မိဘတွေထင်ယောင်ထင်မှားဖြစ်တတ်တဲ့ ကလေးတွေရဲ့ ပုံမှန်အခြေအနေများ

0
549
- Advertisement -

ကလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါမှာ မိဘတွေအနေနဲ့ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ ရောဂါလက္ခဏာတွေကို အကဲဖြတ်ပြီး ပြင်းထန်မှုရှိ၊ မရှိ နဲ့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်မှုရှိ၊ မရှိဆိုတာကို ခွဲခြားနိုင်ဖို့အတွက် ကလေးအထူးကုဆရာဝန်တွေက လမ်းညွှန်ချက်တွေထုတ်ပေးထားတာကို ဖော်ပြပေးလိုက်ပါတယ်။

အော့အန်ခြင်း

ကလေးငယ်တွေ မကြာခဏဖြစ်တတ်တဲ့ လက္ခဏာတစ်ခုဖြစ်ပေမယ့် များသောအားဖြင့် အရမ်းကြီး စိုးရိမ်စရာတော့မလိုအပ်ပါဘူး။ ကလေးငယ်တွေ အစားအစာကို အလွန်အကျွံစားမိလို့ ဒါမှမဟုတ် ကူးစက်တတ်တဲ့ရောဂါတစ်ခုခုကို တိုက်ဖျက်နေတာဖြစ်နိုင်ပါတယ်။ မိဘတွေက ဘာများဖြစ်လို့လဲဆိုပြီး စိုးရိမ်ပူပန်တတ်ပေမယ့် ဒါဟာ ပြသနာကြီး တစ်ခုတော့မဟုတ်ပါဘူး။ ဆရာဝန်များကလည်း ဒီလိုအခြေအနေနဲ့ ပတ်သတ်ရင် ချက်ခြင်းဖြေရှင်းဖို့ခက်ခဲပြီး သူတို့ပြောလေ့ရှိတာက ရေဓါတ်ဖြည့်တင်းပေးဖို့၊ လေကောင်းလေသန့်ရှူရှိုက်ဖို့၊ ဝမ်းဗိုက်ကို ပူနွေးတဲ့အရာတစ်ခုခုနဲ့ ကပ်ထားပေးဖို့ ဆိုတာတွေဘဲဖြစ်တယ်လို့ ဆိုပါတယ်။

- Advertisement -

နှာခေါင်းပိတ်ခြင်း

မကြာခဏဖြစ်တတ်တဲ့ နောက်ထပ် လက္ခဏာတစ်ခုကတော့ နှာခေါင်းပိတ်တတ်တာဘဲဖြစ်ပါတယ်။ ကလေးတွေဟာ ပျမ်းမျှအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ရောဂါ ၆ ခါကနေ ၈ ခါလောက်ထိဖြစ်တတ်ပါတယ်။ အထူးသဖြင့် ညဘက်မှာ အသက်ရှုကြပ်ခြင်းကြောင့် ကလေးငယ်တွေဟာ နှာခေါင်းသွေးလျှံတဲ့အခါမျိုးမှာ မိဘတွေကြောက်လန့်စိုးရိမ်ပူပန်တတ်ကြပါတယ်။ ဒီလိုဖြစ်တတ်တာမျိုးကို အိမ်မှာ အလွယ်တကူကုသနိုင်ပါတယ်လို့ ဆရာဝန်များက ပြောပါတယ်။ နှာခေါင်းထဲ အစက်ချတဲ့ saline drops နဲ့ နှပ်ချေးစုပ်ထုတ်တဲ့ suction bulb တွေကိုအသုံးပြုပြီး ကလေးငယ်တွေကို သက်သာအောင်လုပ်ပေးလို့ရပါတယ်လို့ ဆိုပါတယ်။

ဗိုက်နာတတ်ခြင်း

အစာအိမ်နာတာမျိုးက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ များသောအားဖြင့်တော့ မသန့်တဲ့၊ မကောင်းတဲ့အရာတွေ စားမိတဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်။ ဒါဟာစိုးရိမ်စရာအနေအထားတစ်ခုဖြစ်ပေမယ့် ပုံမှန်အနေအထားလိုမျိုးမှာဆိုရင်တော့ဆရာဝန်ပြသဖို့မလိုပါဘူး။ တစ်ခါတလေ ကလေးငယ်တွေဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေကို ခံစားရတဲ့အခါမျိုးမှာ ဗိုက်နာတယ်လို့ပြောတတ်ကြပါတယ်။ အဲဒီလိုအခါမျိုးမှာတော့ ကလေးငယ်တွေကို သေချာမေးမြန်းဖို့တော့လိုအပ်ပါတယ်။

ဝမ်းလျောခြင်း

ကလေးငယ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာချို့ယွင်းမှုများ မကြာခဏဖြစ်ပွားလေးရှိပြီး ဝမ်းမကြာခဏလျောတတ်ကြပါတယ်။ ဒီအခြေအနေမျိုးကို ကလေးတွေရော မိဘတွေကပါ မကြိုက်ကြပါဘူး။ သာမာန်အားဖြင့်တော့ဆရာဝန်ဆီသွားဖို့မလိုအပ်ပါဘူး။ အဟာရပြည့်တဲ့အစားအစာတွေနဲ့ ဓါတ်ဆားရည်ကို များများတိုက်ပေးခြင်းဖြင့်သက်သာစေနိုင်ပါတယ်။ ဝမ်းဗိုက်ကို နွေးထွေးစွာထားပြီး ရေဓါတ်ကိုသာပြန်လည်ဖြည့်တင်းပေးပါက ရက်အနည်းငယ်အကြာမှာ သက်သာသွားစေနိုင်ပါတယ်။

ခေါင်းကိုက်ခြင်း

ကလေးငယ်များဟာလည်း လူကြီးတွေလို ခေါင်းကိုက်တတ်ကြပါတယ်။ မကြာခဏဖြစ်တတ်ပေမယ့် သိပ်ပြီးစိုးရိမ်နေဖို့တော့မလိုပါဘူး။ များသောအားဖြင့်တော့ ရေဓါတ်နည်းခြင်း၊ ကစားခုန်စားများခြင်း၊ အိမ်စာတွေရဲ့ စိတ်ဖိစီးမှုတို့ကြောင့်ဖြစ်လေ့ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ ရေသောက်ခိုင်းပြီး အနားယူခိုင်းလိုက်တာက သူတို့ကိုသက်သာစေနိုင်ပါတယ်။

ဖျားနာခြင်း

လည်ချောင်းနာခြင်း၊ ဗိုက်အောင့်ခြင်း၊ အအေးမိဖျားနာခြင်း စတာတွေကလည်း ဖြစ်နေကြဆိုသလိုမို့ ဆေးရုံ၊ ဆေးခန်းပြဖို့အတွက်ကတော့ ကလေးရဲ့ကိုယ်အပူချိန်အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ပူချိန် ၁၀၂ ဒီဂရီ မကျော်ဘူးဆိုရင် အိမ်မှာကုသလို့ရပါတယ်လို့ဆိုပါတယ်။ ဆရာဝန်များရဲ့ ပြောကြားချက်အရ ဖျားနာခြင်းသည် ခန္ဓာကိုယ်ကာကွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တချို့အနေအထားတွေမှာ စိုးရိမ်ဖို့မလိုကြောင်းပြောပါတယ်။

ထိုင်းမှိုင်းလေးလံနေခြင်း

မိဘတွေ စိုးရိမ်ပူပန်စိတ်နဲ့ မေးမြန်းတတ်တဲ့ အကြောင်းရင်းနောက်တစ်ခုက ကလေးငယ်ဟာ အရင်ကလို ပျော်ပျော်ရွှင်ရွှင် ကစားခုန်စားတာမျိုးမရှိဘဲ လေးလံထိုင်းမှိုင်းနေသလိုဖြစ်နေတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ ဖြေကြားချက်ကတော့ ကလေးငယ်များဟာ ခန္ဓာကိုယ်ကြီးထွားလာခြင်းကြောင့်ဖြစ်နိုင်ပါတယ်လို့ဆိုပါတယ်။ ကြီးထွားခြင်းဖြစ်စဉ်ကို ဖြတ်သန်းရတဲ့အခါမျိုးမှာ အရင်ကထက် ပိုပြီးအိပ်စက်တတ်တာကြောင့် လေးလံနေသလို ဖြစ်နေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အချိန်တွေအကြာကြီး အဲဒီလိုမနေဘဲ သိပ်မကြာခင်မှာ အရင်လိုပျော်ပျော်ရွှင်ရွှင် နဲ့ တက်ကြွလန်းဆန်းတဲ့ ပုံစံကို ပြန်မြင်ရရင် ဒါဟာပုံမှန်ပါဘဲလို့ဆိုပါတယ်။

အသားကြေခြင်း

ကလေးတွေဟာ ကြမ်းကြမ်းတမ်းတမ်းဆော့ကစားတဲ့အခါမျိုးမှာ မကြာခဏလဲကျတတ်ပြီး အနာတွေရတတ်ပါတယ်။ တအားကြီးဆိုးဝါးမနေရင် စိုးရိမ်ဖို့မလိုပါဘူးလို့ဆိုပါတယ်။ ရက်အနည်းငယ်အကြာမှာ အညို၊ အမည်းတွေပြန်လည်ပျောက်ကွယ်သွားပါလိမ့်မယ်။

မကြာခဏအိပ်တတ်ခြင်း

မိမိရဲ့ ကလေးငယ်တွေဟာ အရင်ကထက် ပိုအိပ်တတ်တာကို မိဘတွေက သတိထားမိပြီး စိုးရိမ်ပူပန်တတ်ကြပါတယ်။ အသက် ၁နှစ်မှ ၂နှစ်ကြား ကလေးငယ်တွေဟာ တစ်ရက်မှာ ၁၄ နာရီလောက်ထိ အိပ်တတ်ကြပါတယ်။ ဒါပေမယ့် ၃ နှစ်နဲ ၅နှစ်ကြား ကလေးငယ်တွေကတော့ တစ်ဆက်တည်း ၁၃-၁၄နာရီလောက်ထိ မအိပ်တတ်တော့တဲ့ အတွက်ကြောင့်မို့ မကြာခဏပြန်ပြန်အိပ်တတ်ခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

လည်ချောင်းနာတတ်ခြင်း

လည်ချောင်းနာတာမျိုးက ကလေးငယ်တွေကို ခံရခက်စေသော်လည်း များသောအားဖြင့်တော့ စိုးရိမ်စရာပါဘူးလို့ပြောပါတယ်။ ဒါဟာ အအေးမိတုတ်ကွေးရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ၁၀ ရက်လောက်အတွင်းမှာ ပျောက်ကင်းသွားလိမ့်လို့ဆိုပါတယ်။ မြန်မြန်ဆန်ဆန်သက်သာပျောက်ကင်းစေချင်ရင်တော့ ပူနွေးတဲ့ peppermint tea ဒါမှမဟုတ် lonzenge ငုံဆေးပြားလေးတွေ ငုံခိုင်းတာမျိုး စတာတွေကို လုပ်ပေးလို့ရပါတယ်။

အနီပိန့်တွေထွက်ခြင်း

ကလေးငယ်များနဲ့ ကလေးငယ်များတွင် အဖုများပေါက်လေ့ရှိပါတယ်။ ကလေးအနှီးကြောင့်ဖြစ်တဲ့ အဖုအပိန့်တွေနဲ့ မျက်နှာမှာထွက်လာတတ်တဲ့ အဖုအပိန့်တွေဟာ အန္တရာယ်ဖြစ်ပွားစေနိုင်ခြင်း သိပ်မရှိတာမို့ ဆရာဝန်ပြစရာမလိုအပ်ပါဘူး။ကလေးအနှီးများ ခြောက်သွေ့နေစေရန်၊ လက်များသန့်ရှင်းရေးနဲ့ အသားအရည်ကို ကာကွယ်ပေးတာမျိုးကိုတော့ လုပ်ပေးဖို့လိုအပ်ပါတယ်။ အဖုအပိန့်တွေက နာကျင်မှုရှိရင်တော့ ဆရာဝန်နဲ့ ပြသပေးရပါမယ်။

အထက်ကဖော်ပြပေးခဲ့တဲ့ နည်းလမ်းလေးတွေက မိဘတွေနဲ့ ရင်သွေးငယ်တွေအတွက်အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးငယ်တွေ အထက်ဖော်ပြပါ အနေအထားမျိုးဖြစ်တာကြုံဖူးကြရင် ဘယ်လိုနည်းလမ်းလေးတွေ အသုံးပြုကြလည်းဆိုတာ ဝေမျှပေးနိုင်ရင် ကွန့်မန့်မှာ ရေးပေးခဲ့ကြပါဦးလို့။

#Chit_may_may

#Dmo_aung

#Ref- Brightside



LEAVE A REPLY

Please enter your comment!
Please enter your name here