မိဘကောင်းဖြစ်ဖို့ဆိုသည်မှာ …..

0
161
- Advertisement -

မိဘအရာမြောက်ဖို့ဆိုတဲ့ကိစ္စက မလွယ်ကူသလို မိဘကောင်းဖြစ်ဖို့ဆိုတာက ပိုလို့တောင် ခက်ခဲပါသေးတယ်။ သားသားမီးမီးတို့ကို မွေးဖို့ဖွားဖို့ စပြီး ကိုယ်ဝန်လွယ်ချိန်ကစလို့ မွေးဖွားချိန်၊ မွေးဖွားပြီးနဲ့ အရွယ်ရောက်တဲ့အထိ အဆင့်ဆင့်ပြုစုပျိုးထောင်တာမျိုးကို နည်းဗျူဟာကျကျ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ပြီးပြည့်စုံတဲ့ မိဘဆိုတာမရှိသလို ပြီးပြည့်စုံပါတယ်ဆိုတဲ့ သားသားမီးမီးဆိုတာလည်းမရှိပါဘူး။ အဲ့ဒီလိုဆိုတိုင်းလည်း ကိုယ့်ရဲ့သားသားမီးမီးတို့အတွက် ဘာမှမလုပ်ဘဲ နေရမယ်လို့မဆိုလိုဘဲ တတ်နိုင်သလောက် ရည်မှန်းချက်မြင့်မြင့်မားမားထားပြီး ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ သားသားမီးမီးတို့ကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာကို ဖေဖေမေမေတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

၁။ သားသားမီးမီးတို့ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်အောင် နေထိုင်ပါ။
သားသားမီးမီးတို့ဟာ ဖေဖေမေမေတို့ကို အနီးကပ်မြင်တွေ့ရင်း ကြီးပြင်းလာကြတာကြောင့် ဖေဖေမေမေတို့က စံပြဖြစ်အောင် ပြုမူနေထိုင်သင့်ပါတယ်။ အရေးကြီးဆုံးအနေနဲ့ ကိုယ့်ရဲ့ရင်သွေးရတနာတွေရှေ့မှာ မကောင်းတဲ့လုပ်ရပ်တွေ မလုပ်မိအောင် အထူးသတိထားရမှာဖြစ်သလို အပေါင်းလက္ခဏာဆောင်တဲ့ အမြင်တွေ၊ ခံစားချက်တွေနဲ့ အပြောအဆို အပြုအမူတွေကို သားသားမီးမီးတို့ဆီ လက်ဆင့်ကမ်းပေးသင့်ပါတယ်။ အဲ့ဒီလိုသာဆိုရင် ကိုယ့်ကိုအတုယူရင်း ကြီးပြင်းလာမယ့် သားသားမီးမီးလေးတွေကလည်း အရွယ်ရောက်လာတဲ့အချိန်မှာ ယဥ်ကျေးသိမ်မွေ့ပြီး အပေါင်းလက္ခဏာဆောာင်တဲ့ လူသားတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

၂။ ချစ်ခင်မြတ်နိုးကြောင်း ထုတ်ဖော်ပြသပါ။
သားသားမီးမီးတို့ကို ဖေဖေနဲ့မေမေတို့က ဘယ်လောက်အထိ ချစ်မြတ်နိုးတယ်ဆိုတာကို စကားလုံးတွေနဲ့ရော၊ အပြုအမူအပြောအဆိုတွေနဲ့ပါ ထုတ်ဖော်ပြသသင့်ပြီး ဒီအချက်က သားသားမီးမီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ငယ်စဥ်တည်းက ကောင်းကောင်းအထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒီလိုမျိုးပြုလုပ်ပေးတဲ့အကျိုးကျေးဇူးအနေနဲ့ သားသားမီးမီးတို့ဆီမှာ Oxytocin လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်ပေါ်လာနိုင်ပြီး အဲ့ဒီဟော်မုန်းက သားသားမီးမီးတို့အတွက် အေးဆေးတည်ငြိမ်မှု၊ စိတ်ပိုင်းဆိုင်ရာနွေးထွေးမှုနဲ့ ကျေနပ်ရောင့်ရဲမှုတို့ကို ဖြစ်ပေါ်စေတယ်လို့ အာရုံကြောဗေဒဆိုင်ရာပညာရှင်တွေက ဆိုပါတယ်။

၃။ ယဥ်ကျေးလိမ္မာဖို့နဲ့ အကောင်းမြင်စိတ်ရှိအောင် သင်ကြားပေးပါ။
သားသားမီးမီးတို့ရဲ့ အရွယ်ရောက်လာတဲ့အချိန်မှာ မြင်တွေ့ရမယ့် အပြုအမူတွေက ဖေဖေမေမေတို့နှစ်ယောက်နဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး ဖေဖေမေမေတို့ကသာ ကောင်းကောင်းမသင်ကြားပေးနိုင်ခဲ့ရင် သူတို့ရဲ့ အပြုအမူနဲ့ အကျင့်စာရိတ္တတွေက ဆိုးရွားနေပါလိမ့်မယ်။ ဖေဖေမေမေတို့က ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ သားသားမီးမီးတို့နဲ့အတူ အချိန်ပေးပြီး ကစားကွင်းသွားပေးတာမျိုး၊ ရုပ်ရှင်တွေကာတွန်းကားတွေ အတူတူကြည့်ပေးတာမျိုး နဲ့ သီချင်းတွေ ကဗျာတွေ အတူတူရွတ်ဆိုပေးတာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။ သူတို့လေးတွေဆီမှာ ပြဿနာတစ်ခုခုရှိလာပြီဆိုရင်လည်း ဖေဖေမေမေတို့က အကောင်းမြင်စိတ်နဲ့အတူ သူတို့ရဲ့ပြဿနာတွေကို အတူတူပူးပေါင်းဖြေရှင်းပေးသင့်ပါတယ်။ အကောင်းမြင်စိတ်နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စတွေက သားသားမီးမီးတို့ရဲ့ ဦးနှောက်ကို ကောင်းကောင်းထောက်ပံ့ပေးနိုင်ပြီး သူတို့ရဲ့ဘဝအတွက် ထာဝရအမှတ်တရတွေအဖြစ် စွဲစွဲမြဲမြဲရှိနေပါလိမ့်မယ်။ စည်းကမ်းတွေချမှတ်တဲ့နေရာမှာလည်း ချုပ်ချယ်ကန့်သတ်တာမျိုးမဟုတ်ဘဲ ရှောင်ရှားရမယ့်၊ မလုပ်သင့်တဲ့ကိစ္စအဖြစ် အကျိုးသင့်အကြောင်းသင့်ရှင်းပြသင့်ပါတယ်။

၄။ သားသားမီးမီးတို့အတွက် လုံခြုံတဲ့ဗိမာန်တစ်ခုဖန်တီးပေးထားပါ။
ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတို့ရဲ့ အပြုအမူနဲ့လှုပ်ရှားမှုတွေကို ဂရုတစိုက်စောင့်ကြည့်သင့်ပြီး သူတို့ရဲ့အပြုအမူတိုင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ သားသားမီးမီးတို့အတွက် နွေးထွေးပြီး လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးထားတာကလည်း အရွယ်ရောက်လာချိန်မှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ လူမှုပေါင်းသင်းဆက်ဆံရေးတို့ကို တိုးတက်ကောင်းမွန်စေမှာ အသေအချာပါပဲ။

၅။ သားသားမီးမီးတို့နဲ့ စကားပြောပေးပါ။
Communication ဆိုတာက နောင်တစ်ချိန်မှာ သားသားမီးမီးတို့အတွက် အရေးပါလာမယ့်အရာတစ်ခုပါပဲ။ ကိုယ့်ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပုံမှန်ဆက်သွယ်နိုင်ဖို့က အရေးပါတာကြောင့် ဖေဖေမေမေတို့က ကိုယ့်ရဲ့သားသားမီးမီးတို့နဲ့ အချိန်ပေးပြီး စကားပြောပေးတာက သူတို့လေးတွေရဲ့နောင်ရေးနဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်ချရစေမှာဖြစ်သလို မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကိုလည်း တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။

၆။ ဖေဖေမေမေတို့ရဲ့ ကလေးဘဝအကြောင်းတွေကို ပြန်ပြောင်းပြောပြပေးပါ။
ကိုယ့်ရဲ့ ငယ်ဘဝက သာယာတဲ့အမှတ်တရတွေအကြောင်းကို ပြန်ပြောင်းပြောပြပေးတာကလည်း ဖေဖေမေမေတို့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဒီလိုမျိုးအကြောင်းတွေကို ပြန်ပြောပြတာက ရည်ရွယ်ချက်ရှိပြီး တစ်ချိန်တုန်းက ကိုယ့်ရဲ့ဖေဖေမေမေက ဒီလိုမျိုးပြုစုပျိုးထောင်ပေးခဲ့လို့ ဒီလိုနေရာကို ရောက်လာတယ်ဆိုတဲ့အကြောင်း သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ နားဝင်အောင် ပြောပြပေးရမှာပါ။ ပထမတစ်ကြိမ်မှာ ဒီလိုမျိုးပြောပြရင်း သင်ကြားပေးတဲ့ကိစ္စမှာ မအောင်မြင်ဘူးဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့။ အကြိမ်ကြိမ်အခါခါ သင်ကြားပြသပေးရင်းနဲ့ပဲ ကိုယ်လိုချင်တဲ့ပုံစံကို ဖြည်းဖြည်းချင်းသွင်းပေးသင့်ပါတယ်။

၇။ ကိုယ့်ရဲ့အိမ်ထောင်ရေးနဲ့ ကျန်းမာရေးကိုလည်း ပြန်လည်ဂရုစိုက်ပေးပါ။
သားသားမီးမီးလေးတို့ကို မွေးဖွားပြီးသွားပြီဆိုရင် သူတို့အပေါ်မှာပဲ အလုံးစုံအပြည့်အဝအာရုံစိုက်တတ်ကြပြီး ကိုယ့်ရဲ့အိမ်ထောင်ရေးကို မေ့ထားတာမျိုး မလုပ်သင့်ဘူးလို့ အကြံပေးချင်ပါတယ်။ အဲ့ဒီလိုသာဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဖေဖေနဲ့မေမေတို့ကြားဆက်ဆံရေးက မသိမသာ အေးခဲသွားနိုင်ပြီး အဖုအထစ်တွေဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ကျန်းမာရေးပါ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့စကာားအတိုင်း ကျန်းမာရေးသာ မကောင်းရင် ကိုယ့်ရဲ့အိမ်ထောင်ရေးကိုရော၊ သားသားမီးမီးတို့ကိုပါ ကောင်းကောင်းဂရုစိုက်နိုင်တော့မှာမဟုတ်ပါဘူး။

၈။ ဘာကိစ္စပဲရှိရှိ မရိုက်ပါနဲ့။
ရိုက်နှက်ခြင်းက သားသားမီးမီးတို့ကို ဆုံးမဖို့အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ သူတို့ဘက်ကတစ်ခုခုအမှားလုပ်လိုက်ပြီဆိုရင် အစွမ်းကုန်နားလည်အောင်ပြောပြသင့်ပြီး ရိုက်လိုက်လို့လည်း အမှားကအမှန်မဖြစ်သွားနိုင်တဲ့အပြင် အကျိုးဆက်အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးက နောက်ပိုင်းမှာ တစ်ခုခုလုပ်လိုက်လို့ မှားယွင်းသွားမှာကို ကြောက်လန့်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်တတ်တဲ့အကျင့်ဆိုးကြီး ပါသွားနိုင်ပါတယ်။ ဒါ့အပြင် ရိုက်နှက်တာက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းလို့ သားသားမီးမီးတို့ရဲ့စိတ်ထဲသံမှိုစွဲသွားနိုင်ပြီး အရွယ်ရောက်လာတဲ့အချိန်မှာလည်း သူတို့ရင်ဆိုင်ရတဲ့ပြဿနာတွေကို အလားတူပုံစံမျိုးနဲ့ဖြေရှင်းတာမျိုးတွေဖြစ်တတ်တာကြောင့် ရိုက်နှက်တာမျိုးကို လုံးဝရှောင်ကြဥ်သင့်ပါတယ်လို့ ဖေဖေမေမေတို့ကိုအကြံပေးချင်ပါတယ်။

#HM
#ChitMayMay
Source: Parentingforbrain
Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here