ငွေကြေးအလေ့အထဆိုတာ ဘာလဲ? ဒါက သင့်ပိုက်ဆံရဲ့ ရှုထောင့်အချို့ကို စီမံဖို့ အဖန်ဖန်ပြုလုပ်နိုင်တဲ့ ရေရှည်တည်တံ့သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင်ထိန်းသိမ်းထားတဲ့ ငွေကြေးအလေ့အကျင့်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင့်ငွေရေးကြေးရေးနှင့် ပတ်သတ်ပြီး များစွာ ပြောနိုင်ပါတယ်။ သင့်အလေ့အထရဲ့ ရလဒ်တွေကို သင်စုဆောင်းတဲ့ငွေ၊ ဝင်ငွေနှင့် သင်ဘယ်လောက်ရင်းနှီးမြှုပ်နှံထားတယ်ဆိုတဲ့ နေရာမှာ တွေ့နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ အကျင့်တွေက ကျွန်တော်တို့ ကလေးတွေဆီ ဖြတ်သန်းသွားတာကြောင့် သူတို့က ကျွန်တော်တို့လုပ်တာကို ကြည့်ပြီး လိုက်လုပ်တတ်ကြပါတယ်။ အသိပညာနှင့် အလေ့အထတွေကို လွှဲပြောင်းခြင်းဟာ ရည်ရွယ်ချက်ရှိရှိ (သို့) အတင်းအဓမ္မ ဖြစ်စေနိုင်ပါတယ်။ ဒါက သင့်အပေါ်မှာ မူတည်ပါတယ်။
သင့်ကလေးတွေကို အောင်မြင်သော လူကြီးတွေအဖြစ် သတ်မှတ်လိုပါက ငယ်စဉ်ကတည်းက ကောင်းမွန်သော ငွေကြေးအလေ့အထများကို ထူထောင်ဖို့ ကူညီပေးပါ။ ကလေးတွေဟာ အသက် ၃နှစ်မှာ သင်ယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ငွေကြေးရေတွက်ခြင်းစတဲ့ သေးငယ်သော အလေ့အထများဖြင့် စတင်ပါ။

ဘယ်အသက်အရွယ်မှာမဆို သင့်ကလေးအား မကောင်းသော ငွေအလွဲသုံးစားမှုများမှ ရှောင်ရှားနိုင်အောင်နှင့် ငွေကြေးအလေ့အထကောင်းတွေ ရရှိအောင် သင်ပေးထားဖို့ အရေးကြီးပါတယ်။
၁။ ဘတ်ဂျက်တစ်ခု ဖန်တီးပါ
သင်အလွန်အကျွံအသုံးမပြုမိစေဖို့ သင့်အိမ်ထောင်စုအတွက် ဘတ်ဂျက်တစ်ခု ဖန်တီးပါ။ ဒါက ကလေးကြီးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် လူနေမှုကုန်ကျစရိတ်နှင့် ဒါကို ဘယ်လိုစီမံခန့်ခွဲ့ရမယ်ဆိုတာ နားလည်ဖို့ အလွန်ကောင်းသော လေ့ကျင့်ခန်းဖြစ်ပါတယ်။
အိမ်ငှားခကနေ လူနေမှုစရိတ်အားလုံး (သို့) မီတာခမှ ချေးငွေအထိ အသေးစိတ်ဖော်ပြပါ။ တစ်ခုချင်းစီရဲ့ ပျမ်းမျှ လစဉ်နှုန်းထားကို တွက်ချက်ပါ။ ထိုအခါ သင့်မှာ ဘတ်ဂျက်တစ်ခုရှိလာပါမယ်။
ဒီအစဉ်အစဉ်ကို အသက်အရွယ်မရွေး ကလေးတွေအတွက် ဘတ်ဂျက်အသေးစားတစ်ခု ဖန်တီးလို့ရနိုင်ပါတယ်။ ဥပမာအားဖြင့် နွေကျောင်းပိတ်ရက် မှာ lemonade stand လိုမျိုး အသေးစားစီးပွားရေးလုပ်ငန်းအတွက် ဘတ်ဂျက်ဆွဲပါ။ ဒါက ဘယ်လောက်ကုန်ကျမယ်၊ အသုံးစရိတ်နှင့်အညီ ဘယ်လောက်ချွေတာရမယ် ဆိုတာကို နားလည်ခြင်းရဲ့ အလေ့အကျင့်ဖြစ်ပါတယ်။

၂။ ငွေကြေးစီးဆင်းမှုကို ထောက်ပံ့ပါ
ဝင်ငွေနဲ့ အသုံးစရိတ်ကို နားလည်ဖို့ ကလေးမှာ ဝင်ငွေအနည်းငယ် လိုအပ်ပါတယ်။ သင့်ကလေးကို ထောက်ပံ့ငွေ အနည်းငယ်သာပေးပြီး ၎င်းတို့ကို စီမံခန့်ခွဲ့ခိုင်းပါ။ အကယ်၍ စီမံခန့်ခွဲမှု မှားယွင်းသွားပါက အကျိုးဆက်တွေကို နားလည်စေဖို့ နှင့် သူတို့ကို အပြစ်မပေးဘဲ မှန်ကန်သော လမ်းစဉ်ကို နားလည်အောင် ကူညီပါ။ ဒါက သင်ယူမှုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
၃။ ငွေစုအကောင့်တစ်ခု တည်ဆောက်ပေးပါ
ငွေစုအကောင့်က သုံးဖို့ထက် ပိုက်ဆံစုဖို့ ဖြစ်ရပါမယ်။ သူရတဲ့ မုန့်ဖိုးကို တစ်ဝက်ဖယ်ပြီး စုတတ်တဲ့ အကျင့်လုပ်ပေးရပါမယ်။ စုဆောင်းထားတဲ့ ငွေကို သူတို့အမှန်တကယ်လိုချင်တဲ့ အရုပ်ဝယ်ယူခြင်း ကဲ့သို့သော ပန်းတိုင်သို့ ချည်နှောင်ထားပါ။ သို့မှသာ အယူအဆကို ပိုနားလည်စေပြီး ပျော်စရာဂိမ်းတစ်ခုလို မှတ်ယူလာနိုင်ပါတယ်။

၄။ စျေးဝယ်စာရင်း အသုံးပြုပါ
စာရင်းမပါဘဲ စျေးဝယ်ထွက်ပြီး သင်မလိုအပ်တဲ့ ပစ္စည်းတွေ ဝယ်မယ့်အစား ဝယ်ယူရမယ့် အရေးကြီး ပစ္စည်းတွေကို စာရင်းပြုလုပ်ပါ။ ဒီရိုးရှင်းသော အလေ့အထက ငွေကို ချွေတာနိုင်ပြီး ဘတ်ဂျက်ကိုစွဲမြဲစေပါတယ်။
ကလေးကို စတိုးဆိုင်သို့ ခေါ်သွားတိုင်း လေ့ကျင့်ပါ။ အတူတူ စာရင်းပြုစုခြင်းဖြင့် လုပ်ဆောင်မှုတိုင်းမှာ သူတို့ကို ပါဝင်စေပါ။ သူတို့ဟာ အခြေခံသင်္ချာလုပ်ဖို့ အရွယ်ရောက်နေပြီဆိုရင် စျေးဝယ်ခရီး ဘတ်ဂျက်အကြောင်း ပြောဆိုပြီး ဂဏန်းတွက်စက်တစ်ခုပေးပါ။ စာရင်းပြုစုခြင်းဟာ မလိုအပ်တာဝယ်မိခြင်းမှ ထိန်းချုပ်ဖို့နှင့် ၁ကျပ်ဆိုလည်း ၁ကျပ် ပိုက်ဆံရဲ့အရေးကြီးမှုကို ကလေးတွေ နားလည်စေဖို့ ကူညီပါတယ်။

၅။ နေ့စဉ် ကုန်ကျစရိတ်ကို ခြေရာကောက်ပါ
သင်နေ့စဉ်ပေးရတဲ့ ကုန်ကျစရိတ်တွေကို မျက်ခြည်မပြတ်ပါစေနဲ့ ။ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ တစ်ပါတ်အတွက် သင်ဝယ်ယူမှုတိုင်းကို စာရင်းပြုစုဖို့ အက်ပလီကေးရှင်း (သို့) စာအုပ်တစ်အုပ်ထားပါ။ ကလေးတွေကိုလည်း ထို့နည်းတူ ပြုလုပ်ခိုင်းပါ။
၆။ မကောင်းတဲ့ ငွေအကျင့်ကို သတ်မှတ်ပါ
မကောင်းတဲ့ ငွေရေးကြေးရေးအလေ့အထတွေနှင့် သူတို့ကို ဘယ်လိုရှောင်မလဲဆိုတာကို နားလည်ခြင်းကလည်း အရေးပါပါတယ်။ ဒီငွေကြေး အလေ့အထတွေတကို ဆွေးနွေးပြီး ၎င်းတို့ မစခင်မှာ ချိုးဖျက်ပါ။
- ဝင်ငွေထက် ပိုသုံးခြင်း
- ကုန်ကျစရိတ်ပေးဖို့ ကြွေးမြီအပေါ် မှီခိုခြင်း
- ချေးငွေယူခြင်း
- အနာဂတ်အတွက် ငွေမစုခြင်း
- ရည်မှန်းချက် မရှိခြင်း
- မကောင်းတာ တွေးခြင်း
- အခြားသူတွေကို အပြစ်တင်ခြင်း(သို့) ဆင်ခြေပေးခြင်း
၇။ သင်သုံးစွဲခဲ့တဲ့အရာတွေကို ခြေရာခံပါ
ဘယ်ရောက်သွားမှန်း မသိတဲ့ ငွေသုံးစွဲခြင်းက ငွေရေးကြေးရေး အကြပ်အတည်းဖြစ်စေဖို့ အမြန်နည်းလမ်းဖြစ်ပါတယ်။ ဘတ်ဂျက်ဆွဲခြင်းနှင့် သင်သုံးစွဲသော အရာတွေကို စာရင်းပြုစုခြင်းက သင့်ပိုက်ဆံနှင့်အတူ တာဝန်ယူတတ်ဖို့ ၊ သင့်ရည်မှန်းချက်ပန်းတိုင်နှင့်အတူ အမြဲတမ်းရှိနေဖို့ လိုအပ်သော အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို စာရင်းစစ်တဲ့ လုပ်ငန်းစဉ်ကို ဖန်တီးပြီး သင့်ကလေးတွေနှင့်အတူ မျှဝေပါ။ သို့မှသာ ငွေဟာ စိတ်ဖိစီးမှုနှင့် ထိန်းချုပ်မှုအောက်မှ မဟုတ်ဘဲ စီမံခန့်ခွဲနို်ငပြီး နားလည်နိုင်တဲ့ အယူအဆတစ်ခု ဖြစ်လာစေပါတယ်။
၈။ ရည်ရွယ်ချက်နဲ့ ငွေစုပါ
တစ်လကို ၁၀၀၀စုရင်တောင် ငွေစုခြင်းက စိတ််ပိုင်းဆိုင်ရာရော ငွေရေးကြေးရေးအတွက်ပါ အရေးကြီးသော အလေ့အကျင့်တစ်ခု ဖြစ်လာစေပါတယ်။
သင်ရရှိတဲ့ တစ်ကျပ်တစ်ပြားတိုင်းကို သုံးစွဲခြင်းက သင်(သို့) သင့်ကလေးတွေကို အလျှံပယ်ရှိစေမယ့်အစား ချို့တဲ့သော လမ်းကြောင်းကို စတင်စေနိုင်ပါတယ်။

အရေးပေါ် အခြေအနေပေါ်လာတဲ့အခါ (သို့) မမျော်လင့်ထားတဲ့ အခွင့်အလမ်းတစ်ခု ပေါ်လာတဲ့အခါ ငွေစုဆောင်းထားခြင်း မရှိပါက သင်ဘာလုပ်မှာလည်း ငွေစုခြင်းက အရေးပေါ် အခြေအနေအတွက်လောက်သာ မဟုတ်ပါဘူး။
၉။ ချေးငွေရဲ့ အကျိုးဆက်တွေကို နားလည်သဘောပေါက်ပါ
လိုအပ်နေတဲ့အချိန်မှာ ခရက်ဒစ်ကတ်က အသက်ရှူချောင်စေပေမယ့် အမှန်တကယ်က သူတို့ဟာ မကြာခဏ ဝန်ထုပ်ဝန်ပိုးဖြစ်လာစေပါတယ်။ လွန်ခဲ့တဲ့လ (သို့) နှစ်ပေါင်းများစွာက သင်ဝယ်ယူခဲ့မှုအပေါ် အတိုးဆပ်ရခြင်းက အမှန်ပင် ပြင်းထန်ပါတယ်။ သင့်ကလေးတွေအမြင်မှာ ဒီအယူအဆကို နားလည်အောင် ကူညီပေးနိုင်ပါတယ်။ သင့်ကလေးကို အကြွေးပေါ်မှာ မှီခိုဖို့ သင်ပေးမယ့်အစား ဘတ်ဂျက်ထားဖို့ သင်ပေးပါ။
၁၀။ အိမ်ထောင်စု ဘတ်ဂျက်လုပ်ရမှာ ဆယ်ကျော်သက်ကလေးကို ပါဝင်စေပါ
ဆယ်ကျော်သက်ကလေးတွေဟာ လွတ်လပ်သော လူနေမှုအဆင့်မှာ ရှိနေပြီး အောင်မြင်သော လူကြီးတွေ ဖြစ်လာနိုင်ဖို့အတွက် ငွေကြေးဆိုင်ရာ ကျွမ်းကျင်မှုက အအထူးအရေးကြီးပါတယ်။
မိဘတွေအနေနဲ့ သူတို့အား ငွေကြေးစီမံခန့်ခွဲသော လက်တွေ့လိုအပ်ချက်တွေအတွက် ပြင်ဆင်ပေးပါ။ ဆယ်ကျော်သက်တွေဟာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တာကြောင့် ဒါတွေကို လေ့လာဖို့နှင့် ပြင်ဆင်ဖို့ လက်တွေ့ကျသော အချက်အလက်များကို ကိုင်တွယ်နိုင်ပါတယ်။
မိသားစု ဘတ်ဂျက်ကို စီမံခန့်ခွဲရာမှာ ဆယ်ကျော်သက်ကလေးတွေကို ပါဝင်စေခြင်းက ဒီအသက်အရွယ်အုပ်စုအတွက် အလွန်ကောင်းသော လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ သင်လုပ်နိုင်တဲ့ အဆင့်တစ်ချို့ ရှိပါတယ်။
- ကုန်ကျစရိတ်တိုင်းအကြောင်း သင့်ကလေးကို ပြောပြပါ။
- အိမ်ထောင်စုရဲ့ လစဉ်ဝင်ငွေအကြောင်း သူတို့ကို သတိပေးပါ။
- လစဉ်နှင့် နှစ်စဉ် ဘတ်ဂျက်အပြင် သင်ပေးဆောင်တဲ့ ကျောင်းအသုံးစရိတ်တွေပါ ပြောပြပါ။
- အပတ်စဉ် သင့်ကုန်ကျစရိတ်တွေကို ဆွေးနွေးပြီး သင်ဘယ်လို စီမံတယ်ဆိုတာကို ပြောပြပါ။
- သင့်ဆယ်ကျော်သက်လူငယ်တွေကို ကုန်စုံစျေးဝယ်စာရင်းလုပ်ခြင်းနှင့် စျေးဝယ်ခြင်းမှာ အလေ့အကျင့်ဖြစ်စေဖို့ တာဝန်ပေးပါ။
ငွေက ဘဝရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပါတယ်။ မိဘတွေနဲ့ စောင့်ရှောက်သူတွေဟာ ငွေကြေးအတွေ့အကြုံနှင့်ပတ်သတ်ပြီး သားသမီးတွေရဲ့ အလေ့အထကို ပုံဖော်ခြင်းမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုဆိုတာ လူကြီးတိုင်း ကိုင်တွယ်ရမယ့်အရာပါ။ ဒါ့ကြောင့် သင့်ကလေးတွေနှင့် ပိုမိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့နှင့် သူတို့ရဲ့ ငွေကြေးတွေကို စီမံခန့်ခွဲရန် ကျွမ်းကျင်မှုတွေကို သင်ယူဖို့ ကူညီပေးရပါမယ်။
Chit_MayMay
LM_Nandar
Source-powerofpositivity