ကလေးအများစုက မိဘတွေ ပြောသမျှကို တုပလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ အပြုအမှုတွေကို အနီးကပ် အာရုံစိုက်သင့်ပြီး ကလေးတွေရှေ့မှာ ပြောသင့်တဲ့အရာ၊ မပြောသင့်တဲ့အရာကို သိထားသင့်ပါတယ်။
ကလေးတွေဟာ ကျွန်မတို့ထင်ထားတာထက် ပိုပြီး နားလည်သဘောပေါက်နိုင်ကြပါတယ်။ ကျွန်မတို့လုပ်သမျှ အရာအားလုံးကိုကြည့်ပြီး လေ့လာကြပါလိမ့်မယ်။ အဲဒါက အနာဂတ်မှာ သူတို့လုပ်ဆောင်ပုံပေါ် လွှမ်းမိုးပါလိမ့်မယ်၊ ဒါ့ကြောင့် ကျွန်မတို့ဟာ အခြေအနေကို ပိုမိုနားလည်နိုင်တဲ့အထိ အချို့သော အပြုအမှုတွေနဲ့ ပြဿနာတွေကို ရှောင်ကြဉ်ရပါမယ်။
ကလေးတွေရှေ့မှာ အချို့သော ကိစ္စတွေကို ဘာ့ကြောင့် မဆွေးနွေးသင့်တာလဲ?
သူတို့လေးတွေဟာ အရမ်းငယ်သေးတာကြောင့် လောကကြီးကို ထူးခြားတဲ့အမြင်နဲ့ အဓိပ္ပာယ်ကောက်ယူပါတယ်။ ကျွန်မတို့ ထင်ထားတာထက် ပိုပြီး နားလည်ကြပေမယ့် သူတို့က အရမ်းကို ပကတိ ဖြစ်ကြပါတယ်၊ ယေဘုယျသဘောတရားကို နားလည်ကြသော်လည်း ကျွန်မတို့အသုံးပြုတဲ့ တင်စားမှုတွေ၊ အသုံးအနှုန်းတွေ၊ အဓိပ္ပာယ်ခံစားချက်တွေကို သဘောမပေါက်ကြပါဘူး။ ဥပမာ- အိမ်နီးချင်းမှာ ကျီးခြေရာတွေရှိတယ်လို့ ပြောရင် သူမခြေထောက်က ငှက်တစ်ကောင်နဲ့ တူတယ်လို့ ကလေးက ထင်သွားပါတယ်။
ပြီးတော့ ကျွန်မတို့ဟာ ဒေါသနဲ့ တစ်ခုခုပြောလိုက်ပြီးမှ နောင်တရနိုင်တယ်ဆိုတာကို သူတို့နားမလည်ကြပါဘူး။ ကျွန်မတို့ရဲ့ body language ကို သူတို့အကောင်းဆုံးနားလည်တာကြောင့် အခြေအနေရဲ့ စိတ်ခံစားမှုတွေကို ဖမ်းယူနိုင်ပါတယ်။ အကျိုးဆက်အားဖြင့် သူတို့နားမလည်သေးတဲ့ အသေးစိတ်တွေကို စိတ်ပိုင်းဆိုင်ရာ စွဲချက်ဖြင့် အစားထိုးသွားပါတယ်။
ဒီအခြေအနေကို မြင်ယောင်ကြည့်ပါ၊ သင်ဟာ မိဘတွေနဲ့ ဆွေးနွေးပြီးနောက်မှာ သင့်ခင်ပွန်းကို ရင်ဖွင့်ပါတယ်။ အဲ့ချိန်တစ်လျောက်လုံး ကလေးက အနားမှာရှိနေပြီး ကလေးအနေနဲ့ သူချစ်ရတဲ့ အဖိုးအဖွားတွေကို သင်စိတ်ဆိုးနေကြောင်း နားလည်သွားပါတယ်။ သူဘယ်လိုခံစားရမလဲ? သူ့ထင်မြင်ချက်အရ တစ်စုံတစ်ယောက်ဟာ အမှားတစ်ခုခု ပြုလုပ်မိရင် ဒေါသထွက်ပေါ်လာပါတယ်။ အဘိုးအဘွားတွေက မကောင်းတာလား? သူတို့ ဘယ်လိုဆက်ဆံသင့်သလဲ? ဘာဖြစ်လာမလဲ? သူ ဘာလုပ်နိုင်မလဲ? ဒီလိုရှုပ်ထွေးမှုတွေကို မတူညီတဲ့ အခြေအနေတွေမှာ ဖန်တီးနိုင်ပါတယ်။

ကလေးတွေရှေ့မှာ မပြောသင့်တဲ့ အချို့ကိစ္စများ
အခြားလူတွေအကြောင်း ပြောခြင်း။ ယေဘုယျအားဖြင့် အတင်းအဖျင်းတွေ ပါဝင်ပါတယ်။ ကလေးငယ်တွေဟာ ဒီ private မှတ်ချက်တွေကို နားလည်နိုင်စွမ်းမရှိကြပါဘူး။ ခွဲခြားသလို ၊ ရှုပ်ထွေးသလို ၊ အပြစ်ရှိသလို ခံစားမိနိုင်ပါတယ်။
အရွယ်ရောက်သူတွေရဲ့ စိုးရိမ်ပူပန်မှု။ ငွေ၊ အချိန်၊ အစားအစာ စသဖြင့် ကျွန်မတို့နဲ့ ပတ်သတ်တဲ့ အရာအားလုံးကို ကလေးတွေရှေ့ ယူမသွားသင့်ပါဘူး။ သူတို့ကြီးပြင်းလာတာနဲ့အမျှ ဒီအခြေအနေကို ကျွန်မတို့ ရှင်းပြနိုင်ပါတယ်။
သားသမီးတွေရှေ့မှာ သူတို့ မရှိတဲ့အလား စကားပြောတာ။ အထူးသဖြင့် စကားလုံးတွေက negative ဖြစ်နေရင် သူတို့ရဲ့ကိုယ်ခန္ဓာ (သို့) ဉာဏ်ရည်နှင့်ပတ်သတ်ပြီး မှတ်ချက်ပေးခြင်းနှင့် သူတို့ကို တံဆိပ်ကပ်ခြင်းက ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေပါတယ်။
ကျွန်မတို့ ပြသတဲ့ သဘောထား၊ ကျွန်မတို့အသုံးပြုတဲ့ လေသံကိုလည်း ထည့်သွင့်စဉ်းစားရပါမယ်။ ဥပမာ- အော်ဟစ်တာက ကလေးတွေကို တိုက်ရိုက်မဟုတ်ရင်တောင် ကလေးတွေကို ထိတ်လန့်စေတာမျိုး၊ ရှုပ်ထွေးစေတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
ကျွန်မတို့အနေနဲ့ လိမ်ပြောတာကိုလည်း ရှောင်ရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မတို့ ကလေးတွေဟာ သူတို့အတွက် မုသားက အဆင်ချောသွားတဲ့အခါ အမှန်တရားကို ရှောင်တာမျိုးဖြစ်လာပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ သူတို့ရှေ့မှာဆိုရင် ရှင်းရှင်းလင်းလင်းနဲ့ တိုက်ရိုက်ပြောပါ။ သွယ်ဝိုက်ပြီး မပြောပါနဲ့။ ကလေးတွေဟာ တင်စားတဲ့ စကားလုံးတွေနဲ့ စကားလုံးဂိမ်းတွေကို နားမလည်ကြပါဘူး။ ဒီအသုံးအနှုန်းတွေကို ရှောင်ကြဉ်ပါက ကျွန်မတို့ ကလေးတွေမှာ ပေါ်ပေါက်လာနိုင်တဲ့ ခံစားချက် ရှုပ်ထွေးမှုကို ဖယ်ရှားပစ်နိုင်ပါတယ်။
မိမိကိုယ်ကို အမြဲတမ်း ထိန်းချုပ်နိုင်မှာ မဟုတ်တာကြောင့် အရေးကြီးဆုံးအရာက ကျွန်မတို့အခြေအနေကို ကလေးတွေ နားလည်စေဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ ဒီနည်းနဲ့ သူတို့ဟာ ကျွန်မတို့ရဲ့ အမျက်ဒေါသတွေကို သူတို့အမှားအဖြစ် အဓိပ္ပာယ်ကောက်လွဲမှာ မဟုတ်တော့ပါဘူး။သူတို့ရဲ့ ရှုပ်ထွေးမှုကို ဖြေရှင်းပေးခြင်းက သူတို့ရဲ့ ကြီးပြင်းမှုအတွက် အခြေခံကျပြီး သင့်ရဲ့ဆက်ဆံရေးကို ပိုခိုင်မာစေပါတယ်။
Chit_MayMay
LM_Nandar
Source-youaremom
Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။