မိဘများ ကွာရှင်းပြတ်စဲခြင်းကြောင့် သားသမီးများ ရရှိတတ်သည့် ဆိုးကျိုးများ

0
1903
- Advertisement -

ကွာရှင်းပြတ်စဲဖို့ဆုံးဖြတ်တာဟာ အိမ်ထောင်သည်များအတွက်မလွယ်ကူပါဘူး။ ဒါပေမယ့် တကယ့်တကယ်ပြတ်စဲသွားကြပြီဆိုရင်တော့ မိဘတွေက လူကြီးတွေမို့ သိပ်ပြီးတော့ ကိစ္စမရှိပေမယ့် ကလေးငယ်တွေအတွက်ကျတော့ မလွယ်ကူပါဘူး။ သူတို့စိတ်တွေဟာနုနယ်တာမို့ မိဘတွေ ကွာရှင်းပြတ်စဲလိုက်ပြီဆိုတာကို လက်ခံနိုင်ဖို့ကခက်ခဲကြပါတယ်။ အထူးသဖြင့် အာရှနိုင်ငံက ကလေးငယ်တွေဟာ မိဘတွေနဲ့ အမြဲလိုလက်ပွန်းတတီးနေကြတာမို့ သူတို့အတွက် မိဘတွေကွာရှင်းပြတ်ဆဲတယ်ဆိုတာက တကယ့်ကို ကြောက်လန့်စရာအနေအထားတစ်ခုပါဘဲ။ ကွာရှင်းခြင်းရဲ့ ဆိုးကျိုးများဟာ ကလေးငယ်တွေအပေါ် သက်ရောက်မှုကြီးမားနိုင်ပြီး သူတို့ရဲ့ဘဝပုံရိပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုဖြစ်ခြင်း

မိဘနှစ်ပါးအပေါ်မှီခိုနေရတဲ့ ကလေးငယ်တွေဟာ မိဘနှစ်ပါးကွာရှင်းလိုက်ပြီဆိုပါက သူတို့မှာ အလိုလိုနေရင်း အားငယ်စိုးရိမ်စိတ်တွေဝင်လာပါတယ်။ စိုးရိမ်သောကရောက်နေတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ ပညာရေးအပေါ်အာရုံစိုက်နိုင်ဖို့ ခက်ခဲသွားတဲ့အတွက် သင်ယူလေ့လာမှုတွေဟာ အခြားကလေးငယ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် နိမ့်ကျသွားနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေဟာ သူတို့မိဘတွေရဲ့ ကွာရှင်းရခြင်းအကြောင်းရင်းကို အမြဲလိုစဉ်းစားမိနေတာကြောင့်မို့ သူတို့ရဲ့ နုနယ်တဲ့စိတ်တွေမှာ စိတ်ဖိစီးမှုဒဏ်တွေကို ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။

စိတ်ခံစားမှုလွဲချော်ခြင်း နဲ့ သူတို့ရဲ့ လူမှုဆက်ဆံရေးကိုပါထိခိုက်နိုင်ပါတယ်

ကလေးငယ်တွေဟာ ရင်းနီးကျွမ်းဝင်တဲ့သူတွေနဲ့တောင်မှ လူမှုဆက်ဆံရေးအဆင်မပြေဖြစ်လာကြပါတယ်။ စိတ်အပြောင်းအလဲမြန်ပြီး ဘာရယ်မဟုတ်ဘဲနဲ့လည်း စိတ်တိုနေတတ်ကြပါတယ်။ အချို့ကလေးငယ်တွေကတော့ စိတ်ဓါတ်ကြံ့ခိုင်မှုတွေပျက်ပြားသွားပြီး အားငယ်စိတ်တွေကြောင့် အရာရာကိုလက်လျော့အရှုံးပေးတဲ့ စိတ်တွေဝင်သွားကြပါတယ်။ သူတို့ဟာ လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးကို ရှောင်ဖယ်လာကြပြီး မယုံကြည်ရဲတော့တဲ့ စိတ်တွေနဲ့ တက်ကြွလန်းဆန်းမှုတွေကွယ်ပျောက်သွားကြပါတော့တယ်။ တစ်ယောက်ထဲနေတာများတဲ့အခါမျိုးမှာ ကလေးငယ်တွေဟာ စိတ်ကျရောဂါအနုစားမျိုးဖြစ်လာနိုင်ပါတယ်။

စိတ်ပျက်ခြင်းနဲ့ ဝမ်းနည်းခြင်း

မိဘများကွာရှင်းခြင်းကြောင့် လုံလောက်တဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု မရရှိတော့တာကြောင့်မို့ ကလေးငယ်တွေဟာ မျှော်လင့်ချက်မဲ့သလို ကိုယ့်ကိုကိုယ်ထင်လာကြပါတယ်။ ပတ်ဝန်းကျင် သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာလည်း မိစုံဖစုံမဟုတ်ဘူးဆိုတဲ့စိတ်ခံစားချက်က သူတို့ကိုယ်သူတို့ မပြည့်စုံတဲ့သူတွေလို့ ထင်မြင်လာကြပါတယ်။ သူတို့ရဲ့ ကျောင်းတွင်းအားကစားပြိုင်ပွဲလိုမျိုး၊ စာပေအနုပညာဆိုင်ရာထူးချွန်မှုကြောင့် ဆုပေးခြင်းခံယူရတဲ့အချိန်မျိုးမှာတောင် ဝမ်းနည်းသိမ်ငယ်စိတ်က ပေါ်ထွက်လာတတ်ကြပါတယ်။ အဲဒီလိုသိမ်ငယ်စိတ်တွေကို သူတို့ဘာသာသူတို့ ကျိတ်မှိတ်တွန်းလှန်
ကြရင်းနဲ့ အချို့သောကလေးငယ်တွေဟာ ဆတ်ဆတ်ထိမခံတဲ့သူတွေဖြစ်လာကြပါတယ်။ ပတ်ဝန်းကျင်ရဲ့ ချီးမွမ်းမှု၊ ကဲ့ရဲ့မှုဒဏ်တွေကိုလည်း ခံနိုင်ရည်အားနည်းပြီး စိတ်အတက်အကျမြန်ဆန်မှုကြောင့် အချို့သောမလိုလားအပ်တဲ့ အမှားမျိုးတွေကို ကျူးလွန်မိသွားတတ်ကြပါတယ်။ လေ့လာချက်များအရ မိဘများကွာရှင်းခြင်းကြောင့် ကလေးငယ်များသည် အကြမ်းဖက်ခြင်းနဲ့ လူမှုဆက်ဆံရေးဆိုင်ရာများ ပိုမိုဆိုးဝါးသွားနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

အချို့သောကလေးငယ်များဟာ ချစ်ခြင်းမေတ္တာကိုလည်း ယုံကြည်မှုနည်းသွားကြပါတယ်

အိမ်ထောင်ရေးပြိုကွဲမှုများကို သိမြင်ထားတဲ့ကလေးတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာကို သံသယတွေဖြစ်လာကြပြီး ချစ်ခြင်းမေတ္တာနှင့် ပတ်သတ်ဆက်နွယ်မှုအားလုံးကို အပေါ်ယံလို့သာ ထင်မှတ်သွားကြပါတယ်။ မေတ္တာတရားရဲ့နွေးထွေးမှုကို ကောင်းမွန်စွာ မသိရှိနိုင်တော့တာမို့ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အတ္တကြီးကြသူတွေလို့ သမုတ်ခြင်းခံရတဲ့သူတွေ ဖြစ်လာကြပါတယ်။

မူးယစ်ဆေးဝါးသားကောင်ဖြစ်ဖို့ အခွင့်အလမ်းများသွားခြင်း

မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားခြင်းသည် ဆယ်ကျော်သက်ကလေးငယ်တွေအတွက် တကယ့်ကိုအိပ်မက်ဆိုးကြီးတစ်ခုဖြစ်ပါတယ်။ မိဘများကွာရှင်းမှုကြောင့် စိတ်ရှုပ်ထွေးနေတဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ မူးယစ်ဆေးဝါးသုံးစွဲဖို့ စွဲဆောင်မှုနည်းနည်းကောင်းရုံလောက်နဲ့ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်သွားတတ်ကြပါတယ်။ သုံးစွဲလိုစိတ်မရှိသည့်တိုင်အောင် မိဘများရဲ့ ဟိုအရင်ကလို ဂရုစိုက်ကြင်နာမှုမျိုးရလိုရငြား အတွေးမှားမျိုးနဲ့ သူတို့ရဲ့နုနယ်တဲ့စိတ်အတွေးအတိုင်း ထင်ရာလုပ်ရင်းကနေ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်မှန်းမသိ ဖြစ်သွားတတ်ကြပါတယ်။ အုပ်ထိန်းသူ အမိ (သို့) အဖ(သို့) နှစ်ဦးစလုံးရဲ့ ချစ်ခြင်းမေတ္တာတရားလုံလောက်တဲ့ပမာဏ ပြန်လည်ရရှိခြင်း ၊ နွေးထွေးနားလည်ကြင်နာတတ်တဲ့ အသိုင်းအဝိုင်းကောင်းရှိခြင်း၊ လမ်းမှန်ရာကို တွဲခေါ်စောင့်ရှောက်တတ်တဲ့ သူငယ်ချင်းအပေါင်းအသင်းကောင်းတွေရှိခြင်း၊ မိမိကိုယ်တိုင်လည်း ရုန်းထွက်လွတ်မြောက်ဖို့ဆန္ဒရှိခြင်း အစရှိသည်တို့မရှိပါက မူးယစ်ဆေးစွဲသွားတဲ့ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကာလမျိုးဟာ ကောင်းမွန်တဲ့အနေအထားဖြစ်နိုင်ဖို့ ခဲယဉ်းပြီး လူ့အသိုင်းဝိုင်းရဲ့ စွန့်ပယ်ခြင်းခံရတဲ့သူတစ်ယောက်ဖြစ်သွားတတ်တာမို့ ဂရုစိုက်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-momjunction



LEAVE A REPLY

Please enter your comment!
Please enter your name here