မိမိတို့ရဲ့ ရင်သွေးငယ်တွေကို အကျင့်စရိုက်ကောင်းတွေ ဘယ်လိုသင်ပေးရမလဲ

0
1571
- Advertisement -

စံပြအပြုအမူအပြောအဆိုတွေဟာ ကလေးငယ်တွေကို အကျင့်စရိုက်ကောင်းတွေ သင်ကြားပေးဖို့ အကောင်းဆုံးဘဲဖြစ်ပါတယ်။ မိဘတိုင်းက သူတို့ရဲ့ ကလေးငယ်တွေကို လိမ္မာယဉ်ကျေးတဲ့ သူတွေဘဲဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် ကလေးငယ်တွေရဲ့ အပြုအမူအပြောအဆိုတွေဟာ မိဘတွေအကျင့်စရိုက်တွေကနေ ဒါမှမဟုတ် ရင်းနီးရာပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေတဆင့် ရောင်ပြန်ဟပ်တယ်ဆိုတာကို မေ့လျော်နေကြပါတယ်။

လေးစားမှုရှိဖို့သင်ပေးပါ

အမူအကျင့်ကောင်းတွေရဲ့ အခြေခံဟာ အခြားသူတစ်ဦးတစ်ယောက်အပေါ်လေးစားမှုရှိခြင်းနဲ့ လေးစားတတ်ခြင်းကို အခြေခံပါတယ်။ အခြားသူတစ်ယောက်ရဲ့ ခံစားချက်ကို အလေးထားခြင်း၊ ဂရုစိုက်ခြင်းနဲ့ ကိုယ်ချင်းစာစိတ်ထားရှိခြင်းတို့ဟာ စာရိတ္တဆိုင်ရာ သင်ခန်းစာတွေကနေ သင်ယူလို့မရနိုင်တာတွေဘဲဖြစ်ပါတယ်။ အဲဒီလို စိတ်ထားတွေ ထားတတ်ဖို့ဆိုတာက နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်းခံစားနိုင်မှ ဖြစ်ပါလိမ့်မယ်။ အဲဒီလို ခံစားတတ်ဖို့အတွက် မိဘတွေဟာ ကလေးငယ်တွေရဲ့ရှေ့မှာ မပြောသင့် မပြောအပ်တာတွေ၊ မလုပ်သင့်မလုပ်အပ်တာတွေကို မပြုလုပ်မိဖို့လိုပါတယ်။ ဒါမှသာ ကလေးငယ်တွေဟာ မသိစိတ်ထဲကနေ မိဘတွေဆီက အကျင့်စရိုက်ဆိုးတွေကို အတုမယူမိမှာဘဲ ဖြစ်ပါတယ်။

- Advertisement -

ယဉ်ကျေးပြူငှာသော စကားအသုံးအနှုန်းတွေကို ဦးစွာသင်ကြားပေးပါ

၂နှစ်နှင့် ၂နှစ်အထက်ကလေးငယ်များကို ဟုတ်ကဲ့ပါခင်ဗျ၊ ဟုတ်ကဲ့ပါရှင့် ဆိုသောစကားတွေအပြင် ကျေးဇူးတင်ပါတယ် ဆိုသောစကားမျိုးကို သင်ကြားပေးလို့ရနေပြီဖြစ်ပါတယ်။ ကလေးငယ်တွေ သူတို့လိုချင်တာရသွားသောအခါမျိုးမှာ လုပ်ဆောင်ပေးတဲ့ သူကို ကျေးဇူးတင်ပါတယ် လို့ပြောခိုင်းပေးဖို့လိုပါတယ်။ မိဘတွေကလည်း သားငယ်၊ သမီးငယ်တွေကို တစ်ခုခုခိုင်းတဲ့အခါမျိုးမှာ သားရေ၊ သမီးရေ မေမေ့ကို ဒါမှမဟုတ် ဖေဖေ့ကို ဒါလေးယူပေးပါလားဆိုတဲ့ စကားမျိုးသုံးနှုန်းပေးဖို့လိုအပ်ပါတယ်။ အမိန့်သံမပါသွားဖို့အတွက် ဂရုပြုသင့်ပါတယ်။

ကလေးငယ်တွေကို အသိအမှတ်ပြုပေးပါ

လူကြီးတွေ စုဝေးစကားပြောနေချိန်မျိုးမှာ တခါတရံ ကလေးငယ်တွေဟာ သူတို့လိုချင်တာတွေကို လာရောက်တောင်းဆိုတာမျိုးရှိပါလိမ့်မယ်။ အဲဒီလိုအချိန်မျိုးမျာ ကလေးငယ်တွေကို အနှောက်အယှက်ဖြစ်တယ်ဆိုပြီး ဆူပူကြိမ်းမောင်းတာမျိုးကို ရှောင်ရှားပေးပါ။ များသောအားဖြင့် အဲဒီလိုပြုမူပြောဆိုလိုက်တာဟာ ကလေးငယ်တွေကို ဝမ်းနည်းနာကျင်စိတ်တွေဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို တတ်နိုင်သလောက် ပျော့ပျောင်းနူးညံ့တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ နားလည်သိတတ်အောင် ပြောပြပေးဖို့လိုပါတယ်။ ကလေးငယ်တွေကို လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ဆက်ဆံပုံတွေကို သင်ကြားပေးရပါမယ်။ ကလေးငယ်တွေကို အသိအမှတ်ပြုခြင်းက သူတို့ဟာ တန်ဖိုးရှိကြောင်းပြသတာဘဲ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ အပြုအမူတွေကတဆင့် အန္တရာယ်မဖြစ်စေရန်လည်း ကလေးငယ်တွေကို စောင့်ကြည့်ပေးဖို့လိုပါတယ်။

ကလေးငယ်တွေကို အတင်းအကျပ်စေခိုင်းခြင်းမျိုးကို ရှောင်ကြဉ်ပါ

မိဘတွေရဲ့အတ္တကို ရှေ့တန်းတင်ပြီး ကလေးငယ်တွေကို မိမိတို့လိုရာပုံသွင်းတာမျိုးမလုပ်သင့်ပါဘူး။ ကလေးငယ်တွေဟာ ကျောင်းသင်ခန်းစာမျိုးမှာ ညံ့ကောင်းညံ့နေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိဘများဟာ မိမိတို့ရဲ့ကလေးငယ်တွေကို အခြားမိဘများရဲ့ ကလေးငယ်များနဲ့ နှိုင်းယှဉ်ပြီး အပြစ်တင်ဆူပူကြိမ်းမောင်းတာမျိုးမလုပ်သင့်ပါဘူး။ ဒီလိုပြုမူပြောဆိုတာက ကလေးငယ်တွေစိတ်ကို ဒဏ်ရာအနာတရဖြစ်သွားစေနိုင်ပြီး ဆိုးသွမ်းတဲ့ကလေးငယ်တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ကလေးငယ်တွေမှာ ဘယ်လိုအခက်အခဲတွေရှိနေလည်းဆိုတာအရင်ဆုံးလေ့လာပြီး အကောင်းဆုံးဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို
စဉ်းစားပေးဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေ ယဉ်ကျေးလိမ္မာဖို့အတွက်ဆို မိဘများကိုယ်တိုင်က ကလေးငယ်တွေရဲ့စိတ်ကို
နားလည်ပေးနိုင်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-askdrsears

LEAVE A REPLY

Please enter your comment!
Please enter your name here