မိမိတို့ရဲ့ ကလေးတွေကို မဖြစ်မနေသင်ကြားပေးသင့်တဲ့ အချက်(၁၀) ချက်

0
6295
- Advertisement -

မိဘတိုင်းဟာ မိမိတို့ရဲ့ ကလေးငယ်တွေ အရွယ်ရောက်ကြီးပြင်းလာချိန်မျိုးမှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်နေတာကို မြင်လိုကြပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ခေတ်လို စိန်ခေါ်မှုများတဲ့ အနေအထားမျိုးမှာတော့ သိပ်ပြီးတော့ မလွယ်ကူနိုင်ပါဘူး။ ဒါကြောင့်မို့ မိဘများအနေနဲ့ ကလေးတွေရဲ့ ဘဝမှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေ၊ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပေးသင့်ပါတယ်။ မိဘတို့ရဲ့ တန်ဖိုးရှိတဲ့ ဘဝအတွေ့အကြုံနဲ့ ဗဟုသုတတွေကို အသုံးပြုပြီး မှတ်သားထိုက်တဲ့ ဘဝသင်ခန်းစာတွေကို မိမိတို့ရဲ့ ကလေးငယ်တွေကို ဝေငှပေးနိုင်ပါတယ်။ ဒါမှသာ သူတို့ကြီးပြင်းအရွယ်ရောက်လာချိန်မှာ သူတို့ရဲ့ကိစ္စရပ်များစွာ ယုံကြည်မှုရှိရှိစီမံခန့်ခွဲနိုင်မှာဘဲဖြစ်ပါတယ်။

(၁) ရိုးသားမှုကို သင်ကြားပေးပါ

ရိုးသားမှုကိုသင်ကြားပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ကျင့်တရားကို စောင့်ထိန်းစေတာဘဲဖြစ်ပါတယ်။ ကလေးများဟာ များသောအားဖြင့် မိဘတွေဆီကတစ်ဆင့် သင်ယူမှတ်သားလေ့ရှိပါတယ်။ ဒါကြောင့်မို့ ဘယ်လိုအရေးမပါတဲ့ ကိစ္စမျိုးမှာဘဲဖြစ်နေပါစေ မရိုးသားတာကို ရှောင်ကြဉ်နိုင်ဖို့ အရေးကြီးပါတယ်။ မိမိရဲ့ သားသမီးက လိမ်ပြောနေမှန်း သိလင့်ကစား ကလေးငယ်ကို ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းတာမျိုးကို ရှောင်ကြဉ်ပြီး လိမ်ပြောခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို နားဝင်အောင်ရှင်းပြသင့်ပါတယ်။ အဲဒီနောက် အမှားကို ဝန်ခံပြောကြားဖို့ တိုက်တွန်းပြောဆိုတာမျိုးကို လုပ်ရပါမယ်။

(၂) ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ဖို့ သင်ကြားပေးပါ

မိဘများသည် ကလေးငယ်များကို ငယ်စဉ်ကတည်းက ကိုယ်နှုတ်အမူအရာ ယဉ်ကျေးလိမ္မာအောင် လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်။ ကောင်းတဲ့ အမူအကျင့်များက မိမိတို့ရဲ့ကလေးငယ်ကို နှစ်သက်ဖွယ်ကောင်းသော၊ လူချစ်လူခင်များသော၊ လူမှုပေါင်းသင်းဆက်ဆံရေးဝင်ဆံ့သော လူတစ်ယောက်ဖြစ်လာဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ကလေးငယ်များသည် လူကြီးတွေရဲ့ လုပ်ရပ်များကို လေ့လာသင်ယူတတ်ကြတာမို့ မိဘတွေကိုယ်တိုင်လည်း ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်တဲ့အမူအကျင့်ကောင်းတွေကို ကျင့်သုံးဖို့လိုအပ်ပါလိမ့်မယ်။

(၃) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးတတ်ဖို့သင်ကြားပေးပါ

မိဘတွေကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးတာက ကလေးငယ်တွေနဲ့အတူ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးတတ်ဖို့ သင်ကြားပေးတာက ကျန်းမာရေးကို မြှင့်တင်ပေးရုံသာမက ရောဂါဘယကင်းဝေးတဲ့ ဘဝကိုပါအာမခံပေးနိုင်ပါတယ်။ ဒါကြောင့်မို့ မိဘတွေကိုယ်တိုင် ကျန်းမာရေးနဲ့ သင့်တော်တဲ့ စားသောက်နေထိုင်မှုပုံစံတွေကို ရွေးချယ်စားသုံးပေးပါက မိမိတို့ရဲ့ကျန်းမာရေးအတွက်သာမကဘဲ မိမိတို့ရဲ့ ကလေးငယ်ကိုပါ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ စားသောက်နေထိုင်မှုပုံစံကို လေ့ကျင့်သင်ကြားပေးထားသလိုဖြစ်စေနိုင်ပါတယ်။

(၄) ရိုသေလေးစားတတ်အောင်သင်ကြားပေးပါ

ရိုသေလေးစားတတ်တာဟာ အခြားသော စရိုက်လက္ခဏာတွေဖွံဖြိုးတိုးတက်ဖို့ အခြေခံကျပါတယ်။ မိမိထက်အသက်အရွယ်ကြီးတဲ့ သူများကိုလေးစားခြင်း၊ မိမိနဲ့ရွယ်တူများကိုလေးစားခြင်း၊ တရားဥပဒေကိုလေးစားခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထားလေးစားခြင်းနဲ့ သူတစ်ပါးအပေါ်စာနာစိတ်ထားတတ်တာဟာ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ မည်သည့်အယူဝါဒကိုကိုးကွယ်ယုံကြည်နေပါစေ၊ မည်သို့သောလူအဆင့်အတန်းကွာဟနေပါစေ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် အကောင်းဆုံးသောအခြေခံစိတ်ထားလည်းဖြစ်ပါတယ်။

(၅) အားကစားလုပ်တာကို အားပေးပါ

ဘဝမှာ စိတ်ပျက်စရာအခြေအနေနဲ့ ရှုံးနိမ့်စရာတွေကြုံတွေ့လာနိုင်ပါတယ်။ အရှုံးဆိုတာကို လက်ခံနိုင်ဖို့ ခက်ခဲတဲ့အခါတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ မိဘများအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်များကို အားကစားနည်းတချို့ကို လေ့ကျင့်သင်ကြားပေးဖို့လိုအပ်ပါတယ်။ အားကစားနည်းတွေမှာ တက်ကြွစွာပါဝင်ကစားခိုင်းတာက အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း သင်ခန်းစာတွေကို လေ့ကျင့်သင်ကြားပေးပြီးသားဖြစ်သလို ကျန်းမာကြံ့ခိုင်တဲ့ ကလေးတစ်ယောက်ဖြစ်လာဖို့လည်းအထောက်အကူဖြစ်စေနိုင်ပါတယ်။ အရှုံးအနိုင်ကို ရင်းနီးနေတဲ့ ကလေးတစ်ယောက်က ဘယ်လိုရွေးချယ်မှုတွေကြောင့် အောင်မြင်နိုင်တာဖြစ်ပြီး ဘယ်လိုတွေကြောင့် ရှုံးနိမ့်သွားရတယ်ဆိုတာကို နားလည်သဘောပေါက်စွာဖြင့် အရှုံးတစ်ခုကြောင့်စိတ်ဓါတ်တွေ ပုံကျမသွားဘဲ အောင်မြင်ဖို့လမ်းကြောင်းကို မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ လျောက်လှမ်းနိုင်မှာဘဲဖြစ်ပါတယ်။

(၆) အချိန်စီမံခန့်ခွဲတတ်အောင်သင်ကြားပေးရပါမယ်

မိဘများသည် အချိန်ကို သတိရှိရှိထိန်းချုပ်တတ်အောင်ကူညီပေးခြင်းအားဖြင့် ကလေးများသည် အချိန်ရဲ့ တန်ဖိုးကို ကောင်းစွာသိရှိနားလည်လာနိုင်ပါတယ်။ အချိန်ကိုမည်သို့စီမံခန့်ခွဲပြီး အသုံးချမယ်ဆိုတာကို ငယ်ရွယ်စဉ်ကတည်းက သင်ကြားပေးလိုက်တာက ကလေးများအတွက် ကြီးပြင်းလာချိန်မှာ အလုပ်အကိုင်ကောင်းတွေရရှိဖို့ အခွင့်အလမ်းများ ပိုင်ဆိုင်နိုင်ကြပါလိမ့်မယ်။ အချိန်စီမံခန့်ခွဲမှုကို သင်ယူခြင်းအားဖြင့် ကုန်ထုတ်စွမ်းအားနဲ့ အရည်အချင်းကိုတိုးတက်လာစေနိုင်ပါတယ်။ ကောင်းမွန်တဲ့ အချိန်စီမံခန့်ခွဲနိုင်မှုဟာ အာရုံစူးစိုက်မှုကို တိုးမြှင့်ပေးပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်တွေကိုပါ မြှင့်တင်နိုင်ဖို့ကူညီပေးပါတယ်။

(၇) တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ သင်ကြားပေးရပါမယ်

တာဝန်ယူတတ်အောင်သင်ကြားပေးခြင်းဟာ ကလေးများအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကိုရရှိနိုင်ပါတယ်။ ကလေးများကို တာဝန်ဝတ္တရားများပေးခြင်းသည် ဘဝရဲ့ အရေးကြီးတဲ့ စွမ်းရည်တွေကို သင်ကြားပေးခြင်းနဲ့ အတူတူဘဲဖြစ်ပါတယ်။ မိဘများအနေဖြင့် မိမိတို့ရဲ့ ကလေးငယ်များကို တာဝန်ဝတ္တရားများ မည်သို့တာဝန်ယူကာလုပ်ဆောင်ရမည်ကို သင်ကြားပေးပြီး ထိုရလဒ်ကို လက်ခံနိုင်စွမ်းလည်းရှိရပါမယ်။ ထိုသို့သင်ကြားပေးခြင်းဖြင့် ကလေးငယ်များသည် ကြီးပြင်းလာချိန်မှာ မိမိတာဝန်ယူထားသောအလုပ်အပေါ် ချစ်မြတ်နိုးပြီး ဂုဏ်ယူစွာလုပ်ကိုင်လိုစိတ်ရှိလာနိုင်မှာဘဲဖြစ်ပါတယ်။

(၈) သနားကရုဏာနဲ့ ခွင့်လွှတ်တတ်ခြင်းကိုလည်း သင်ကြားပေးရပါမယ်

အခွင့်အလမ်းများပေါ်ပေါက်လာချိန်တိုင်း မိမိတို့ရဲ့ ကလေးငယ်ကို သူတစ်ပါးအားကူညီပေးတတ်လိုစိတ်ရှိအောင်သင်ကြားပေးပါ။ အခြားသူများကို ဂရုစိုက်ရန်လှုံ့ဆော်ပေးခြင်းနဲ့ အခြားသူများရဲ့ စိတ်ဆန္ဒတွေကို ဦးစားပေးတတ်တာမျိုးက သနားကရုဏာနဲ့ ကြင်နာမှုတန်ဖိုးကိုသိတတ်ဖို့ အကောင်းဆုံးဘဲဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းနဲ့ ရှေ့ဆက်လျှောက်နိုင်ဖို့ကိုလည်း သင်ကြားပေးဖို့လိုပါတယ်။ ဒါမှသာ စိတ်ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ခံစားရနိုင်မှာဘဲဖြစ်ပါတယ်။

(၉) သင်ယူခြင်းကို နှစ်သက်တတ်ဖို့ သင်ကြားပေးပါ

သင်ယူမှုနဲ့ လေ့လာမှုတို့ကို နှစ်သက်မြတ်နိုးတတ်ဖို့အတွက် မိမိတို့ရဲ့ကလေးများကို အခွင့်အလမ်းများဖန်တီးပေးပါ။ သူတို့ရဲ့ ဝါသနာနဲ့ စိတ်အားထက်သန်မှုကို သူတို့ကိုယ်တိုင်သိရှိနိုင်ဖို့ ကူညီပေးပါ။ အသစ်အသစ်တွေကို မှန်မှန်ကန်ကန်လေ့လာနိုင်ဖို့ အခွင့်အလမ်းတွေဖန်တီးပေးတာက သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှုရှိစေပြီး ဘဝအတွက်အခွင့်အလမ်းကောင်း တွေကို မြှင့်တင်ပေးနိုင်မှာဘဲဖြစ်ပါတယ်။

(၁၀) ငွေကြေးကို စီမံခန့်ခွဲနိုင်ဖို့ သင်ကြားပေးပါ

ငယ်ရွယ်စဉ်ကတည်းက ပိုက်ဆံကို မည်သို့ကိုင်တွယ်အသုံးပြုရမယ်၊ စုဆောင်းရမယ်ဆိုတာနဲ့ စုဆောင်းခြင်းနဲ့ ဖြုန်းတီးခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သိရှိအောင်သင်ကြားပေးထားတာက သူတို့ကြီးပြင်းလာချိန်မျိုးမှာ သုံးတာနဲ့ ဖြုန်းတာကို ခွဲခြားသိမြင်စေနိုင်ပြီး ရောင့်ရဲတင်းတိမ်စွာသုံးစွဲခြင်းရဲ့ ကောင်းကျိုးများကို ရရှိခံစားစေနိုင်မှာပါဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-parenting.firstcry

LEAVE A REPLY

Please enter your comment!
Please enter your name here