ကလေးတွေကို ပြုစုပျိုးထောင်ရတာက တစ်ချို့မိဘတွေအတွက် အံသြဖွယ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်နိုင်သလို တစ်ချို့မိဘတွေအတွက် စိတ်ပျက်စရာအကောင်းဆုံး ဖြစ်နိုင်ပါတယ်။ နေ့သစ်တိုင်းဟာ မိဘတွေရဲ့ ဘဝမှာ စိန်ခေါ်မှုအသစ်တစ်ခုဖြစ်ပါတယ်။ အိမ်အလုပ်တွေကို ဇယ်ဆက်သလို လုပ်နေရပြီး ပြုံးဖို့ ကြိုးစားရင်း သင့်ရဲ့ တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တဲ့အခါလည်း ရှိမှာပါ။ ဒီဇာတ်ကွက်က အကျွမ်းတဝင်ဖြစ်နေတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မိဘတွေအားလုံးဟာ ကလေးတွေကို ကိုင်တွယ်ဖို့ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းကြရပါတယ်။ အဓိကသော့ချက်က သင့်ဒေါသကိုမပြဘဲ အေးဆေးနေဖို့ ဖြစ်ပါတယ်။ မကြာမီ သင့်ကလေးတွေက သင့်အပြုအမှုကို လေးစားလာပြီး သင့်ရဲ့ အေးတိအေးစက် ကိုယ်ရည်ကိုယ်သွေးကို အတုယူလာပါလိမ့်မယ်။
နောက်တစ်ကြိမ်မှာ သင့်ကလေးကို ထိန်းမနိုင် သိမ်းမနိုင်ဖြစ်စေမယ့်အစား ဒီမိဘအုပ်ထိန်းမှုပြဿနာ ၁၀ခုအတွက် ဖြေရှင်းနည်းလေးတွေကို ကြိုးစားကြည့်ပါ။
၁။ မကြာခဏ ဝိုင်းဒိုင်းကြဲခြင်း
ဒါက မိဘတွေကို ဒေါသပိုဆွပေးနိုင်တဲ့ စိတ်အနှောက်အယှက်ဖြစ်စေဆုံး မိဘအုပ်ထိန်းမှုပြဿနာတစ်ခုဖြစ်ပါတယ်။ မစဉ်းစားဘဲ ချက်ချင်းငိုတတ်တဲ့ကလေး(သို့) အကြောင်းရင်းကို နားမထောင်တဲ့ ကလေးဟာ စီမံဖို့ ခက်ခဲပါတယ်။
ဖြေရှင်းနည်း
- ထိုကဲ့သို့သော အခြေအနေမျိုးမှာ သင့်ရဲ့တည်ငြိမ်မှုကို မဆုံးရှုံးဖို့ အရေးကြီးပါတယ်။ ချက်ချင်းမတုံ့ပြန်တာ အကောင်းဆုံးပါ။
- ငိုတာကို ရပ်လိုက်မှသာ မင်းစကားကို နားထောင်မယ်လို့ သင့်ကလေးအား ပြောပါ။
- သင်ဟာ သူတို့ရဲ့ ဝုန်းဒိုင်းကြဲမှုကို မခံစားမိကြောင်း ကလေးတွေကို ပြသဖို့ အရေးကြီးပါတယ်။

၂။ မနာခံသော ကလေး
ကလေးတွေဟာ သူတို့ရဲ့ အရေးပါမှုကို ပြသဖို့ မိဘက မလုပ်နဲ့ဆိုတာကို မကြာခဏလုပ်လေ့ရှိသလို မိဘပြောတဲ့အရာတွေကို မလုပ်ပဲ ပေကပ်ကပ်နေခြင်း၊ မိဘရဲ့ အမိန့်ကို လျစ်လျူရှုခြင်း၊ သူလိုက်နာစေဖို့ ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဖို့ ကြိုးစားခြင်းတို့ လုပ်တတ်ပါတယ်။
ဖြေရှင်းနည်း
- သင့်ကလေးရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။
- တစ်ချိန်တည်းမှာ ရိုင်းစိုင်းတဲ့ အပြုအမှုတွေကို သည်းမခံပါနဲ့။
- သူတို့ရဲ့ ထင်မြင်ချက်တွေကို အမြဲတမ်းလေးစားပေးနိုင်ပါတယ်။ သို့သော် သူတို့ကို အမှား/အမှန် သင်ပေးရပါမယ်။
- သင့်ရဲ့ အေးဆေးတည်ငြိမ်မှုနှင့် သမာဓိက သူတို့ကို ကျေရာကျေကြောင်း ဖြစ်စေပါလိမ့်မယ်။

၃။ ထိန်းရသိမ်းရခက်တဲ့ မောင်နှမချင်း ပြိုင်ဆိုင်မှု
ကလေးနှစ်ယောက်(သို့) ထို့ထက်ပိုများသော ကလေးတွေအတွက် မောင်နှမတွေအကြား တိုက်ပွဲတွေဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။
ဖြေရှင်းချက်
- ဒါကိုကိုင်တွယ်ဖို့ အကောင်းဆုံးနည်းက သူတို့ငြိမ်သွားစေဖို့ ရန်ဖြစ်ပြီးရင် မောင်နှမတွေ ခွဲထားဖို့ ဖြစ်ပါတယ်။
- ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို ဆုံးဖြတ်ခြင်းဖြင့် တရားသူကြီးတစ်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။
- နောက်ပိုင်းမှာ ဖြေရှင်းဖို့ ကိစ္စတွေတ ပိုနည်းသွားစေအောင် စည်းမျဉ်းအချို့ကို ကြိုတင်လုပ်ထားပါ။

၄။ အဖြူရောင်မုသားပြောတတ်တဲ့ ကလေးတွေ
ကလေးတွေဟာ သူတို့လိမ်ညာနေတာကို မိဘသတိပြုမိတယ်နေဆိုတာ မသိဘဲ လိမ်ညာပြောဆိုလေ့ရှိပါတယ်။
ဖြေရှင်းနည်း
- သူတို့ကို ဘယ်တော့မှ အပြစ်မပေးပါနဲ့။
- အကဲဖြတ်ခြင်း (သို့) ဒေါသထွက်ခြင်းထက် မုသားဟာ ဘယ်နေရာကိုမျှ ဦးဆောင်မှာမဟုတ်ကြောင်း ရှင်းပြပါ။
- သူတို့ကို အချိန်အနည်းငယ်ပေးပြီး လိမ်ခြင်းဟာ အန္တရာယ်ဖြစ်စေတယ်လို့ သူတို့ဘာသာသူတို့ သင်ယူလေ့လာစေပါ။

၅။ ရန်လိုခြင်းနှင့် အကြမ်းဖက်သဘောထား
ဒေါသထွက်နေတဲ့ ကလေးက မိဘတွေကို စိတ်ဖိစီးမှုဖြစ်စေပါတယ်။ သင့်ကလေးက အခြားသူတွေကို ရိုက်နှက်ခြင်းနှင့် အကြမ်းဖက်မှုအနည်းငယ် သုံးခြင်းနှင့် ပတ်သတ်ပြီး တိုင်တန်းမှုတွေ စတင်တဲ့အခါ စိတ်ပျက်မှုက ပိုဆိုးရွားစေပါတယ်။
ဖြေရှင်းနည်း
- သူဒေါသထွက်ရတဲ့ အကြောင်းရင်းကိုရှာပြီး သူ့ဒေါသကို နားလည်အောင် ကြိုးစားပါ။
- များသောအားဖြင့် ကလေးမှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိနေတတ်ပါတယ်။
- မကြာခဏ ဒေါသကြီးတတ်တဲ့ကလေးဆိုရင် သူတို့စိတ်ကို အေးချမ်းစေဖို့ တရားထိုင်ခိုင်းတာမျိုး လုပ်ခိုင်းနိုင်ပါတယ်။

၆။ ညည်းညူမြည်တမ်းပြီး ဂဂျီဂဂျောင်ကျတဲ့ ကလေး
ကလေးအားလုံးနီးပါးဟာ ဂဂျီဂဂျောင်ကျပြီး တိုင်တန်းတတ်ကြပါတယ်။ ဒါကို သင်က ပြဿနာတစ်ခုလို သတ်မှတ်နိုင်ပါတယ်။ သူတို့ကို လျစ်လျူရှုပြီး ကလေးရဲ့ တိုင်ကြားချက်တွေကို နားလည်အောင် အနည်းငယ်သာ လုပ်ပါတယ်။
ဖြေရှင်းနည်း
- များသောအားဖြင့် သင့်ကလေး တိုင်တန်းတာ၊ ဂဂျီဂဂျောင်ကျတာဟာ မိဘရဲ့အာရုံစိုက်မှုကို ရရှိဖို့လုပ်တာဟု သင်နားမလည်တာ ဖြစ်နိုင်ပါတယ်။
- အသေးအဖွဲကိစ္စပဲဖြစ်ဖြစ်၊ သင့်ကလေးကို မကြာခဏ စကားပြောပေးခြင်းက သူတို့ဘေးထွက်နေရတာထက် အကူအညီ ပိုဖြစ်ပါတယ်။

၇။ စာလေ့လာစဉ်ကာလ အတိုက်အခံလုပ်ခြင်း
ကလေးတွေက စာမသင်ချင်ကြဘူး။ ထိုကဲ့သို့သော အပြုအမှုကို ဘယ်မိဘကမှ သည်းမခံပါဘူး။ မိဘတစ်ယောက်အနေနဲ့ သင်ဟာ ကလေးကို ကြိုးစားလေ့လာဖို့၊ ကောင်းမွန်စွာ လုပ်ဆောင်ဖို့ ဖိအားပေးရန် သင့်ကလေးအား အတင်းအကျပ်ခိုင်းစေနိုင်ပါတယ်။
ဖြေရှင်းနည်း
- သင့်ကလေးဟာ လေ့လာမှုတွေမှာ အမှန်တကယ် စိတ်မဝင်စားပါက သူဘာစိတ်ဝင်စားသလဲဆိုတာ ရှာဖွေပါ။
- သင့်ကလေးကို လေ့လာဖို့ ဖိအားပေးခြင်းက ဘယ်သောအခါမျှ အကျိုးဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။
- သင့်ကလေးကို အတွေ့အကြုံတွေက သင်ယူစေပြီး ဒီလမ်းကြောင်းကို ဖြည်းဖြည်းချင်း နင်းပါစေ။

၈။ ညံ့ဖျင်းသော အစားအသောက် အလေ့အထများ
ကလေးတွေဟာ junk food တွေကို နှစ်သက်လေ့ရှိပြီး အာဟာရရှိတဲ့ အရာမှန်သမျှကို မုန်းကြပါတယ်။ မိဘတစ်ယောက်အနေဖြင့် သူတို့ကို အတင်းအဓမ္မဖြစ်စေ၊ လှည့်စားခြင်းဖြင့် ဖြစ်စေ ကျွေးမွေးဖို့ အတတ်နိုင်ဆုံး ကြိုးစားသော်လည်း မအောင်မြင်နိုင်ပါဘူး။
ဖြေရှင်းနည်း
- သင့်ကလေးကို ငါကျွေးတာမစားရင် ဘာမှမစားနဲ့လို့ ပြောပြီး အတင်းအကျပ်မလုပ်ပါနဲ့။
- အကျိုးဆက်တွေကို ရှင်းပြဖို့ ကြိုးစားပါ။
- သင့်ကလေးနှစ်သက်မယ့် အစားအစာများကို ပြင်ဆင်ပေးပါ။
- ကလေးအား ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်မှာ ပါဝင်စေခြင်းဖြင့် အာဟာရဖြစ်စေတဲ့ အစားအစာများကို အရသာခံနိုင်အောင် ကူညီပေးပါ။
၉။ စက်ပစ္စည်းတွေကို စွဲလမ်းခြင်း
ယနေ့ခတ်ကလေးတွေဟာ စက်ပစ္စည်းကိရိယာတွေကို ချစ်ခင်တွယ်တာမှုနဲ့ မွေးဖွားလာကြပါတယ်၊ သူတို့ရဲ့ စွဲလမ်းမှုက သင့်ရဲ့ စိတ်ရှည်မှုကို လျော့နည်းစေနိုင်ပါတယ်။
ဖြေရှင်းနည်း
- သင့်ကလေးဟာ ဖုန်းတွေ၊ ကွန်ပြူတာတွေ၊ တီဗီတွေပါ်မှာ အချိန်ဘယ်လောက်သုံးစွဲရမယ်ဆိုတာကို ထိန်းချုပ်ဖို့ ကြိုးစားပါ။
- လုံ့လဝီရိယရှိရှိ လိုက်နာဖို့ လိုအပ်တဲ့ စည်းကမ်းထိန်းသိမ်းရေးစည်းမျဉ်းအချို့ကို ချမှတ်ပါ။
- သူတို့ကို အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ ဝါသနာများနှင့် လှုပ်ရှားမှုများမှာ မိတ်ဆက်ပေးပါ။

၁၀။ ရှက်ကြောက်ပြီး ယုံကြည်မှုကင်းမဲ့ခြင်း
ကလေးတစ်ချို့ဟာ လူရှေ့သူရှေ့ကို ရှောင်ကြဉ်ပြီး အမြဲတမ်း အထီးကျန်နေတတ်ကြပါတယ်။ မိဘတွေအနေနဲ့ ဒါကို စိုးရိမ်ပူပန်နိုင်ပါတယ်။
ဖြေရှင်းချက်
- သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို နားလည်ပေးပါ။
- သင်ဘာပဲလုပ်လုပ် တခြားသူတွေနှင့်အတူ ရောနှောစေဖို့ တွန်းအားမပေးပါနဲ့။
- အချို့သော အသက်အရွယ် လွန်သွားပြီးရင် ရှက်ကြောက်တာ ပျောက်ကွယ်သွားတတ်လို့ မစိုးရိမ်ပါနဲ့နော်။

ကလေးတစ်ယောက်လုံးကို ပြုစုပျိုးထောင်ရခြင်းက ကောင်းမွန်သော အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ မိဘအုပ်ထိန်းခြင်း ပြဿနာတွေကို နားလည်ခြင်း၊ လိမ္မာပါးနပ်မှုနင့် စိတ်ကောင်းထားရှိပြီး သူတို့ကို ဆက်ဆံခြင်းက အကောင်းဆုံးနည်းလမ်းပါ။
Chit_MayMay
LM_Nandar
Source-momjunction