မိသားစုထဲမှာ အစားဇီဇာကြောင်တဲ့သူလား? ကူညီဖို့ သိကောင်းစရာများ

0
101
- Advertisement -

မေမေတို့ ကလေးက အစားဂျီးများသူတစ်ယောက်ဆိုရင် ထမင်းစားချိန် ဖြစ်တတ်တဲ့ တိုက်ပွဲတွေကို ရှောင်ရှားဖို့ မေမေတို့ လုပ်နိုင်တာတွေရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက် ၆ချက်က အစားဂျီးများတဲ့ ကလေးတွေနဲ့ ဆက်ဆံရာမှာ ကူညီပေးပါလိမ့်မယ်။

၁။ အစားအသောက်ကို လှလှလေးပြင်ပေးထားပါ

ကလေးတွေက အရောင်တွေ၊ ပုံစံတွေကို အရမ်းနှစ်သက်ကြပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ကလေးရဲ့ အစာစားချိန်ကို စားချင်စဖွယ်ဖြစ်အောင်၊ ပျော်စရာကောင်းအောင် လုပ်ပေးဖို့ စဉ်းစားသင့်ပါတယ်။ အသီးနဲ့ အရွက်တွေကို သက်တန့်တစ်ခု ပုံစံဖော်ပြီးကျွေးတာမျိုးက ပိုစိတ်ဝင်စားမှုဖြစ်စေပါလိမ့်မယ်။ ထမင်းစားချိန်အတွက် အချိန်ပိုယူဖို့ လိုကောင်းလိုပါလိမ့်မယ်။ အလုပ်တွင်အောင် အသီးပုံဖော်တဲ့ ခွက်လေးတွေ ဝယ်ထားဖို့ စဉ်းစားပါ။

၂။ အနည်းငယ်သာကျွေးပါ

သူတို့နဲ့ အကျွမ်းတဝင်မရှိသေးတဲ့ အစားအသောက်ကို အများကြီး ကျွေးတာက ကလေးငယ်အတွက် ကြီးမားနိုင်ပါတယ်။ အဲဒီအစား နည်းနည်းသာ ထည့်ပေးပါ။ ဒါက သင့်ကလေးတွေ ကြိုးစားဖို့ အခွင့်အလမ်းပိုရစေရုံသာမက အစားအစာ ဖြုန်းတီးမှု လျော့နည်းသွားပါလိမ့်မယ်။

၃။ သူတို့ကို စားဖို့အတင်းအကျပ်မခိုင်းပါနဲ့

ကလေးတွေကို ပိုမိုကျန်းမာလာအောင် ကြိုးပမ်းမှုမှာ မိဘတွေဟာ ကလေးကို ပန်းကန်ထဲက အစားအစာတွေကို ကုန်အောင် စားခိုင်းတတ်ပါတယ်။ ဒါက ကလေးအား အစားအစာတွေကို မကောင်းသော အမှတ်တရတွေနဲ့ ခံစားမှုတွေဖြစ်စေပြီး ရေရှည်တည်တံ့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။ ကလေးကို စားဖို့ အားပေးတာက ကောင်းပါတယ်။ သို့သော် သူတို့ကို အတင်းအကျပ်မစားခိုင်းဖို့ သတိပြုရပါမယ်။

၄။ ကလေးကို အစားအသောက် ပြင်ဆင်ရာမှာ ပါဝင်ခွင့်ပြုပါ

ကုန်စုံစျေးဝယ်ထွက်တဲ့အခါ ကလေးကို ခေါ်သွားပါ။ ကလေးက သူဝယ်ယူဖို့ (သို့) ပြင်ဆင်ဖို့ ကူညီပေးရတဲ့ အစားအစာကို ပိုစိတ်ဝင်စားပါလိမ့်မယ်။ အသီးအရွက်တွေကို ဆေးကြောဖို့ ၊လှီးဖို့ ၊ မွှေဖို့ တောင်းဆိုခြင်းဖြင့် ကလေးအား အစားအစာ ပြင်ဆင်တဲ့နေရာမှာ ပါဝင်ခိုင်းလို့ရပါတယ်။

၅။ ရောကျွေးပါ

သူတို့မစားဖူးသေးတဲ့ အစားအသောက်ကို စားကြည့်ဖို့ ပြောရင် ငြင်းဆန်ပါလိမ့်မယ်။ ချဉ်းကပ်နည်းကောင်းတစ်ခုက အစားအစာအသစ်တစ်ခုကို သူတို့ကြိုက်နှစ်သက်ပြီး စားနေကျရှိတဲ့ အစားအစာနဲ့ တွဲကျွေးပါ။

၆။ ပထမဆုံး ကြိုးစားမှုအပေါ်မှာ အရှုံးမပေးပါနဲ့

တကယ်လို့ ကလေးဟာ မုန်လာဥနီကို ပထမဆုံးအကြိမ်စားဖို့ ငြင်းဆန်ပါက နောက်တစ်နေ့မှာ ထပ်ကျွေးပါ။ ကလေးက ဒုတိယအကြိမ်မှာ အနည်းငယ်စကိုက်ဖို့ စိတ်အားထက်သန်ပါလိမ့်မယ်။ ကလေးတွေက မုန်လာဥနီကို ပြုတ်ပေးတာ (သို့) ကြော်တာကို ပိုကြိုက်ကြပါတယ်။ တကယ်လို့ ကလေးက စားဖို့ ထပ်ခါတလဲလဲငြင်းဆန်ပါက မုန်လာဥနီကို သရေစာမုန့်လုပ်ပြီး ကျွေးကြည့်နိုင်ပါတယ်။

ကလေးတွေ အစားဂျီးများတာက ပုံမှန်ပါပဲ။ စိတ်ရှည်ပါ။ တစ်ညတည်းနဲ့ အစားအသောက် အလေ့အထက မပြောင်းလဲနိုင်ပါဘူး။

Chit_MayMay

LM_Nandar

Source-momjunction

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here