိုင်မြဲစေချင်တယ်ဆိုရင်တော့ နည်းလမ်းမျိုးစုံနဲ့ အတူတူဆော့ကစားနိုင်အောင် အချိန်လေးတွေ ဖန်တီးပေးပါ။ စက်ဘီးစီးတာ၊ ဘောလုံးကစားတာ ဒါမှမဟုတ် ပဟေဠိအတူတူဖြေရှင်းကြတာ၊ ဆက်တာ စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ရုပ်ရှင်အတူကြည့်ပါ
သမီးတွေနဲ့မတူဘဲ သားဖြစ်သူတို့နဲ့ အတူတူ အချိန်ကုန်ဆုံးနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ PG ရုပ်ရှင်တွေ၊ ကာတွန်းကားတွေ အတူတူကြည့်ပါ။ ရုပ်ရှင်ကြည့်နေချိန်မှာလည်း သူကြိုက်တဲ့အစားအသောက်တွေ ပြင်ပေးထားပြီးတော့ သူကြည့်ချင်တာကို ရွေးကြည့်ခွင့်ပေးပါ။ ဒါဆိုရင်တော့ မိခင်နဲ့အတူတူ အချိန်ကုန်ဆုံးဖို့အတွက်ကို အမြဲစောင့်မျှော်နေပါလိမ့်မယ်။

၄။ ဗီဒီယိုဂိမ်းအတူတူကစားပါ
သူများသားအမိတွေလို ခပ်တန်းတန်းဆက်ဆံရေးမဟုတ်ဘဲ အမြဲတမ်းပူးကပ်နေပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကလေးတွေစိတ်ဝင်စားတဲ့ အရာတွေပေါ်လိုက်ပြီးတော့ ဆော့ကစားနိုင်အောင် ကြိုးစားပါ။ သားယောကျ်ားလေးတွေဖြစ်တာကြောင့် အတူတူဂိမ်းကစားတာမျိုး ပြုလုပ်ပါ။

၅။ အသစ်အဆန်းလေးတွေကို အတူတူသင်ယူပါ
ဆန်းသစ်တဲ့အရာလေးတွေကို သင်ယူဖို့ဆိုတာ ကလေးအတွက်သာ အရေးကြီးတာမဟုတ်ဘဲ မိခင်ဖြစ်သူလည်း လိုက်လံသင်ယူဖို့အတွက် လိုအပ်ပါတယ်။ ရှုပ်ရှုပ်ထွေးထွေးအရာတွေမှ သင်ယူရမှာမဟုတ်ပါဘူး။ ဟင်းချက်သင်တန်းဖြစ်ဖြစ်၊ ပန်းချီဆွဲသင်တန်းဖြစ်ဖြစ် သားအမိနှစ်ယောက်အတူတူ သင်တန်းတက်ပြီး သင်ယူကြပါ။

၆။ လမ်းလျှောက်ထွက်ကြပါ
သင့်ရဲ့သားအတွက်တော့ အခုအချက်က သိပ်ပြီးစိတ်ဝင်စားစရာကောင်းမှာမဟုတ်ပေမယ့်လည်း နှစ်ဦးသားအတူတူ လမ်းလျှောက်ထွက်ကြခြင်းက သဘာဝပတ်ဝန်းကျင်အကြောင်းကို လေ့လာသင်ယူနိုင်မှာဖြစ်လို့ ကျေးဇူးတင်လာတတ်ပါလိမ့်မယ်။

Chit_MayMay
Thinzar
Source-standardmedia