ဒီကမ္ဘာလောကကြီးမှာ မတူညီတဲ့ နောက်ခံအသိုင်းအဝိုင်းတွေ၊ ပိုက်ဆံအနေအထားတွေကနေပြီးတော့ မွေးဖွားလာကြတဲ့ ကလေးတွေအများကြီးရှိပါတယ်။ သူတို့လေးတွေကြားမှာ တူညီတာဆိုလို့ အသက်အရွယ်သာရှိပြီး ပုံစံ၊ အနေအထိုင်၊ အပြုအမူ၊ အပြောဆိုတွေက အင်မတန်ကို ကွာခြားလွန်းလှပါတယ်။
မိဘတွေက ချစ်လွန်းလို့ အလိုလိုက်ထားရာကနေ အကျင့်ပါသွားပြီးတော့ တဖြည်းဖြည်းပျက်စီးလာတဲ့ ကလေးတွေ အပြင်လောကမှာ အများကြီးပါ။ ဒီလိုအကျင့်ဆိုးတွေကို ငယ်စဥ်ကတည်းက သေသေချာချာ ပြင်ဆင်ပေးခြင်းမျိုးမရှိဘူးဆိုရင်တော့ အရွယ်ရောက်လာတဲ့အခါမှာ သူတို့လေးတွေကို ထိန်းချုပ်ဖို့ဆိုတာ အရမ်းခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်သားသမီးမှာ ဒီလိုအကျင့်ဆိုးတွေရှိနေပြီဆိုရင် မိဘတစ်ယောက်အနေနဲ့ အမြန်ဆုံးပြင်ဆင်တည့်မတ်ပေးလိုက်ပါ။
၁။ လေးစားသမှုမရှိခြင်း

လူကြီးသူမတွေအပေါ်မှာ လေးစားမှုမရှိဘဲ ဆက်ဆံခြင်း၊ ရိုင်းစိုင်းတဲ့အပြုအမူတွေက မိဘဖြစ်တဲ့သင်က သေချာကြပ်ကြပ်မတ်မတ်နဲ့ မဆုံးမပေးဘူးဆိုရင် ဒီအကျင့်ဆိုးက မြန်မြန်ဆန်ဆန်ကြီးထွားလာပါလိမ့်မယ်။
၂။ ပြောစကားနားမထောင်ခြင်း

ကလေးတွေဟာ မကြာခဏဆိုသလို လူကြီးတွေပြောစကားကို နားမထောင်တတ်ကြပါဘူး။ ကိုယ့်စကားကို သေချာနားမထောင်လို့ ခဏခဏ ထပ်ပြောရတာ၊ အော်ပြောရတာမျိုးတွေ များလွန်းလှပါတယ်။ ဒီလိုအကျင့်က ငယ်စဥ်ကတည်းကမပြင်ဘူးဆိုရင် သူစိမ်းတွေနဲ့တွေ့ဆုံတဲ့အခါ အရှက်ရနိုင်ပါတယ်။
၃။ လောဘကြီးခြင်း

ကလေးတွေလိုချင်သမျှ၊ ပူဆာသမျှကို ဝယ်ပေးဖို့၊ လုပ်ပေးဖို့က မိဘတိုင်းအတွက်တော့ သဘာဝဆိုပေမယ့်လည်း ဒီလိုမျိုးအလိုလိုက်ထားမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ကိုယ်ကမဝယ်ပေးနိုင်တဲ့အချိန်တွေမှာ ပြဿနာအကြီးအကျယ်ရှာနိုင်ပါတယ်။
၄။ အနိုင်ကျင့်ခြင်း

မိဘအများစုက သူတို့သားသမီးတွေ အနိုင်ကျင့်ခံရမလားဆိုပြီးတော့ အမြဲဆိုသလို စိတ်ပူတတ်ကြပါတယ်။ ဒါပေမယ့် သင့်ကလေးက သူများကိုအနိုင်ကျင့်တတ်တယ်ဆိုရင် ဘယ်လိုလုပ်ပါမလဲ။ အကယ်လို့ ကိုယ့်ကလေးက တခြားကလေးတွေကို အနိုင်ကျင့်တယ်၊ အတင်းတုပ်တယ်၊ စနောက်တယ်၊ ရိုင်းပျတယ်ဆိုရင် ချက်ချင်းဖြေရှင်းပါ။
၅။ လိမ်ညာခြင်း

ကလေးတွေငယ်တုန်းမှာတော့ လိမ်ပြောတာက ဘာလဲဆိုတာကို သေချာမသိနိုင်ဘူးဆိုပေမယ့် ဒီလိုအကျင့်ကို ငယ်စဥ်ကတည်းက သေချာရှင်းလင်းပြောပြပေးမထားဘူးဆိုရင် အသက်ကြီးလာတဲ့အခါ လိမ်ညာစကားတွေမျိုးစုံပြောလာတတ်ပါတယ်။
#Chit_May_May
#Thinzar
Ref- verywellfamily