အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်လို့ ရင်သွေးလေးကို မွေးဖွားချိန်မှာ မိသားစု၊ ဆွေမျိုးတွေ၊ ဆရာဝန်တွေဆီကနေ အာရုံထားဂရုစိုက်မှုတွေက ကလေးဆီမှာ စုပြုံကျလာပါတယ်။ ဒါကြောင့်မို့ ကလေးမိခင်ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာကို သေချာသတိမထားမိတတ်ကြတော့ပါဘူး။ ကောင်းတာတွေရော၊ မကောင်းတာတွေရော အကုန်စုပြီးတော့ မိခင်ရဲ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုအမျိုးမျိုးကို ကြုံတွေ့လာရပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင်းနှင့် မီးဖွားပြီးနောက် အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ပြောပြပေးချင်ပါတယ်။
ဖိနပ်ဆိုဒ်ကြီးလာခြင်း

သုတေသနပညာရှင်တွေဟာ အမျိုးသမီး ၄၉ ယောက်ကို ကိုယ်ဝန်ဆောင်နေချိန်တုန်းကနှင့် မီးဖွားပြီး ခြောက်လကြာပြီးနောက်မှာ ခြေထောက်ဆိုဒ်ကို တိုင်းကြည့်ထားခဲ့ကြပါတယ်။ ဒီအချိန်အတိုင်းအတာအတွင်းမှာ အမျိုးသမီးတွေရဲ့ ခြေထောက်ဆိုဒ်က ၂-၁၀ မီလီမီတာအထိ ကြီးလာတာကို တွေ့ခဲ့ရပါတယ်။ ၇၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ဒီအခြေအနေကိုကြုံတွေ့ရပြီးတော့ သားဦးလေးကိုလွယ်ထားရချိန်မှာသာ ဖြစ်ပေါ်လာရတာပါ။
တင်ပါးပိုကျယ်လာခြင်း

ဟော်မုန်းတွေပြေလျော့လာတာကြောင့် တင်ပါးဆုံရိုးတွေ ဆက်သွယ်ထားရာ အရွတ်နေရာကလည်း ပြေလျော့လာသည့်အတွက် တင်ပါးတွေက ပိုကျယ်လာနိုင်ပါတယ်။ လျောလျောရှူရှူ မီးဖွားနိုင်ဖို့အတွက် ဒီလိုဖြစ်ဖို့က လိုကိုလိုအပ်ပြီး တစ်ချို့အမျိုးသမီးအနေနဲ့တော့ မီးဖွားပြီးနောက် နဂိုမူလပုံမှန်သို့ ပြန်ရောက်သွားတတ်ပါတယ်။
ဆံပင်နဲ့ မျက်လုံးအရောင်ပြောင်းခြင်း

ကယ်လီဖိုးနီးယားပြည်မှ မီးဖွားသည်တစ်ယောက်ပြောစကားအရ ကိုယ်ဝန်ဆောင်ချိန်ကြောင့် ဆံပင်နဲ့မျက်လုံးအရောင်ပါ ပြောင်းလဲသွားနိုင်ပါတယ်။ တစ်ချို့အမျိုးသမီးတွေအတွက်တော့ ဒီလိုပြောင်းလဲချိန်က ယာယီသာဆိုပေမယ့်လည်း တစ်ချို့အတွက်ကတော့ အမြဲတစေဖြစ်သွားတတ်ပါတယ်။
အကြိုက်တွေပြောင်းသွားခြင်း

ကိုယ်ဝန်ဆောင်ပြီးနောက် အကြိုက်တွေလည်းအနည်းငယ်ပြောင်းသွားတတ်ပါတယ်။ အရင်တုန်းက အချိုတွေကြိုက်ပေမယ့် နောက်ပိုင်းကျတော့ အစပ်တွေကို စားတတ်သွားတာမျိုးဖြစ်ပါတယ်။
ချွေးပိုထွက်လာခြင်း

ရင်သွေးလေးမွေးဖွားပြီးနောက်မှာ အမျိုးသမီးအများစုက ချွေးပိုထွက်လာတတ်ပါတယ်။ အဖြစ်များဆုံးအချိန်ကတော့ ညဖက်တွေပါပဲ။
#Chit_May_May
#Thinzar
Ref- brightside