ရုံးအလုပ်ဖြစ်ဖြစ် အိမ်အလုပ်ဖြစ်ဖြစ် အလုပ်တိုင်းက အရေးကြီးကြတာချည်းပါပဲ။ ကိုယ်အလုပ်လုပ်နေတုန်း ကလေးတွေက ကြားဖြတ်မနှောင့်ယှက်နိုင်အောင်လို့ မိဘတွေက ကြိုတင်စီစဥ်ထားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် အလုပ်ပေါ်မှာ အာရုံမစိုက်နိုင်တော့ဘဲ သူတို့ကိုပဲ လိုက်ထိန်း၊ လိုက်ပြောနေရပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေရဲ့အာရုံကိုတခြားအပေါ်မှာ လွှဲနိုင်အောင်လို့ ဘယ်လိုအလုပ်လေးတွေ ပေးထားမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
၁။ ပြင်ဆင်ချယ်သပြီး ကစားခိုင်းပါ (လမ်းလျှောက်တတ်ခါစနှင့် အထက်)

ရွယ်တူကလေးတွေအတူတူ လွှတ်ထားပြီးတော့ မင်းသမီးလေးတွေအဖြစ် သို့မဟုတ် စူပါဟီးရိုးတွေအဖြစ် သူတို့ကိုယ်သူတို့ ဈာန်ဝင်ပြီးဆော့ကစားခိုင်းခြင်းက အိမ်မှာအလုပ်လုပ်ရမယ့် မိဘတွေအတွက်တော့ တကယ်အလုပ်ဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေဟာ လူကြီးတွေရဲ့ ပါဝင်စွက်ဖက်မှုမပါဘဲ အတူတကွကစားတတ်နေကြပါပြီ။ လုံးဝလွှတ်ထားဖို့ဆိုလိုတာမဟုတ်ပေမယ့် အမြဲတမ်းတော့ စောင့်ကြည့်နေစရာမလိုတော့ပါဘူး။
၂။ ပန်းချီဆွဲခိုင်းပါ (မူကြိုအရွယ်နှင့် အထက်)

ပန်းချီတွေဆွဲခိုင်းခြင်းက တစ်ချို့ကလေးငယ်တွေကို နာရီပေါင်းများစွာကြာအောင် ငြိမ်ငြိမ်ထိန်းထားနိုင်ပါတယ်။ သို့သော်လည်း ဒီအချက်ကို တစ်ယောက်တည်းလုပ်ရမယ်ဆိုရင် နောက်ဆက်တွဲဖြစ်တဲ့ ပစ္စည်းတွေပြန်သိမ်းခြင်းကိုလည်း လုပ်တတ်အောင် တစ်ခါတည်းသင်ပေးထားသင့်ပါတယ်။ အရွယ်ငယ်သေးတဲ့ ကလေးတွေဆိုရင် ညှပ်တာ၊ ဖြတ်တာတွေမပါဘဲ ရိုးရိုးရှင်းရှင်းပန်းချီဆွဲတာလောက်ပဲ လုပ်ခိုင်းပါ။
၃။ စာဖတ်ခိုင်းပါ (၈ နှစ်နှင့်အထက်)

အသက် ၈ နှစ်အောက် ကလေးတွေလည်း စာဖတ်တတ်နေပြီဆိုပေမယ့်လည်း ကျွမ်းကျင်အဆင့်ကိုရောက်ဖို့အတွက်တော့ ကလေးတချို့အတွက် ခက်ခဲနိုင်ပါသေးတယ်။ ဒါကြောင့် စာကြည့်တိုက်ကနေ ဖြစ်ဖြစ် စာအုပ်ဆိုင်ကနေဖြစ်ဖြစ် သူတို့ဖတ်ချင်တဲ့စာအုပ်လေးတွေ ရွေးပေးပြီးတော့ စာဖတ်တတ်အောင် တွန်းအားပေးပါ။
၄။ သင်ကြားမှုဆိုင်ရာဂိမ်းများ (မူကြိုနှင့်အထက်)

အကယ်လို့ သင့်မှာကွန်ပျူတာ သို့မဟုတ် တက်ဘလက်ရှိတယ်ဆိုရင် အလုပ်လုပ်နေချိန်အတွင်းမှာ တခြားဂိမ်းတွေပိတ်ထားပြီးတော့ သင်ကြားမှုကို အထောက်အကူဖြစ်စေမယ့် ဂိမ်းလေးတွေကို ပေးဆော့ထားပါ။ ပညာလည်းရ၊ အပျင်းလည်းပြေစေလို့ ကလေးတွေကို စိတ်ပါဝင်စားစေပါလိမ့်မယ်။ သို့သော်လည်း အချိန်အတိုင်းအတာ တစ်ခုလောက်သာ ကလေးတွေကို ပေးဆော့ပါ၊ မဟုတ်ရင် စခရင်ခ်သုံးတတ်တဲ့အကျင့် စွဲသွားပါလိမ့်မယ်။
၅။ တစ်ရေးအိပ်ခိုင်းပါ (အသက် ၄ နှစ်အောက်)

အိမ်မှာအလုပ်လုပ်ရတဲ့ မိဘတစ်ချို့က ကလေးတွေတစ်ရေးအိပ်ချိန်ကြမှ အလုပ်လုပ်ရပေမယ့် များများပြီးအောင်လုပ်နိုင်ပါတယ်။ သို့သော်လည်း အချိန်ကြာကြာမခံပါဘူး။ ကလေးတွေရဲ့ တစ်ရေးအိပ်တဲ့အကျင့်တွေက မကြာခဏဆိုသလို ပြောင်းလဲနေတာမို့လို့ ကလေးတွေအိပ်နေချိန်မှာ အရေးကြီးတဲ့ဖုန်းတွေ၊ မီတင်တွေကို ချိန်းမထားပါနဲ့။ မဟုတ်ရင် တစ်ဝက်တစ်ပျက်နဲ့ ထပြေးရပါလိမ့်မယ်။
#Chit_May_May
#Thinzar
Ref- verywellfamily