
မိဘတိုင်းက ကိုယ့်ရဲ့ ကလေးကို အမြဲတမ်း မချစ်ပြနိုင်ရင်တောင် စိတ်ထဲမှာ အမြဲရှိနေပြီး စိုးရိမ်ပူပန်မှုတွေနဲ့ အတူ ချစ်နေပြီးသားပါ။ မိဘတိုင်းက ကိုယ့်ကလေးတွေ အတွက် အကောင်းဆုံး ဆိုတာကိုပဲ ပေးချင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ စေတနာကိုတော့ အချိန်တိုင်း ထုတ်မပြတတ် ကြပါဘူး။ ဘယ်လောက်ပဲ ခက်ထန်တဲ့ မိဘပဲဖြစ်ဖြစ်၊ စည်းကမ်းဘယ်လောက်ပဲ တင်းကျပ်တင်းကျပ် မိဘတိုင်းကတော့ ကလေးတွေနဲ့ ပတ်သတ်ပြီး သူတို့ကြောက်ကြတဲ့ အရာတွေကနေ သူတို့လုပ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ပေး နေတာပဲဖြစ်ပါတယ်။ ညဘက်တွေမှာတောင် အိပ်မပျော်ပဲ ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်မှု၊ တစ်ကိုယ်ရေ လုံခြုံမှု နှင့် ရေရှည် ကျန်းမာရေးအတွက် စိုးရိမ်ပူပန် တတ်ကြတာလည်း မိဘတွေပဲဖြစ်ပါတယ်။

၁။ ကြီးမားတဲ့ မျှော်လင့်ချက်
မိဘတိုင်းက ကလေးလိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ လိုအပ်တဲ့ ပညာရေးနဲ့ အခွင့်အလမ်းတွေ မရမှာကို အရမ်း ကြောက်တတ် ကြပါတယ်။ ဒီနေ့ခေတ် မိဘတော်တော် များများက ပြေလည်အောင် ရုန်းကန်နေကြရပြီး ကလေးတွေအတွက် မတူညီတဲ့ အနာဂတ်မျိုးကို လိုချင်ကြပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ ကမ္ဘာကြီးမှာ မိဘတိုင်းကသားသမီးတွေရဲ့ ဘဝကို အဓိပ္ပါယ်ရှိအောင် ဖြတ်သန်း စေလိုကြပါတယ်။ လွတ်လပ်မှု၊ တွေးခေါ်နိုင်စွမ်း၊ စိတ်ကူးဉာဏ်နှင့် အခြေခံဘဝ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရန်၊ ကလေးအောင်မြင်ဖို့ ကူညီပေးမယ့် အရာအားလုံး မစွမ်းဆောင်ပေးနိုင်မှာ ကိုလည်း စိုးရိမ်ပူပန် တတ်ကြပါတယ်။

၂။ သူစိမ်းအန္တရာယ်
ကလေးကို ကာကွယ်ပေးခြင်းက အခြေခံအကျဆုံး မိဘအုပ်ထိန်းမှု ဆိုင်ရာ ဗီဇတစ်ခုဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က မိမိရဲ့ ကလေးကို နာကျင်အောင် တိုက်ခိုက်မှာမျိုးကိုလည်း လက်မခံနိုင် ဖြစ်ပြီး ကြောက်ရွံ့မှုများ ပိုမိုပြင်းထန်လာ တတ်ကြပါတယ်။ ကလေးအား အသက်အရွယ်အလိုက် မသင့်လျော်သော ထိတွေ့ ဆက်ဆံမှုပုံစံများနှင့် အန္တရာယ်ကြုံလာပါက မိမိ (သို့) အခြားလူကြီးများထံမှ အကူအညီရယူရန် သင်ကြား ပေးထားခြင်းဖြင့် စိုးရိမ်မှုကို လျော့ချနိုင်ပါတယ်။

၃။ မတော်တဆထိခိုက်ဒဏ်ရာရမှုများ
မတော်တဆ ထိခိုက်ဒဏ်ရာရမှု အရေအတွက် အများအပြားကို တားဆီးလို့ မရနိုင်တဲ့ အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ လျှော့ချမရနိုင်တဲ့ မိဘအုပ်ထိန်းမှုဆိုင်ရာ အကြောက်တရားဖြစ်တဲ့ မော်တော်ယာဉ် တိုက်မှု၊ ကား မတော်တဆမှု ကြောင့် ကလေး ထိခိုက်ဒဏ်ရာရမှာကို ကြောက်ကြပါတယ်။ ကားထိုင်ခုံများ၊ ထိုင်ခုံခါးပတ်များ၊ စက်ဘီး၊ စကူတာ၊ စကိတ်ဘုတ်စီးတဲ့အခါ မိဘတွေက နည်းမှန်လမ်းမှန်နဲ့ လမ်းပြပေးဖို့လိုပါတယ်။

၄။ အနိုင်ကျင့်ခြင်း
ကလေး အချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေက လတ်တလောမှာ အဖြစ်များနေတာကြောင့် စွန့်ပစ်ရန် မဖြစ်နိုင်တဲ့ မိဘအုပ်ထိန်းမှုဆိုင်ရာ အကြောက်တရား တစ်ခုလည်း ဖြစ်ပါတယ်။ အနိုင်ကျင့်ခံရတာ များလာတာနဲ့ အမျှ ရေရှည်မှာ မိမိကိုယ်ကို လေးစားမှု ပြဿနာများ၊ ကျောင်း စွမ်းဆောင်ရည် လျော့ကျခြင်း၊ စိတ်ဓာတ်ကျခြင်း တို့ကြောင့် မိမိကိုယ်ကို သတ်သေခြင်းတို့နှင့် ဆက်စပ်တာကြောင့် မိဘတိုင်းက လျစ်လျူရှုထားလို့ မရပါဘူး။ မိမိကိုယ်ကို ကာကွယ်ဖို့ လိုအပ်တဲ့ အနိုင်ကျင့်ခံရတာကို တုံ့ပြန်တဲ့နည်းလမ်း တွေအကြောင်း ကလေးနဲ့ ဆွေးနွေးနိုင်ပါတယ်။

၅။ အလေးချိန်ကိစ္စများ
အဝလွန်ခြင်းနှင့် ပြင်းထန်တဲ့ ကိုယ်အလေးချိန်ကျခြင်း ကလည်း မေမေတို့ အတွက် အလွန် ခေါင်းခဲရတဲ့ ပူပန်မှုတစ်ခုပါ။ မောပန်းနွမ်းနယ်တတ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အဆီအရမ်းများတာ၊ ပိန်လွန်းတာ စတဲ့ ကိုယ်အလေးချိန် ပြဿနာများ ရှိလာမှာကို စိုးရိမ်တတ်ပါတယ်။ ကိုယ်အလေးချိန်နဲ့ ပတ်သတ်ပြီး ကျန်းမာရေး ထိခိုက်နိုင်တဲ့ အတွက် မိဘတွေ အနေနဲ့ သက်ဆိုင်ရာ ဆရာဝန်ရဲ့ အကြံပေးချက်အတိုင်း ဆွေးနွေးလိုက်နာ ဖို့လိုအပ်ပါတယ်။
Chit_May_May
Nadi
ref- babycenter