မိဘတိုင်းက မိမိတို့ရဲ့ ကလေးတွေကို သင်ကြားပေးထားသင့်တဲ့ ကျင့်ဝတ်စည်းမျဉ်းများ

0
268
- Advertisement -

ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သင့်လျော်သော လောကကျင့်ဝတ်ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ မိဘတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေကို သင့်လျော်သော လောကဝတ်ကို သင်ကြားပေးဖို့ တာဝန်ရှိပါတယ်။ ဒီကျင့်ဝတ်တွေကို ဟိုးယခင်ကတည်းက လူကြီးမိဘတွေက လက်ဆင့်ကမ်းသင်ကြားပေးကြပေမယ့် ယခုနောက်ပိုင်းမှာ သိပ်အလေးမထားကြတော့ပါဘူး။ မိဘတွေအနေနဲ့ သိနားလည်ထားပေမယ့် ကလေးတွေကိုသင်ပေးဖို့ မော့ကောင်းမေ့နေတာလည်း ဖြစ်နိုင်ပါတယ်။ လောကဝတ်ကို နားလည်ခြင်းက သင့်ကလေးတွေအား လူမှုရေးအခြေအနေအမျိုးမျိုးမှာ အဆင်သင့်ဖြစ်စေဖို့ အဆင်ပြေစေဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် မိဘတိုင်းက သူတို့ကလေးတွေကို သင်ပေးထားသင့်တဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းတွေကို မျှဝေပေးချင်ပါတယ်။

အမူအကျင့်လား? ကျင့်ဝတ်လား?

အမူအကျင့်နှင့် ကျင့်ဝတ်ကို အပြန်အလှန်အသုံးပြုလို့ရသော်လည်း အမှန်တကယ်က သူတို့မှာ ခြားနားတဲ့ အဓိပ္ပာယ်တွေ ရှိပါတယ်။

- Advertisement -

ကျင့်ဝတ်ဆိုတာက ယဉ်ကျေးမှုစံနှုန်းများနဲ့ သက်ဆိုင်သော အပြုအမှုဖြစ်ပါတယ် ။ ကျင့်ဝတ်ဟာ အမူအကျင့်ထက် ကျော်လွန်ပါတယ်။ သူတို့က သင့် ဇွန်းနဲ့ ခရင်းကို ဘယ်နေရာမှာ ထားရမလဲစတဲ့ အပြုအမှုတွေကို လမ်းညွှန်ပေးပါတယ်။

အမူအကျင့်က သူတစ်ပါးအား ထည့်တွက် စဉ်းစားခြင်းဖြစ်ပါတယ်။ သူတို့က လေးစားမှုနှင့် ထောက်ထားစာနာမှုကို ပြသော ဂိုက်လိုင်းတွေ ဖြစ်ပါတယ်။ “ကျေးဇူးပြုပြီး”၊ “ကျေးဇူးတင်ပါတယ်” လို့ပြောခြင်းက အမူအကျင့်ကောင်းတွေရဲ့ ဥပမာများဖြစ်သော်လည်း ၎င်းက သင့်လျော်တဲ့ လောကဝတ်တစ်ခုလည်း ဖြစ်ပါတယ်။

ကျင့်ဝတ်ကိစ္စများ

ကလေးတွေအား အခြေခံလူမှုရေးကျင့်ဝတ်ကို သင်ကြားဖို့ လျစ်လျူရှုတဲ့ မိဘတွေဟာ ငယ်ရွယ်စဉ်မှာ အားနည်းချက်တွေရှိကြောင်း ပညာရှင်တွေက ပြောထားပါတယ်။ သင်က သူတို့ကို သင့်တော်တဲ့ လောကဝတ်ကို သင်ယူစေချင်တယ်ဆိုရင် သင်ကိုယ်တိုင်က အရင်ကျင့်သုံးရပါမယ်။ “သင်ကြားတာထက် ကျင့်သုံးတာက ပိုထိရောက်ပါတယ်”။ ဒါ့ကြောင့် သင့်ကလေးတွေအတွက် လျော်ကန်သော လောကဝတ်ရဲ့ စံပြတစ်ယောက်ဖြစ်အောင်လုပ်ပါ။

၁။ လူတစ်ယောက်ရဲ့နာမည်ကို မှတ်ထားခိုင်းခြင်းနှင့် နှုတ်ဆက်ခြင်း

ကလေးကို လူတစ်ယာက်ရဲ့နာမည်ကို အသုံးပြုပြီး နှုတ်ဆက်ဖို့ သင်ပေးပါ။ ဒါမှသာ ကလေးတွေ နာမည်မှတ်မိမှာဖြစ်ပါတယ်။ ဥပမာ- မင်္ဂလာပါ! အန်တီမာလာ.. ဆိုတာမျိုးဖြစ်ပါတယ်။

၂။ မျက်လုံးချင်းဆုံပြီး စကားပြောတတ်ဖို့ သင်ပေးပါ

တဖက်သားကို လေးစားတဲ့သဘော၊ အလေးအနက်ထားတဲ့သဘောဖြစ်တာကြောင့် မျက်လုံးချင်းဆုံခြင်းက အရေးပါပါတယ်။ သင့်ကလေးတွေကို သူတို့နှုတ်ခွန်းဆက်သူတွေရဲ့ မျက်လုံးကို ကြည့်ဖို့ ကူညီပေးပါ။ အိမ်မှာ သင့်ကလေးတွေနှင့်အတူ (သို့) သူတို့ရဲ့ အဖိုးအဖွား၊ အိမ်နီးချင်းနှင့်အတူ လေ့ကျင့်ပါ။ ကလေးတွေဟာ ထပ်ခါတလဲလဲ ပြုလုပ်ခြင်းကနေ သင်ခန်းစာယူပါတယ်။ ပျော်စရာကောင်းမယ်ဆိုရင် သူတို့ပိုမှတ်မိပါလိမ့်မယ်။ သင့်ကလေးက မျက်လုံးချင်းဆုံပြီး လူကြီးတစ်ယောက်ကို နှုတ်ဆက်တဲ့အခါ သူတို့ကို ကျေးဇူးတင်စွာ ချီးမွမ်းပေးပါ။ ရှက်တတ်တဲ့ ကလေးတွေကို ပိုအားပေးပြီး လေ့ကျင့်ပေးဖို့ လိုအပ်နိုင်ပါတယ်။ နောက်ပိုင်းမှာ မျက်လုံးချင်းဆုံပြီး နှုတ်ဆက်ခြင်းက သဘာဝအလေ့အထ ဖြစ်လာပါလိမ့်မယ်။

၃။ တစ်စုံတစ်ယောက်ကို “နေကောင်းလား” လို့မေးဖို့ သင်ပေးပါ

တစ်စုံတစ်ယောက်ကို ‘နေကောင်းလား’လို့ မေးခြင်းက ဂရုစိုက်မှုနှင့် စိုးရိမ်မှုကိုပြသဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါက တစ်ခါတရံမှာ စိတ်ဝင်စားမှုသိပ်မရှိဘူးလို့ ပြောနိုင်ပေမယ့် သင့်ကလေးအတွက် သင်ယူစရာ ကောင်းနေတုန်းပါပဲ။

၄။ “မင်းကို တွေ့ရတာ ဝမ်းသာပါတယ်”လို့ သင်ပေးပါ

တစ်စုံတစ်ယောက်နဲ့ စကားစမြည် ပြောပြီးတဲ့အခါ သူတို့ကို တွေ့ရတာ ကောင်းတယ်လို့ ပြောခြင်းက သင့်တော်တဲ့ လောကဝတ်ဖြစ်ပါတယ်။ သင့်ကလေးကို ဒီလိုပြောဖို့ လေ့ကျင့်ပေးခြင်းက လူတွေကို ကြင်နာတတ်ဖို့ သင်ပေးတာ ဖြစ်ပါတယ်။ ကြင်နာမှုကို သင်ကြားရပါမယ်။ ဒါက လူကြီးတွေ(သို့) ကလေးတွေအားလုံးမှာ သဘာဝအလျောက်ပါလာတာ မဟုတ်ပါဘူး။ ကြင်နာမှုက ဘာလဲ? ဘာ့ကြောင့် ဂရုဏာပြဖို့ အရေးကြီးတာလဲ? ဆိုတာကို ရှင်းပြပါ။ ကြင်နာမှုဆိုတာက သင့်ကလေးဟာ သူတို့ဝန်းကျင်ရှိ ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။

၅။ “ကျေးဇူးတင်ပါတယ်”လို့ ပြောဖို့သင်ပေးပါ

တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကလေးအား မုန့်ကျွေးတာမျိုး၊ ကစားစေတာမျိုးအတွက် အချိန်ပေးခဲ့ရင် အိမ်ရှင်တွေကို ကျေးဇူးတင်ဖို့ သင်ပေးပါ။

ဒီစကားစုက သူတို့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြဖို့ နောက်တစ်နည်းဖြစ်ပါတယ်။ လူကြီးတွေက ကလေးတွေ တန်ဖိုးထားမှုကို ပြတဲ့အခါ အံ့အားသင့်ကြပါတယ်၊ အိမ်ရှင်အား ကျေးဇူးတင်ခြင်းဟာ သင့်ကလေးတွေအတွက် သဘာဝအလေ့အထ ဖြစ်လာနိုင်ပါတယ်။

၆။ ကျေးဇူးပြု၍ ကျွန်တော့်ကို…လို့ပြောဖို့ သင်ပေးပါ

ကလေးတစ်ယောက်ကို တစ်ခုခုလိုချင်ရင် “ကျေးဇူးပြုပြီး သားကိုပေးပါ”လို့ပြောဖို့ သင်ပေးနိုင်ပါတယ်။ ဒီအလေ့အထတွေ သင်ကြားပေးခြင်းက ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင်ပေးတဲ့အခါ ၁၅မိနစ်ထက်မပိုရပါဘူး။ တစ်ခုခုကို တောင်းဆိုဖို့ နည်းလမ်းမှားနှင့် နည်းလမ်းမှန် နှစ်ခုစလုံးကို သင်ပြပေးနိုင်ပါတယ်။

၇။ လက်လှမ်းမမီပါက တောင်းယူဖို့ သင်ပေးပါ

သင့်ကလေးတွေကို စားပွဲကို ကျော်ပြီး လှမ်းယူတာထက် လိုအပ်တဲ့ ပစ္စည်းတွေ တောင်းတတ်ဖို့ သင်ပေးပါ။ ဥပမာ- လူကြီးတွေနဲ့ စားသောက်ပွဲတစ်ခုသွားတယ်ဆိုပါစို့။ မမှီတဲ့ အစားအစာကို ဘေးလူအား ကျော်ပြီးယူတာတို့ ရှိတတ်ကြတာကြောင့် ဒီအမူအကျင့်က မကောင်းကြောင်း သင်ပေးရပါမယ်။ သင့်ကလေးကို ကျွန်တော်ရနိုင်မလား? လို့ပြောတတ်ဖို့ လေ့ကျင့်ပေးပါ။

၈။ စားပွဲပေါ်မှာ တံတောင်ဆစ် မထောက်ဖို့ သင်ပေးပါ

ကောင်းမွန်သော လောကကျင့်ဝတ်မှာ စားပွဲပေါ် တံတောင်ဆစ် မထောက်ဖို့ ဖြစ်ပါတယ်။ ဒီအပြုအမှုကို ဟိုးယခင်ကတည်းက လူကြီးသူမတွေ သင်ပေးခဲ့ကြပေမယ့် ယခုနောက်ပိုင်းမှာ အလေးမထားကြတော့ပါဘူး။ ထပ်ခါတလဲလဲ သတိပေးချက်များနှင့်အတူ ချိုးဖျက်ဖို့ လွယ်ကူတဲ့ အလေ့အထပါပဲ။ ဟုတ်ပါတယ်။ အဖေနဲ့ အမေလည်း ဒီအကျင့်ကို လေ့ကျင့်ဖို့ လိုအပ်ပါလိမ့်မယ်။

၉။ မှန်ကန်သော နည်းလမ်းဖြင့် ကြားဖြတ်ပြောခြင်း

တစ်ခါတလေမှာ ကလေးတစ်ယောက် သင့်ကို တစ်ခုခုမေးဖို့ လိုလာပါတယ်။ သူတို့ကို ကြားဖြတ်ပြောဖို့ နည်းလမ်းမှန်ကို သင်ပေးပါ။ လူကြီးတွေလည်း ဒီအရာကို အချိန်တိုင်း ပြုလုပ်ရမှာဖြစ်ပြီး ဒါက ကလေးတစ်ယောက် သင်ယူဖို့ လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ကလေးအား သင့်အနားမှာရပ်ပြီး စောင့်ဆိုင်းတတ်ဖို့ သင်ပေးနိုင်ပါတယ်။ အလေ့အကျင့်လုပ်ပေးပါ။ ကလေးတွေမှာ စောင့်ဆိုင်းဖို့ Self-control အခက်အခဲရှိပေမယ့် သူတို့သင်ယူပါလိမ့်မယ်။ သင့်ကလေးတွေကို လူကြီးမိဘတွေ စကားပြောနေရင် မနှောက်ယှက်အောင်လည်း သင်ပေးဖို့ လိုအပ်ပါတယ်၊ ကလေးတွေဟာ မိဘရဲ့ အာရုံစိုက်မှုကို အပြည့်အဝရလိုကြတာကြောင့် ထိုသို့ပြုလုပ်လေ့ရှိပါတယ်။ ဒါ့ကြောင့် သရုပ်ဆောင်ကစားနည်းဖြင့်လည်း သင့်ကလေးကို လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့အခါ ဘေးမှာ စိတ်ရှည်စွာ စောင့်ဆိုင်းတတ်ဖို့ သင်ပေးပါ။ ကြိုးစားပြီးတဲ့အခါ သူတို့ကို ချီးမွမ်းစရာ အများကြီးပေးလိုက်ပါ။

၁၀။ အစာမစားခင်မှာ လူကြီးတွေကို စောင့်ဖို့ သင်ပေးပါ

မိသားစု စည်းလုံးညီညွတ်မှု၊ ချစ်ခင်တွယ်တာမှုမှာ မိသားစုထမင်းဝိုင်းကလည်း အရေးပါပါတယ်။ ညစာစားချိန် (သို့) နံနက်စာစားချိန်မှာ အတူတူစောင့်စားခြင်း ဒါကို သင်ပေးနိုင်ပါတယ်။

လောကကျင့်ဝတ်စည်းမျဉ်းတွေနဲ့ ကလေးတွေအပေါ် နောက်ဆုံးအတွေးများ

မိဘတွေအနေနဲ့ ကလေးတွေကြီးပြင်းလာတာနှင့်အမျှ သင့်မျှော်လင့်ချက်တွေကို ချိန်ညှိပေးဖို့ သတိရပါ။ အိမ်နီးချင်းတွေကို နှုတ်ဆက်တဲ့အခါ အသက် ၂နှစ်အရွယ်မှာ’ မင်္ဂလာပါ’လို့ ပြောပါလိမ့်မယ်။ ငါးနှစ်အရွယ်မှာ ‘မင်္ဂလာပါ၊ တွေ့ရတာ ဝမ်းသာပါတယ်’ လို့ပြောပါလိမ့်မယ်။ ပထမတော့ ရှက်သလို ခံစားရပေမယ့် လေ့ကျင့်ပါများရင် နှုတ်ရဲသွားပါလိမ့်မယ်။ သူတို့ကို ရှက်ကြောက်မှုနည်းအောင် ကူညီပေးရပါမယ်။

Chit_MayMay

LM_Nandar

Source-powerofpositivity.

LEAVE A REPLY

Please enter your comment!
Please enter your name here