မေမေတို့တစ်နှစ်တစ်ခါလောက်ပုံမှန်ခရီးထွက်ပေးသင့်တဲ့အကြောင်းရင်းများ

0
98
- Advertisement -

မေမေဆိုတဲ့နာမည်ကို အပိုင်စားရလိုက်တာနဲ့ ဒါကလုံးဝကိုအချိန်ပြည့်အလုပ်တစ်ခုရသွားတာမျိုးပါပဲ။ အချိန်ပြည့်အလုပ်ဆိုတာက တစ်ရက်ကို (၈) နာရီလုပ်ပြီး၊ စနေ တနင်္ဂနွေ အနားယူရတာမျိုးမဟုတ်ဘဲ (၂၄) နာရီပတ်လုံးကိုမှ တစ်ပတ် (၇) ရက် အလုပ်တာဝန်တွေနဲ့ ပြည့်နှက်နေသလိုဖြစ်သွားတာမျိုးပါ။ မိုးမလင်းခင်အာရုဏ်တက်ကစလို့ ညနေနေဝင်လို့ မိုးချုပ်သွားတဲ့အထိ သားသားမီးမီးတို့ရဲ့ ဝေယျာဝစ္စတွေ၊ အိမ်အလုပ်တွေနဲ့ လုံးပမ်းနေရတဲ့ မေမေတို့အနေနဲ့ တစ်နှစ်ကိုတစ်ခါလောက်တော့ ကိုယ့်ကိုယ်ကိုယ်အနားပေးရင်း တစ်ကိုယ်တော်ခရီးတွေ ထွက်သင့်ပါတယ်။ ဘာဖြစ်လို့အဲ့ဒီလိုလုပ်သင့်လဲဆိုတာကိုလည်း ဖော်ပြပေးလိုက်ရပါတယ်နော်။

၁။ ရေရှည်အတွက် အကျိုးရှိစေမယ်။

မေမေတို့အနေနဲ့ ကိုယ့်ရဲ့သားသမီးတွေဘယ်လောက်ပဲ လိမ္မာပြီးထူးချွန်လို့ ဘဝအမောပြေရတယ်ဆိုပေမယ့် ဒါကစစ်မှန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ တစ်နေကုန်အိမ်အလုပ်တွေနဲ့ လုံးပမ်းနေရတဲ့ကြားထဲက စိတ်အပန်းပြေရတယ်ဆိုပေမယ့် ကိုယ်ခန္ဓာကျန်းမာရေးနဲ့ပတ်သက်လို့တော့ စစ်မှန်တဲ့ကောင်းကျိုးတွေမရှိပါဘူး။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ Spa သွားတာ၊ သူငယ်ချင်းတွေနဲ့ ချိန်းတွေ့တာမျိုးကလည်း တစ်ယောက်တည်းခရီးထွက်ရတာလောက် စိတ်အပန်းမပြေနိုင်ပါဘူး။ ကိုယ့်ရဲ့မိသားစုတွေ၊ သားသမီးတွေမပါဘဲ တစ်ကိုယ်တော်ခရီးသွားရတာက ဘာစိတ်ဖိစီးမှုမှမရှိဘဲ ရေရှည်မှာ စိတ်ကျဝေဒနာတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အခြားသောစိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

၂။ ကိုယ့်အတွက်ကိုယ်ပြန်တွေးပေးပါ။

မေမေတို့အနေနဲ့ ကိုယ်ဘယ်အချိန်က အဝတ်အစားအသစ်တွေနောက်ဆုံးဝယ်ဝတ်ခဲ့လဲ၊ စာအုပ်အသစ်တွေဝယ်ဖတ်ခဲ့လဲဆိုတာကို ပြန်လည်တွေးတောပေးသင့်ပါတယ်။ တစ်ယောက်တည်းနေရတဲ့အချိန်က ကိုယ့်အတွက်ကိုယ် ပြန်တွေးခွင့်ရမယ့် အကောင်းဆုံးအချိန်၊ တစ်နည်းအားဖြင့် မိခင်ဘဝကိုမရောက်ခင်က ဘယ်လိုမျိုးသာယာတဲ့အချိန်တွေကို ဖြတ်ကျော်ခဲ့လဲဆိုတာကို ပြန်တွေးရမယ့်အချိန်ပါ။ မေမေတစ်ယောက်ဖြစ်ရတာက ဆိုးရွားတယ်လို့မဆိုလိုပါဘူးနော်။ ဒါပေမယ့် ကိုယ့်ဘဝမှာလည်း ကိုယ့်အတွက် ကိုယ်ပိုင်ပျော်ရွှင်မှုတစ်ခုခုကို ရှာဖွေနိုင်ရမယ်ဆိုတာကို သိနားလည်ထားသင့်ပါတယ်။

၃။ ကိုယ့်ကိုမမှီခိုဘဲ ဘယ်လိုရပ်တည်ရမလဲဆိုတာကို မိသားစုဝင်တွေ သိလာမယ်။

အိမ်မှာအသေးအမွှားကိစ္စလေးကစလို့ မေမေရေ၊ မေကြီးရေဆိုတဲ့ အသံတွေကိုနေ့တိုင်းကြားနေရမှာပါ။ ကိုယ်က တစ်ကိုယ်တော်ရွက်လွှင့်နေတဲ့အချိန်မျိုး ဒါမှမဟုတ် ကိုယ့်အပေါင်းအသင်းတွေနဲ့ အေးအေးလူလူ ခရီးထွက်နေတဲ့အချိန်မျိုးမှာ ဒီလိုအသံတွေကို ကြားနေရမှာမဟုတ်တော့သလို မိသားစုဝင်တွေကလည်း ကိုယ်မရှိဘဲနဲ့ ဘယ်လိုမျိုးရပ်တည်ရမလဲဆိုတာကို ကောင်းကောင်းနားလည်လာမှာပါ။ အထူးသဖြင့် ဒါက ကိုယ့်ရဲ့သားသားမီးမီးတို့အတွက် အကျိုးရှိစေပြီး ကိုယ်အိမ်မှာမရှိတဲ့ အခိုက်အတန့်မှာ သူတို့လေးတွေ ကိုယ့်လက်ကိုယ့်ခြေနဲ့ ရပ်တည်နိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

၄။ လန်းဆန်းတက်ကြွစွာနဲ့ အိမ်အလုပ်တွေကို ပြန်ပြီးလုပ်နိုင်မယ်။

တစ်ဖက်မှာလည်း အချို့သောမေမေတို့က သားသားမီးမီးလေးတွေ မပါဘဲနဲ့ တစ်ကိုယ်တော်ခရီးမထွက်ချင်ဘူးလို့ဆိုကြပြီး သူတို့လေးတွေနဲ့အတူတကွ ခရီးထွက်တာက သားသားမီးမီးတို့ သိထားသင့်တဲ့ ဒေသန္တရဗဟုသုတတွေကို ပေးစွမ်းနိင်စွမ်းရှိတယ်လို့ဆိုကြပါတယ်။ မေမေအများစုကတော့ သူတို့သိပ်ချစ်ရတဲ့ သားသားမီးမီးတို့နဲ့အတူ ထူးခြားကောင်းမွန်တဲ့အခိုက်အတန့်တွေကို ဖြတ်သန်းလိုကြပြီး ဒါကလည်း မဖြစ်မနေ နားလည်ပေးလို့ရတဲ့အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မေမေတို့ဟာ သူတို့ရဲ့ ဘဝတစ်ခုလုံးကို သားသားမီးမီးတို့အတွက်ပေးဆပ်ပြီးသားဖြစ်ပြီး သားသားမီးမီးတွေ၊ မိသားစုတွေမပါဘဲနဲ့ တစ်ကိုယ်တော်အပန်းဖြေခရီးထွက်ဖို့ဆိုတာမျိုးကို စဥ်းတောင်မစဥ်းစားကြတဲ့သူမျိုးတွေပါ။ ဒါကိုလည်း လက်ခံပေးရမှာဖြစ်ပြီး တစ်ကိုယ်တော်အပန်းဖြေခရီးထွက်သည်ဖြစ်စေ၊ ဒါမှမဟုတ် သားသားမီးမီးတို့နဲ့ မိသားစုစုံစုံလင်လင် ခရီးထွက်သည်ဖြစ်စေ ဒါတွေက အိမ်ထဲမှာပဲနေပြီး ပင်ပန်းခဲ့သမျှကိုဖြေဖျောက်ရင်း စိတ်သစ်လူသစ်နဲ့ ပြန်လာနိုင်မှာဖြစ်တာကြောင့် မေမေတို့အနေနဲ့ အနည်းဆုံးတစ်နှစ်ကို တစ်ခါလောက်တော့ အပန်းဖြေခရီးထွက်သင့်တယ်လို့ အကြံပေးလိုက်ရပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here