မိဘကောင်းတို့ရဲ့ အုပ်ထိန်းမှုဆိုင်ရာနည်းလမ်းများဆိုသည်မှာ

0
341
- Advertisement -

မိဘကောင်းတယောက်ဆိုတဲ့ အဓိပ္ပါယ်ကို တိတိကျကျသတ်မှတ်ထားတာမျိုးတော့မရှိပါဘူး။ ကလေးတဦးချင်းရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်လက္ခဏာကို မူတည်ပြီး အုပ်ထိန်းစောင့်ရှောက်ပေးမှုတွေဟာ ကွဲပြားသွားကြပါတယ်။ ဒါပေမယ့် ယေဘူယျအားဖြင့် အခုဖော်ပြပေးမည့် အချက်အလက်တွေဟာ အုပ်ထိန်းမှုစွမ်းရည်ကောင်းမွန်တဲ့ မိဘတွေဆီကနေတွေ့မြင်ရတာတွေကို ဖော်ပြပေးလိုက်တာဘဲဖြစ်ပါတယ်။

လမ်းညွှန်ပံ့ပိုးပေးခြင်း

မိဘတိုင်းကတော့ ကိုယ့်ရဲ့ သားသမီးတွေကို အောင်မြင်စေချင်၊ ထွန်းပေါက်စေချင်ကြတာကြီးပါဘဲ။ ကျောင်းစာတော်ဖို့၊ အားကစားထူးချွန်ဖို့၊ ထိပ်တန်းအဆင့်တခုကို ရရှိနိုင်ဖို့အတွက် တွန်းအားပေးတာမျိုးတွေပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် အချိန်ပြည့်နီးပါး အမိန့်အာဏာသုံးပြီး ဖိအားပေးခိုင်းစေတာမျိုးက ကလေးငယ်တွေရဲ့ စိတ်ကို မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။ မိဘတွေရဲ့ အမိန့်အာဏာကို မလွန်ဆန်နိုင်လို့ ကြိုးစားရင်တောင်မှ သူတို့ကိုယ်တိုင် လိုလားစိတ်တွေဟာ ပျောက်ကွယ်နေတာမို့ အကောင်းဆုံးသော အနေအထားတွေကို မရရှိနိုင်ပါဘူး။ ဒါ့အပြင် မိဘတွေရဲ့ အမိန့်အာဏာကို ချိုးဖောက်နိုင်တဲ့ အခွင့်အရေးမျိုးရရှိသွားတာနဲ့ သူတို့ဟာ ထိန်းသိမ်းဖို့မလွယ်ကူလောက်အောင် ဆိုးဝါးသွားနိုင်ကြပါတယ်။

လွတ်လပ်မှုရှိပါစေ

ကလေးငယ်တွေ သူတို့ဘာသာ လုပ်ကိုင်နိုင်စွမ်းရှိဖို့၊ တာဝန်ယူနိုင်စွမ်းရှိဖို့ အရေးကြီးတာကို မိဘတွေအနေနဲ့သိထားဖို့လိုပါတယ်။ အိမ်စာဖြစ်စေ၊ အိမ်မှုကိစ္စဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းဆက်ဆံရေးဖြစ်စေ အစရှိတဲ့ ကိစ္စမျိုးတွေကို သူတို့ဘာသာ ကိုင်တွယ်လုပ်နိုင်စွမ်းရှိဖို့လိုပါတယ်။ တခါတရံမျိုးမှာ သူတို့ရဲ့နှုတ်ကနေဖွင့်ဟအကူအညီတောင်းလာတဲ့ ကိစ္စမျိုးတွေဆိုရင်တောင်မှ သူတို့ကိုယ်တိုင်လုပ်နိုင်စွမ်းရှိမရှိသေချာစေပြီးမှ အကူအညီပေးသင့်ပါတယ်။ ဒါမှသာ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့လုပ်နိုင်စွမ်းကို သူတို့ကိုယ်တိုင်ခိုင်မာစွာတည်ဆောက်နိုင်မှာဘဲဖြစ်ပါတယ်။

ကလေးငယ်တွေသည် အမြဲလိုစောင့်ကြည့်လေ့လာသင်ယူနေတာကို သတိရပါ

မိဘတွေရဲ့ နှုတ်ထွက်စကားတွေ၊ ကိုယ်နှုတ်အမူအရာတွေကို ကလေးငယ်တွေရဲ့ရှေ့မှာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ပုံစံမျိုးတွေ မဖြစ်စေဖို့ စောင့်ထိန်းသင့်ပါတယ်။ ကလေးငယ်တွေသည် မိဘတွေရဲ့ စိတ်နေစိတ်ထား၊ ကိုယ်နှုတ်အမူအရာ အစရှိတာတွေကို အတုမြင် အတတ်သင်ကြတဲ့ သဘောမျိုးရှိကြတဲ့အတွက် ကလေးငယ်တွေကို ကြီးပြင်းလာချိန်မှာ ကြင်နာခြင်း၊စာနာထောက်ထားခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းအစရှိတဲ့ အပြုအမူကောင်းတွေပြုလုပ်စေလိုရင်တော့ ကလေးငယ်တွေရဲ့ရှေ့မှာ ရိုင်းစိုင်းကြမ်းတမ်းစွာပြောဆိုတာမျိုးကို အထူးရှောင်ရှားဖို့လိုပါတယ်။ မိဘတွေကလည်း လူသားတွေဘဲမို့ တခါတရံမျိုးမှာ စိတ်ဆိုးဒေါသထွက်တာမျိုး၊ အော်ဟစ်တာမျိုးတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေကို နှိမ့်ချခြင်း၊ အရှက်ခွဲခြင်း အစရှိတဲ့ အပြုအမူမျိုးတွေမဖြစ်စေဖို့ကိုတော့ အထူးဂရုစိုက်ရပါမယ်။

ချစ်မြတ်နိုးကြောင်း သိရှိခံစားစေပါ

မိဘတွေသည် မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေရတာမို့ ကလေးငယ်တွေကို အစဉ်သဖြင့် ယုယကြင်နာကြောင်းပြသဖို့ အချိန်ရှားပါးကြပါတယ်။ ဒါပေမယ့် ရရှိလာတဲ့ အားလပ်ချိန်မျိုးမှာ ကလေးငယ်တွေနဲ့အတူစကားပြောဆိုခြင်း၊ ဆော့ကစားခြင်း အစရှိတဲ့အသေးအဖွဲ့လေးတွေမှတဆင့် သူတို့ကို ချစ်ခင်ကြင်နာမှုရှိကြောင်းပြသပေးဖို့လိုအပ်ပါတယ်။ ထိုကဲ့သို့သော အကြောင်းအရာလေးများသည် မိဘနဲ့ သားသမီးဆက်သွယ်ရေးကို ပိုမိုအားကောင်းလာစေပြီး ချစ်ခြင်းမေတ္တာရဲ့ နွေးထွေးမှုတွေကြောင့်ကလေးငယ်တွေသည် လုံခြုံစိတ်ချတဲ့ခံစားချက်များ၊ အပြုသဘောဆောင်တဲ့ ခံစားချက်များ ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

အမှားကျူးလွန်မိတဲ့အခါမျိုးမှာ တောင်းပန်ပါ

ကလေးငယ်တွေအမှားကျူးလွန်မိတဲ့အခါမျိုးမှာ သူတို့ရဲ့ အမှားတွေကို ဝန်ခံပြီး တောင်းပန်တာမျိုးကို လိုလားရင် မိဘတွေကိုယ်တိုင်ကလည်း သူတို့အပေါ်အမှားပြုလုပ်မိတဲ့အခါမျိုးမှာတောင်းပန်ဖို့လိုအပ်ပါတယ်။ မိဘမို့ ကလေးငယ်တွေကို တောင်းပန်စရာမလိုလောက်ဘူးဆိုတာမျိုးက မှားယွင်းတဲ့ အပြုအမူမျိုးဘဲဖြစ်ပါတယ်။ ဒါမှသာ ကလေးငယ်တွေကို အမှားတွေကဆင့် သင်ယူမှုများပြုလုပ်စေနိုင်ပြီး မည်သို့တာဝန်ယူရမည်ဆိုတာကို သင်ကြားပေးနိုင်ပေးမှာဘဲဖြစ်ပါတယ်။

ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းများချမှတ်ထားပါ

စည်းကမ်းဆိုသည်မှာ အပြစ်ပေးခြင်းမဟုတ်ဘူးဆိုတာကိုတော့ မိဘတွေအနေနဲ့ အထူးသဘောပေါက်ဖို့လိုအပ်ပါတယ်။ စည်းမျဉ်းစည်းကမ်းဆိုသည်မှာ မဖြစ်သင့်တာတွေမဖြစ်ရအောင်၊ လူမှုစွမ်းရည်တွေတိုးတက်အောင်၊ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတဲ့ သဘောသဘာဝကို သိနားလည်အောင် အခြေခံအားဖြင့် သတ်မှတ်ထားတဲ့အရာမျိုးတွေသာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အရာရာကို စည်းကမ်းဆိုတဲ့ သတ်မှတ်ချက်အောက်ထည့်သွင်းထားပြီး လွှမ်းမိုးချုပ်ကိုင်ထားမယ်ဆိုရင်တော့ ကလေးငယ်တွေဟာ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းနဲ့ သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စတွေဟာ ပျောက်ဆုံးသွားပါလိမ့်မယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ပေးဖို့လိုပါတယ်။ သို့ပေမယ့်လည်း ထိရောက်တဲ့စည်းမျဉ်းစည်းကမ်းတွေတော့ ချမှတ်ထားဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှသာ ကလေးငယ်တွေဟာ ကောင်းမွန်မှန်ကန်စွာ ကြီးပြင်းလာကြမှာဘဲဖြစ်ပါတယ်။

သူတို့ရဲ့ ဝါသနာကို ဦးစားပေးပါ

ကလေးငယ်တွေကို တိုးတက်မှုမရှိနိုင်တဲ့နေရာမျိုးကနေ ရုန်းထွက်နိုင်ဖို့အတွက် တွန်းအားပေးတာမျိုးက ကောင်းမွန်ပေမယ့်လည်း သူတို့ရဲ့ ဝါသနာနဲ့ကိုက်ညီတဲ့အရာမျိုးကို မှန်ကန်စွာ တွန်းအားပေးထောက်ပံ့ပေးနိုင်ဖို့တော့လိုပါတယ်။ ဒါမှသာ ကလေးငယ်တွေသည် စိတ်ဖိစီးမှုကင်းဝေးစွာဖြင့် သူတို့ရဲ့ဝါသနာပါရာအတိုင်း ပျော်ရွှင်စွာလုပ်ကိုင်ရင်း တိုးတက်အောင်မြင်နိုင်တဲ့လမ်းကြောင်းတွေကို ရောက်ရှိနိုင်မှာဘဲဖြစ်ပါတယ်။

ကလေးတွေကို လူကောင်းဖြစ်စေဖို့ အဓိကထား သင်ကြားပေးပါ

ကလေးငယ်တွေကို ကြင်နာတတ်ရန်၊ အခြားသောသူများကို လေးစားမှုရှိရန်၊ ကူညီတတ်ရန်၊ ကျေးဇူးတရားကို သိတတ်ရန်နဲ့ သူတပါးအပေါ်စာနာတတ်ရန် အလေးထားသင်ကြားပေးဖို့လိုပါတယ်။ ဘယ်လောက်ပင် အောင်မြင်တိုးတက်နေတဲ့ ဘဝ
မျိုးကို ပိုင်ဆိုင်နေပါစေ လူသားတယောက်ရဲ့ ထားရှိရမယ့် စိတ်ကောင်းစေတနာများမထားရှိပါက သူတို့သည် ပျော်ရွှင်မှုနဲ့ ကျေနပ်ရောင့်ရဲမှုတွေကနေဝေးကွာပြီး အမြဲလိုပူလောင်နေရပါလိမ့်မယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို လူကောင်းတယောက်ဖြစ်စေဖို့အတွက် သင်ကြားပေးတာကလည်း အရေးကြီးဆုံးအချက်တချက်ဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- verywellfamily

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here