မေမေတို့ပြုလုပ်မိတတ်တဲ့ အမှားအယွင်းများ

0
1222
- Advertisement -

ကမ္ဘာပေါ်မှာ မိခင်မေတ္တာကိုယှဥ်နိုင်တဲ့အရာရှိလာနိုင်မှာမဟုတ်ဘူးလို့တောင်ဆိုရမှာပါ။ ဒါပေမယ့် သားသားမီးမီးတို့အပေါ်ထားတဲ့ မေမေတို့ရဲ့ တုနှိုင်းမဲ့ချစ်ခြင်းမေတ္တာတရားတွေက တစ်ခါတလေမှာ သားသားမီးမီးတို့အတွက် ဘေးဥပါဒ်အန္တရာယ်တွေဖြစ်စေနိုင်တာကြောင့် မသိလို့ဖြစ်စေ၊ မရည်ရွယ်လို့ပဲဖြစ်စေ မေမေတို့ရဲ့ ပြုလုပ်မိတတ်တဲ့အမှားအယွင်းတွေကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ သားသားမီးမီးတို့အတွက် အသံဆူညံတဲ့အရုပ်များဝယ်ပေးခြင်း
အသံမျိုးစုံ၊ မီးရောင်မျိုးစုံနဲ့ ကစားစရာတွေက သားသားမီးမီးတို့အတွက် လိုချင်တပ်မက်ဖွယ်ရာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သားသားမီးမီးတို့အတွက်ရော၊ မိသားစုဝင်တွေအတွက်ပါ ဆိုးကျိုးတွေပေးလာနိုင်ပါတယ်။ အဲ့ဒီကစားစရာတွေမှာပါဝင်တဲ့ လေဆာမီးရောင်တွေက သားသားမီးမီးတို့ရဲ့ မျက်လုံးတွေကို ထိခိုက်စေတတ်ပြီး ဆူညံတဲ့အသံတွေကလည်း ငယ်ရွယ်သေးတဲ့ကလေးငယ်တွေရဲ့ အကြားအာရုံကိုသာမက အိမ်သူအိမ်သားတွေကိုပါ စိတ်အနှောင့်အယှက်ပေးနိုင်တာကြောင့် ကစားစရာတွေဝယ်ပေးတဲ့အခါမှာ မေမေတို့ကသေချာချင့်ချိန်ပြီးဝယ်ပေးသင့်ပါတယ်။

၂။ ဖန်စီအဝတ်အစားများဝတ်ဆင်ပေးခြင်း
သားသားမီးမီးတို့ဟာ မွေးကင်းစကနေ (၂) နှစ်၊ (၃) နှစ်အရွယ်လောက်အထိကို သွားရည်ကျတာမျိုးတွေ၊ ဝတ်ပေးထားတဲ့အင်္ကျီကို ပါးစပ်နဲ့ကိုက်တာမျိုးတွေ လုပ်တတ်ကြပြီး ကလေးအဝတ်အစားတွေကို မကြာခဏနဲ့စနစ်တကျလျှော်ဖွပ်ပေးဖို့ လိုအပ်ပါတယ်။ ကလေးအဝတ်အစားတွေအဖြစ် ထုတ်လုပ်ထားတဲ့ ဖန်စီဆန်ဆန်အင်္ကျီတိုင်း၊ ဘောင်းဘီတိုင်းက အရည်အသွေးမပြည့်မှီနိုင်တာမျိုးတွေရှိတတ်တာကြောင့် ဒီလိုအခြေအနေမျိုးတွေမှာ သားသားမီးမီးတို့ရဲ့ အဝတ်အစားတွေက ထူးထူးဆန်းဆန်းအရောင်တွေပါနေမယ်ဆိုရင် လျှော်ဖွပ်တဲ့နေရာမှာ အစွန်းအထင်းတွေနဲ့အတူအခက်အခဲတွေရှိနိုင်သလို မလိုအပ်ဘဲကြယ်သီးအပိုတွေနဲ့ တန်ဆာဆင်ထားတဲ့ အဝတ်အစားမျိုးတွေကလည်း သားသားမီးမီးတို့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။

- Advertisement -

၃။ Diaper အပိုဝတ်ဆင်ပေးခြင်း
သားသားမီးမီးတွေနဲ့အတူအပြင်သွားတာမျိုး ဒါမှမဟုတ် ခရီးသွားတာမျိုးတွေမှာ မေမေအများစု ကျူးလွန်မိကြတဲ့ အမှားအယွင်းပါပဲ။ လမ်းခရီးမှာ သားသားမီးမီးတို့ အညစ်အကြေးစွန့်ခဲ့ရင်ဆိုတဲ့ အခြေအနေမျိုးအတွက် Diaper အထပ်ထပ်နဲ့ ကြိုတင်ကာကွယ်တာမျိုး လုပ်တတ်ကြတာက မှားယွင်းတဲ့နည်းလမ်းဖြစ်ပြီး ဒီလိုလုပ်တာက ကလေးငယ်တွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အနာဖြစ်တာမျိုးတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

၄။ ဖိနပ်တွေကို စနစ်တကျမသိမ်းဆည်းထားခြင်း
ကလေးဆိုတာမျိုးက ကြမ်းပြင်ပေါ်တွေ့သမျှပစ္စည်းတွေကို ယူဆော့တတ်ကြတာကြောင့် ဖိနပ်တွေကိုမြင်ရင်လည်း သေချာပေါက်ယူဆော့တတ်ကြပါတယ်။ အရွယ်နည်းနည်းရောက်ပြီးသား ကလေးတွေတောင်မှ အိမ်ကလူတွေအလစ်မှာ ကြုံရင်ကြုံသလို တွေ့ရာပစ္စည်းယူဆော့တတ်တာကြောင့် လမ်းလျှောက်တတ်စသားသားမီးမီးတွေ၊ ဝမ်းလျားမှောက်သွားတတ်စသားသားမီးမီးတွေရှိတဲ့အိမ်တွေမှာတော့ ဖိနပ်တွေကို လက်လွတ်စပယ်မထားသင့်ဘဲ ဖိနပ်စင်နဲ့ စနစ်တကျသိမ်းဆည်းထားသင့်ပါတယ်။

၅။ သားသားမီးမီးတို့အပေါ် အတ္တကြီးခြင်း
သားသားမီးမီးတို့အပေါ်ချစ်မြတ်နိုးတဲ့ မေမေတို့ရဲ့စိတ်ကို နားလည်ပေမယ့် ချစ်ခြင်းမေတ္တာကနေအတ္တတွေအဖြစ် အသွင်မပြောင်းလဲသွားဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်ရဲ့သားသားမီးမီးလေးတွေ အတောင်စုံလာတဲ့တစ်နေ့ ကိုယ့်ရင်ခွင်ကနေ ပျံသန်းသွားကြမှာကို ကြိုတင်နားလည်ထားဖို့လိုအပ်ပြီး အဲ့ဒီအချိန်အထိ ငါ့သား၊ ငါ့သမီးဆိုတဲ့ ငါစွဲအတ္တတွေကြီးမားနေဦးမယ်ဆိုရင်တော့ ရှေးရိုးစွဲမိဘတွေနဲ့သားသမီးအကြား ရင်ဆိုင်နေရတဲ့ပြဿနာတွေကို ကိုယ်တိုင်ကိုယ်ကျရင်ဆိုင်ရလာပါလိမ့်မယ်။

#HM
#ChitMayMay
Source: Mom

LEAVE A REPLY

Please enter your comment!
Please enter your name here