မိဘအုပ်ထိန်းမှုပုံစံ ၄ မျိုး နဲ့ ကလေးတွေရဲ့ကိုယ်ရည်ကိုယ်သွေး

0
553
- Advertisement -

ကလေးတွေကိုပြုစုပျိုးထောင်ရတာ ကမ္ဘာပေါ်မှာ အခက်အခဲဆုံးအလုပ်တစ်ခုပါပဲ။ အလုပ်ရှုပ်သလို ဦးနှောက်အရမ်းစားရတ ယ်ဆိုပေမယ့် ဒီပြုစုပျိုးထောင်မှုက ကလေးတစ်ယောက်ရဲ့အနာဂါတ်ဘ၀မှာ ဘယ်လိုပုံစံနဲ့ရှင်သန်ရပ်တည်သွားမလဲဆိုတာကိုဆုံးဖြတ်နိုင်ပါတယ်။ ဒါ အသေအချာပါပဲ။

သူ့ရဲ့လက်ဦးဆရာဖြစ်တဲ့ မိဘနှစ်ဦးကဘယ်လို ပြုစုပျိုးထောင်မလဲ ဆိုတာ အရေးတော်တော်ကြီးပါတယ်။ ကလေးပြုစုပျိုး ထောင်မှုအကြောင်းပြောကြမယ်ဆိုရင် Nature & Nurture ဆိုတဲ့ဗီဇနဲ့ပတ်ဝန်းကျင်ကို အရေးကြီးတဲ့အချက်အနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ဗီဇဟာပိုအရေးကြီးသလား ပတ်ဝန်းကျင်က ပိုအရေးပါသလားဆိုရင်တော့ နှစ်ခုလုံးအရေးကြီးပြီး တစ်ခုတည်းသီးခြားခွဲထုတ်လို့မရနိုင်ပါဘူး။ ခုပြောပြမှာကတော့ အုပ်ထိန်းမှုပုံစံအကြောင်းပါ။

- Advertisement -

မိဘအုပ်ထိန်းမှုပုံစံ ဆိုတာဘာလဲ

ယနေ့စိတ်ပညာလောကမှာ အသုံးများနေတဲ့ မိဘအုပ်ထိန်းမှုပုံစံတွေဟာ ကယ်လီဖိုးနီးယား စိတ်ပညာ ဖွံဖြိုးတိုးတက်ရေးတ က္ကသိုလ်က စိတ်ပညာရှင် Diana Baumrind ရဲ့ ကြိုးစားအားထုတ်မှုတွေပါပဲ။

Diana Baumrind ရဲ့သီအိုရီမူကြိုကျောင်းသားတွေရဲ့ကွဲပြားခြားနားတဲ့အပြုအမူတွေနဲ့ပုံစံတွေကို ၁၉၆၀ပြည့်လွန်နှစ်များမှာ Diana Baumrind ကသတိပြုမိခဲ့ပါတယ်။

အမူအကျင့်တစ်ခုစီတိုင်းဟာ မိဘအုပ်ထိန်းသူတစ်ယောက်ချင်းစီတိုင်းရဲ့ အုပ်ထိန်းမှုနဲ့တိုက်ရိုက်ဆက်စပ်မှုရှိတယ်ဆိုတာပါပဲ။ မိ ဘတွေရဲ့ပုံစံတိုင်းဟာ သားသမီးတွေနဲ့နီးနီးကပ်ကပ် ဆက်နွယ်မှုရှိနေပြီး ကလေးတွေရဲ့ကွဲပြားခြားနားတဲ့ရလာဒ်တွေကိုဖြစ်ပေါ်စေပါတယ်။

ဒါတွေကို ဒိုင်ယာနာဟာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာတယ်၊ တွေ့ဆုံမေးမြန်းမှုတွေနဲ့ဆန်းစစ်မှုတွေလုပ်တဲ့အပေါ်အခြေခံထားပီး ကွဲပြားခြားနားတဲ့မိဘအုပ်ထိန်းမှုပုံစံ ၃မျိုးကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။ အဲ့ဒီနောက် မက်ကော့နဲ့မာတင်က နောက်ထပ်ရှုထောင့်၂ခုထပ်တိုးပီးလေ့လာကြပြန်ပါတယ်။ ကဲဆိုတော့ လူမှုပတ်ဝန်းကျင်ထဲမှတစ်ခုဖြစ်တဲ့မိဘအုပ်ထိန်းမှုပုံစံ ၄မျိုးကိုကျနော်တို့ အောက်မှာလေ့လာကြည့်ရအောင်…

Authoritarian Parenting Style (အာဏာရှင်ဆန်တဲ့မိဘအုပ်ထိန်းမှုပုံစံ)

Authoritative Parenting Style (စည်းကမ်းနည်းလမ်းကောင်းနှင့်မျှတတဲ့မိဘအုပ်ထိန်းမှုပုံစံ)

Neglectful Parenting Style ((လျစ်လျုရှုထားတဲ့ မိဘအုပ်ထိန်းမှုပုံစံ)

Permissive Or Indulgent Parenting style (အလိုလိုက်အကြိုက်ဆောင် သော မိဘအုပ်ထိန်းမှုပုံစံ) တို့ပဲဖြစ်ပါတယ်။

Authoritarian Parenting Style (အာဏာရှင်ဆန်တဲ့မိဘအုပ်ထိန်းမှုပုံစံ)

ဒီအုပ်ထိန်းမှုပုံစံမှာတော့ တင်းကျပ်တဲ့ထိန်းချုပ်မှုတွေ အပြစ်ပေးမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ အရာရာကိုစောဒက တက်ခြင်း မေးမြန်းခြင်း ဆွေးနွေးခြင်းမရှိဘဲ မိဘရဲ့ ဆန္ဒအတိုင်းလုပ်ဆောင်ရပါတယ်။

ကလေးရဲ့ ဆန္ဒ ခံစားချက် သဘောထားများကို ထုတ်ဖော်ပြောဆိုခွင့်မရှိ သလောက်နည်းပါတယ်၊ အဲဒီအုပ်ချုပ်မှုပုံစံအောက်မှာ နေရတဲ့ ကလေးတွေဟာပျော်ရွှင်မှုမရှိပဲ ကြောက်ရွံ့အားငယ်နေတတ်သလို ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းတတ်ပါတယ်။

တစ်ခါတစ်ရံမှာကြမ်းတမ်းခက်ထန်တဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးရှိ နေတတ်ပါတယ်။ ပြောဆို ဆက်သွယ်မှုစွမ်းရည်အားနည်းပြီး ဦးဆောင်လုပ်ရမယ့် အရာတွေမှာ အခက်အခဲရှိတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတတ်ပြီး ဆေးစွဲတာမျိုးလို အ ခြေအနေတွေဖြစ်သွားတတ်ပါတယ်။

Authoritative Parenting Style (စည်းကမ်းနည်းလမ်းကောင်းနင့်မျှတတဲ့မိဘအုပ်ထိန်းမှုပုံစံ)

မျှတတဲ့မိဘအုပ်ထိန်းမှုပုံစံလို့ဆိုတဲ့အတိုင်း ကလေးရဲ့ ဆန္ဒ သဘောထား ခံစားချက်များကို အလေးထားတဲ့ မိဘ အုပ်ထိန်းမှုပုံစံမျိုးဖြစ်ပါတယ်။ကလေးရဲ့လွတ်လပ်မှုကို အတိုင်းအတာတစ်ခုအထိ ပေးထားလေ့ရှိပြီး ကောင်းမွန်တဲ့စည်းကမ်းဘောင်တစ်ခုတည်ဆောက်ထားတတ်ပါတယ်။

ကလေးလုပ်ချင်တဲ့ကိစ္စတွေကို လုပ်ဆောင်ခွင့်ပေးရာမှာ ရလာမယ့်ကောင်းကျိုးဆိုးကျိုးများကိုပါ တာဝန်ယူတတ်စေရန် သင် ကြားတတ်ပါတယ်။အမှားလုပ်သမျှကို အပြစ်မတင်ဘဲအမှားထဲက သင်ယူတတ်စေရန် လမ်းညွှန်ပြသပေးတတ်ပါတယ်။

ဒါကြောင့် ကလေးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စိတ်ဖိစီးမှုတွေကိုအလွယ်တကူ ဖြေဖျောက်နိုင်တဲ့ ကလေးတွေဖြစ်လာပါတယ်။ လန်းဆန်းပျော်ရွှင်တဲ့ပုံစံ အမှီအခိုကင်းတဲ့ပုံစံနဲ့ ရင့်ကျက်တဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိတတ်ပါတယ်။

အဆင့်မြင့်တဲ့အောင်မြင်မှုတွေရနိုင်သလို လူမှုဆက်ဆံရေး အရမ်းကောင်းတဲ့သူတွေဖြစ်လာနိင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်း မာရေးကောင်းမွန်ပြီး စိတ်ဓါတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ ကိုယ့်ကိုသတ်သေတာ၊ အရက်စွဲ ဆေးစွဲတာ၊ ကြမ်းတမ်းခက်ထန်တာမျိုးတွေဖြစ်လာဖို့ အခြေအနေအတော်နည်းပါးပါတယ်။

Neglectful Parenting(လျစ်လျူရှုထားတဲ့ မိဘအုပ်ထိန်းမှုပုံစံ)

ဒီပုံစံက တော့ သူစိမ်းဆန်လှပြီးကလေးကြီးပြင်းမှုတစ်လျှောက်မှာ မိဘရဲ့ပါဝင်ပတ်သက်မှုဟာမရှိသလောက်နည်းပါးပါတယ်။ကလေးကိုအချိန်ပေးမှုမရှိသလို ကလေးရဲ့ကောင်းမှုဆိုးမှုအပေါ်မှာလည်း စိတ်ဝင်စားမှုနည်းပါးတတ်ပါတယ်။

ဒီလိုမိဘမျိုးရဲ့လက်မှာကြီးပြင်းလာတဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုမရှိဘဲ မရင့်ကျက်တဲ့ကိုယ်ရည်ကိုယ်သွေ းမျိုးရရှိတတ်ပါတယ်။ လူမှုဆက်ဆံရေးညံ့ဖျင်းတတ်သလိုမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းလည်း အားနည်းတတ်ပါတယ်။

Permissive Or Indulgent Parenting Style(အလိုလိုက်အကြိုက်ဆောင် မိဘအုပ်ထိန်းမှုပုံစံ)

ကလေးကို အလိုလိုက်အကြိုက်ဆောင်လွန်းတဲ့ အုပ်ထိန်းမှုပုံစံဖြစ်ပါတယ်။ စည်းဘောင် မရှိသလောက်ဖြစ်ပြီး ကလေးလုပ်ချင်တာမှန်သမျှကို အကောင်းအဆိုးမခွဲခြားဘဲ လုပ်ခွင့်ပြုတတ်ပါတယ်။

ဒီလိုအုပ်ထိန်းမှုပုံစံဟာ တစ်ကိုယ်ကောင်းဆန်တဲ့ ကလေးတွေကို မွေးထုတ်ပေးတတ်ပါတယ်။ အရာရာကို မိမိကိုယ်ကို ဗဟိုပြုစဉ်းစားလေ့ရှိပြီး တခြားသူတွေရဲ့ စိတ်ခံစားချက်ကိုလစ်လျူရှုတတ်ပါတယ်။ စိတ်လှုပ်ရှားမှုနဲ့ အပြုအမူကိုထိန်းချုပ်နိုင်စွမ်းနည် းပါးတတ်ပြီး လူမှုဆက်ဆံရေးလည်းညံ့ဖျင်းတတ်ပါတယ်။

ကဲဒီလောက်ဆိုရင် Chit May May စာဖတ်ပရိတ်သတ်တွေအနေနဲ့ မိဘအုပ်ထိန်းမှုပုံစံအမျိုးမျိုးရှိတဲ့ထဲက အဓိကကျတဲ့အုပ် ထိန်းမှုပုံစံ လေးမျိုးကိုလေ့လာပြီးဖြစ်တဲ့အတွက် ကလေးတွေကိုပြုစုပျိုးထောင်သူ မိဘဆရာများအနေနဲ့ ကလေးတွေကို ကိုယ်ရည်ကိုယ်သွေးကောင်းတွေ တည်ဆောက်ပေးဖို့ ကလေးတွေရဲ့ အနာဂါတ်ဘ၀တွေလှပဖို့ ဘယ်လိုပုံစံမျိုးကိုရွေးချယ် အုပ်ချုပ်သင့်ပီဆိုတာ သိလာမယ်လို့ မျှော်လင့်ပါတယ်။

#Lifestyle_Myanmar
#Mg_Htet
REF_parentingforbrain

LEAVE A REPLY

Please enter your comment!
Please enter your name here