မိမိတို့ရဲ့ ကလေးငယ်တွေကို ဘယ်တော့မှမပြုလုပ်သင့်တဲ့အရာများ

0
267
- Advertisement -

မိဘတိုင်းဟာ ကိုယ့်ရဲ့သားသမီး၊ ကိုယ့်ရဲ့ ရင်သွေးငယ်တွေကို ချစ်ခင်ကြတာကြီးပါဘဲ။ ဒါပေမယ့် တခါတရံမှာ အချစ်ပိုပြီး မလိုလားအပ်တဲ့ အမှားတွေကို ကျူးလွန်သွားမိတတ်ကြပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ မိမိရဲ့ ကလေးငယ်တွေကို ဘယ်တော့မှမပြုလုပ်သင့်တဲ့ အရာတွေကို သိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ကလေးငယ်တွေကိုယ်စား ဝင်ရောက်ဖြေကြားပေးခြင်း

သူစိမ်းတယောက်က မိမိရဲ့ ကလေးငယ်ကို ချစ်မြတ်နိုးလို့ နာမည်ဘယ်လိုခေါ်လဲလို့ မေးတာဘဲဖြစ်ဖြစ်၊ အကြောင်းအရာတခုခုကို မေးတာဘဲဖြစ်ဖြစ် ကလေးငယ်တွေကိုယ်စား မိဘတွေဟာ ဝင်ရောက်ဖြေကြားပေးဖို့မသင့်ပါဘူး။ ကလေးငယ်တွေဟာ ရှက်ရွံ့ပြီး မေးမြန်းတဲ့မေးခွန်းတွေကို ဖြေကြားဖို့ တုံ့ဆိုင်းနေတတ်ပေမယ့် ရဲရဲတင်းတင်းဖြေကြားနိုင်အောင် သဲလွန်စပေးတာမျိုးကိုဘဲ ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှသာ ကလေးငယ်တွေဟာ စကားပြောဆိုတဲ့နေရာမျိုးမှာ ရဲတင်းပွင့်လင်းလာမှာဘဲဖြစ်ပါတယ်။

၂။ သူငယ်ချင်းဖြစ်စေဖို့

မိဘတွေဟာ ကလေးငယ်တွေနဲ့ မိဘတွေရဲ့ကြားမှာ လျို့ဝှက်ချက်တွေမရှိချင်ကြတာကြောင့် သူငယ်ချင်းဖြစ်ဖို့ကြိုးစားကြပါတယ်။ ဒီလိုအပြုအမူတွေဟာ မိဘနဲ့ သားသမီးကြား ရင်းနီးတဲ့ဆက်ဆံရေးတွေ ပိုမိုတိုးပွားလာစေပေမယ့် ကလေးငယ်ဟာ သူနဲ့သက်တူရွယ်တူသူငယ်ချင်းမျိုးတွေရှိနေဖို့ကိုလည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့ ဒီအချက်ကို သတိပြုပြီး မိမိရဲ့ ကလေးငယ်ကို အခြားသော သက်တူရွယ်တူကလေးငယ်များနဲ့ ရင်းနီးတဲ့သူငယ်ချင်းဖြစ်မှုကို ကန့်သတ်ပိတ်ပင်တာမျိုးတွေ မပြုလုပ်မိဖို့လည်း လိုပါတယ်။

၃။ လိုအပ်ချက်နဲ့ လိုချင်မှုကို ကွဲပြားစေပါ

ပန်းဂေါ်ဖီစိမ်းဟာ သကြားလုံးထက် ကျန်းမာရေးအရ ပိုမိုကောင်းမွန်စေသလို ဖိနပ်ကောင်းကောင်းတရံကလည်း အရုပ်တခုထက်ပိုပြီး အသုံးဝင်တာကို မိဘတွေသိသလို ကလေးငယ်တွေကိုလည်း သိနားလည်စေဖို့လိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လိုအင်ဆန္ဒတွေကို အတင်းကာရောထိန်းချုပ်တာမျိုးကိုတော့ မပြုလုပ်ဖို့လိုပါတယ်။ မိဘတွေအနေနဲ့ ထိန်းချုပ်သင့်တာနဲ့ ဖြေလျော့ပေးသင့်တာမျိုးကို ကောင်းကောင်းမွန်မွန်ကိုင်တွယ်အသုံးချတတ်ရပါမယ်။ ဒါမှသာ ကလေးငယ်တွေဟာ လိုအင်ဆန္ဒမပြည့်ဝခြင်းကြောင့် ဂျစ်တိုက်ခြင်း၊ ငိုယိုခြင်း၊ ပုန်ကန်ခြင်းတွေနဲ့ မိဘတွေဟာ သူ့ကို ချစ်ခင်တွယ်တာမှုမရှိဘူးဆိုတဲ့ အထင်အမြင်
လွဲမှားမှုတွေ မရှိမှာဘဲဖြစ်ပါတယ်။

၄။ ကိုယ်တိုင်ပြုလုပ်တတ်ဖို့ သင်ကြားပေးပါ

ကလေးငယ်တွေ အသက် ၂နှစ် ၃နှစ် အရွယ်ရောက်လာတာနဲ့ သူတို့ရဲ့ အဝတ်အစားတွေကို ကိုယ်တိုင်ချွတ်တတ်၊ ဝတ်တတ်အောင်လေ့ကျင့်သင်ကြားပေးလို့ရပါပြီ။ ဒီလိုအသက်အရွယ်မှာ ကလေးငယ်တွေဟာ သူတို့မသိသေးတဲ့ အရာတွေကို ကိုယ်တိုင်လုပ်ကိုင်ချင်စိတ်တွေလည်း ရှိနေကြပါပြီ။ မိဘတွေအနေနဲ့ ဒီအချက်ကို အသုံးချပြီး ဝတ်ပြီးသားအဝတ်တွေကို
အဝတ်ညစ်တွေထားတဲ့နေရာမှာ ထားရှိစေခြင်း၊ အဝတ်လျှော်စက်ထဲသို့ ထည့်စေခြင်း အစရှိတာတွေကို စတင်သင်ကြားပေးသင့်ပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်ဓါတ်တွေဝင်ရောက်သွားစေနိုင်သလို နေရာတကာ မိဘအားကိုးတတ်တဲ့ စိတ်ဓါတ်တွေလည်း ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို အသက်ငယ်ရွယ်သေးတယ်ဆိုပြီး အရာရာအားလုံး လိုက်လုပ်ပေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

၅။ ဝါသနာနဲ့ စိတ်ဝင်စားမှု

ကလေးငယ်တွေကို သူတို့ရဲ့ဝါသနာပါရာနဲ့ စိတ်ဝင်စားမှုတွေကိုသာ လေ့ကျင့်သင်ကြားမှုတွေပြုလုပ်စေသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ မိဘတွေအလိုကျ လေ့ကျင့်သင်ကြားစေတာက ကလေးငယ်တွေကို စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာစေသလို အောင်မြင်မှုတွေကိုလည်းရရှိစေနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကလေးတွေဝါသနာပါတဲ့ အရာမျိုးတွေကိုသာ လေ့ကျင့်သင်ကြားစေပြီး လိုအပ်တဲ့ထောက်ပံ့ပေးမှုတွေကိုသာ ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် မိဘတွေရဲ့ အောင်မြင်မှုမရရှိခဲ့တဲ့၊ မပြည့်ဝခဲ့တဲ့ ဆန္ဒတွေကို အခြေခံပြီး ကလေးငယ်တွေကို အသုံးချတာမျိုး၊ တွန်းအားပေးတာမျိုးကိုလည်းရှောင်ကြဉ်သင့်ပါတယ်။

၆။ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွတ်ဖက်ခြင်း

ဒီလိုမျိုးတွေဟာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေနဲ့ မိဘတွေကြားမှာအဖြစ်များပါတယ်။ မိမိရဲ့ ကလေးငယ်တွေဟာ ဆယ်ကျော်သက်အရွယ်သို့ ရောက်ရှိလာပြီဆိုပါက မိဘတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စများကို နေရာတကာဝင်ရောက်စွတ်ဖက်ခြင်း၊ သိလိုခြင်း အစရှိတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုအရွယ်မျိုးမှာ သူတို့ဟာ ကိုယ်ပိုင်လွတ်လပ်မှု၊ သီးသန့်နေလိုမှုတွေကို လိုချင်ကြတာကြောင့် မူးယစ်ဆေးဝါးသုံးစွဲနေတယ်လို့ သံသယရှိတဲ့ကိစ္စမျိုးတွေကလွဲလို့ သူတို့ပြောပြလိုစိတ်မရှိတဲ့ အကြောင်းအရာမျိုးတွေ၊ နေ့စဉ်မှတ်တမ်းတွေကို သူတို့ရဲ့ ခွင့်ပြုချက်မရဘဲယူငင်ဖတ်ရှုခြင်း၊ မပြောပြောအောင် မေးခွန်းထုတ်ခြင်း အစရှိတာတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို နောက်ဆုံးအချက်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- Brightside

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here