
မေမေတို့ရေ- သားသားမီးမီးတွေကို စိတ်ရှည်သည်းခံတတ်အောင် သင်ပေးဖို့က အရေးကြီးပါတယ်နော်။ ကျွန်မတို့ဟာ စိတ်ဖိစီးမှုများတဲ့ လူ့အဖွဲ့အစည်းမှာ နေတာဖြစ်လို့ အထူးသဖြင့် အတိုင်းအတာထက်ကျော်လာရင် လူအတော်များများက စိတ်မရှည်တတ်ကြပါဘူး။ ကလေးဘဝမှာလည်း ကလေးအလျှောက် ပေါင်းသင်းဆက်ဆံရေးမှာ စိတ်ရှည်သည်းခံမှုဆိုတာ လိုအပ်သလို လူကြီးရယ်လို့ဖြစ်လာရင်လည်း လူမှုရေး၊ စီးပွားရေး မှာလည်း စိတ်ရှည်သည်းခံမှုက လိုအပ်ပါတယ်။ ဒါ့ကြောင့် ငယ်စဉ်ကလေးဘဝထဲက စိတ်ရှည်သည်းခံစိတ် မွေးမြူပေးခြင်းက ကောင်းကျိုးတွေ အများကြီးရရှိစေပါတယ်။
၁။ သေးသေးလေးကနေ စလိုက်ပါ
စိတ်ရှည်သည်းခံမှု သင်ကြားပေးခြင်းကို ငယ်ရွယ်စဉ်ကတည်းက စသင့်ပါတယ် ။ သူတို့အကြိုက်ဆုံး မနက်စာကို ချက်ပြုတ်ပေးနေစဉ် စောင့်ဆိုင်းခိုင်း၊ ငြိမ်သက်နေခိုင်းတာ ဆိုလိုရင်တောင်မှ ဒါက သေးငယ်တဲ့စတင်မှုပါ။ သူတို့ကြီးပြင်းလာတာနှင့်အမျှ သူတို့ကို ၁မိနစ်-၂မိနစ်စောင့်ခိုင်းစေတာမျိုး၊ သူတို့ရဲ့ ဆန္ဒတွေပြည့်မီတဲ့အထိ စောင့်ဆိုင်းချိန်ကို တိုးမြှင့်တာမျိုးဖြင့် သူတို့ရဲ့စိတ်ရှည်မှု လယ်ဗယ်ကို တိုးပေးနိုင်ပါတယ်။

၂။ အပြုသဘောဆောင်တဲ့ အတွေ့အကြုံကို ဖန်တီးပါ
ကလေးတစ်ယောက်ဟာ ငယ်ရွယ်စဉ်အချိန်မှာ အချိန်ရဲ့သဘောတရားကို နားမလည်နိုင်သေးပါဘူး။ သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ အချိန်အတိုင်းအတာတစ်ခု သတ်မှတ်လိုက်တဲ့အခါ သူတို့က အချိန်မကျသေးဘူးလားလို့ မေးခြင်းဖြင့် သင့်ကို အနှောက်အယှက်ပေးပါလိမ့်မယ်။ ဒီမေးခွန်းတွေကို ဘယ်လောက်ပဲ မကြာခဏမေးပါစေ။ စိတ်အနှောက်အယှက်ဖြစ်မယ့်အစား သူတို့ကို စိတ်ရှည်ရှည်ထားပြီး ကြင်နာဖို့ လိုအပ်ပါတယ်။ ဒါက သင်တို့နှစ်ယောက်အတွက် အပြုသဘောဆောင်တဲ့ အတွေ့အကြုံဖန်တီးရာမှာ ကူညီပေးပါတယ်။

၃။ ရေရှည်အကျိုးဖြစ်ဖို့အတွက် လောလောဆယ် အောင့်အည်းသည်းခံပြီး ကြိုးစားနေထိုင်တတ်အောင် သင်ပေးပါ
တခါတရံမှာ သည်းခံမှုအကြောင်း သူတို့ကို ပညာပေးဖို့အတွက် ကလေးရဲ့ ကျေနပ်မှုကို အချိန်ဆွဲဖို့(Delay gratification) လိုအပ်နိုင်ပါတယ်။ သူတို့က အိမ်မွေးတိရိစ္ဆာန်လိုချင်ရင် ဒီအချိန်မှာ အခွင့်အရေးတစ်ခုရဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိနိုင်ပါဘူး။ အရေးကြီးတဲ့အရာတွေကို စောင့်ရတယ်ဆိုတဲ့အကြောင်း သင်ပေးဖို့ သူတို့ရဲ့မွေးနေ့ (သို့) ခရစ်စမတ်နေ့အထိ စောင့်ဆိုင်းဖို့ ပြောနိုင်ပါတယ်။

၄။ ပေးထားတဲ့ကတိကို ဘယ်တော့မှ မဖျက်ပါနဲ့
မိဘတိုင်းလိုလိုက သူတို့ကလေးကို နောက်ကျရင် မေ့သွားလိမ့်မယ်လို့ မျှော်လင့်ပြီး ကတိတစ်ခုခု ပေးတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းက ကလေးရဲ့ စောင့်ဆိုင်းရတဲ့ကာလကို ဖြစ်သင့်တာထက် ပိုရှည်တယ်လို့ ထင်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အချိန်ရဲ့သဘောတရားကို မလေ့လာရသေးလို့ပါပဲ။ ဒါ့အပြင် ၅မိနစ်လောက်တောင် စောင့်ရတာဟာ သူတို့အရင်တုန်းက တွေ့ကြုံခဲ့ရသလို အကြာကြီးဖြစ်လိမ့်မယ်ဆိုတဲ့ စိတ်ကိုလည်း ဖွံ့ဖြိုးစေပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ကတိပေးထားရင် တည်အောင်လုပ်ပေးရပါမယ်။ သူတို့က ဘယ်လောက်အချိန်ကြာမလဲလို့ မေးတဲ့အခါ တိကျပါစေ။

၅။ ကလေးတွေကို အလှည့်စောင့်တတ်အောင် သင်ပေးပါ
ပျော်စရာတစ်ခုခုအတွက် သူတို့ရဲ့အလှည့်ကို စောင့်ခိုင်းတာက အစပိုင်းမှာ ကလေးအတွက် နည်းနည်းစိတ်ရှုပ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် သူတို့က ကိုယ့်အလှည့်စောင့်ခြင်းကို ကျင့်သုံးတဲ့အခါ သူတို့စိတ်ထဲ သည်းခံစိတ်တည်ဆောက်ရာမှာ တကယ်အထောက်အကူပြုပါတယ်။ ဥပမာ- ပန်းခြံမှာ ဒန်းစီးဖို့ သူတို့အလှည့်ကို စောင့်ခိုင်းခြင်းပါ။ ကလေးက အလှည့်ကို စောင့်နေစဉ်မှာ စိတ်ရှည်ဖို့ ခက်ခဲနေရင် သင်ခန်းစာကို သူတို့ကျွမ်းကျင်တဲ့အထိ ပန်းခြံသို့ မကြာခဏ ခေါ်သွားရပါမယ်။

၆။ Countdown timers ကိုသုံးပါ
သင့်ကလေးတွေကို စိတ်ရှည်သည်းခံခြင်းအကြောင်း အလင်းပြရင်း သင့်ရဲ့သည်းခံနိုင်စွမ်းတွေ ဆုံးရှုံးလာတဲ့အခါ countdown timers လို အမြင်အာရုံဆိုင်ရာ ကိရိယာတွေကို သုံးပေးနိုင်ပါတယ်။ ပြက္ခဒိန်တစ်ခု ထားပေးပါ၊ သူတို့စောင့်မျှော်နေတဲ့နေ့ကို အမှတ်အသားပြုပါ။ သူတို့ကို “နေ့ကြီး”နဲ့ ပိုနီးလာသလို ခံစားရစေဖို့ ကျော်ဖြတ်ခဲ့တဲ့ နေ့ရက်တွေကို ကြက်ခြေခတ် ခြစ်ခိုင်းပါ။

Chit_MayMay
Nandar
Source-5minutecrafts