အိမ်ထောင်တခုမှာ အစဉ်အမြဲသာယာချမ်းမြေ့နေတာမျိုးတော့မရှိနိုင်ပါဘူး။ ဒါပေမယ့် ကလေးတွေရှေ့မှာ ငြင်းခုန်ရန်ဖြစ်ကြတဲ့အခါမှာ ကလေးငယ်တွေဟာ စိတ်ဖိစီးမှုတွေ၊ မလိုလားအပ်တဲ့ စိတ်ရှုပ်ထွေးမှုတွေကို ခံစားကြရပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေရှေ့မှာ စကားများရန်ဖြစ်တာဟာ ဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်သလည်းဆိုတာကို သိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
မွေးကာစမှ အသက် ၁၈လအထိ

ဒီအသက်အရွယ်မှာ ကလေးငယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကိုနှုတ်နဲ့ဖွင့်ဟမပြောဆိုနိုင်ပေမယ့် သူတို့ဟာ မိဘတွေငြင်းခုံရန်ဖြစ်နေတာမျိုးကို မကြိုက်နှစ်သက်ဘူးဆိုတာပြသနိုင်ကြပါတယ်။ အမှန်တော့ ၆ လအောက်ကလေးငယ်တွေဟာ မိခင်ရဲ့ စိတ်ပိုင်းဆိုင်ရာတင်းမာမှုနဲ့ ဇီဝကမ္မပြောင်းလဲမှုများကို ရိပ်မိကြပါတယ်။ မိခင်ရဲ့ နှလုံးခုန်နှုန်း ဒါမှမဟုတ် သွေးပေါင်ချိန်တိုးလာမှုကိုမူတည်ပြီး သူတို့ဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်တိုလွယ်မှုတွေဖြစ်လာကြပြီး နှစ်ခြိုက်စွာအိပ်ပျော်နိုင်မှုတွေမှလည်း ဝေးကွာသွားစေပါတယ်။
၁၈ လမှ ၂ နှစ်အထိ
ဒီအသက်အရွယ်မှာတော့ ကလေးငယ်တွေဟာ မိဘတွေရဲ့ အာရုံစိုက်မှုကို ရယူဖို့ကြိုးစားကြပြီး မိဘတွေရဲ့ အငြင်းပွားရန်ဖြစ်မှုကို အာရုံလွဲဖို့အတွက် ငိုကြွေးခြင်း၊ အော်ဟစ်ခြင်း အစရှိတာကို ကြိုးစားလာကြပါတယ်။
၃ နှစ်နဲ့ ၃နှစ်အထက်

ဒီအသက်အရွယ်မှာတော့ ကလေးငယ်တွေဟာ သူတို့ကိုယ်သူတို့ မိဘတွေရဲ့ အငြင်းပွားရန်ဖြစ်မှုတွေကနေ တားဆီးပေးနိုင်တဲ့သူတွေအဖြစ်မှတ်ယူလာကြပြီး သူတို့သည်ကျောင်းသွားဖို့ ဒါမှမဟုတ် အပြင်တနေရာရာသွားဖို့ကို ငြင်းဆန်တတ်ကြပါတယ်။ အကြောင်းမှာ သူတို့မရှိစဉ်တွင် မကောင်းသောအရာတခုခုဖြစ်သွားမှာကို ထိတ်လန့်ကြောက်ရွံ့တာကြောင့်မို့ဘဲဖြစ်ပါတယ်။ ဒီလိုမျိုးစိတ်ခံစားမှုတွေနဲ့ ထိန်းချုပ်မှုတွေဟာ ကလေးငယ်တွေကို စိုးရိမ်ကြောင့်ကြစိတ်တွေ ဝင်ရောက်လာစေပြီး အိပ်စက်နေစဉ်တွင် ရှူးပေါက်ချတာမျိုး၊ တစုံတခုကို အမြဲတမ်းစိုးရိမ်ထိတ်လန့်နေတာမျိုး အစရှိတဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်သွားစေတတ်ပါတယ်။ အိမ်တွင်းရေးအဆင်မပြေမှုတွေကို အမြဲလိုကြုံတွေ့ရတဲ့ ကလေးငယ်တွေဟာ အရွယ်ရောက်ကြီးပြင်းလာတဲ့အခါမျိုးမှာလည်း သူတို့ကြုံတွေ့လာရတဲ့ ပြဿနာတွေကို ကောင်းမွန်စွာဖြေရှင်းနိုင်စွမ်းလည်း လျော့ကျသွားကြပါတယ်။

မိဘတွေဟာ တခါတရံမျိုးမှာ သတိလက်လွတ်ဖြစ်ပြီး ကလေးငယ်တွေရှေ့မှာ စကားများရန်ဖြစ်တာမျိုးတွေဖြစ်တတ်ကြပါတယ်။ အဲဒီအခါမျိုးမှာ ကလေးငယ်တွေကို တတ်နိုင်သမျှ အေးဆေးတည်ငြိမ်စွာခံစားစေဖို့ကို ကြိုးစားဖို့လိုအပ်ပြီး သူတို့ကို စိုးရိမ်စရာမလိုကြောင်းနားလည်အောင် ကူညီပြောဆိုပေးရပါမယ်။ ဒီလိုမျိုးဟာ အသက်အရွယ်ကြီးပြင်းသူတွေရဲ့ ဖြစ်တတ်တဲ့ ပြဿနာမျိုးတွေသာဖြစ်ပြီး မိဘတွေအချင်းချင်းသည် ချစ်မြတ်နိုးမှုရှိကြောင်း၊ သူတို့ကိုလည်း ချစ်မြတ်နိုးကြောင်း ပြောဆိုပေးရပါမယ်။ အကောင်းဆုံးကတော့ မိဘတွေသည် ကလေးငယ်တွေရှေ့မှာ စကားများရန်ဖြစ်တာမျိုးကို ရှောင်ကြဉ်သင့်ပြီး ချစ်ခြင်းမေတ္တာရဲ့ စစ်မှန်မှုမျိုးကို ခံစားရစေဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှသာ ကြီးပြင်းလာချိန်မျိုးမှာ ကြုံတွေ့လာရမယ့် အိမ်ထောင်ရေးပြဿနာတွေကို ကောင်းမွန်စွာဖြေရှင်းနိုင်မှာဖြစ်ပြီး ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကို ကောင်းမွန်စွာနားလည်နိုင်မှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- youaremom
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။