မေမေ၊ ဖေဖေတိုင်းက ၂နှစ်အရွယ်ကလေးတွေက နားလည်ရခက်တယ်၊ ထိန်းရခက်ခဲတယ်လို့ ပြောတတ်ကြပါတယ်။ အမှန်ကတော့ မေမေတို့အတွက် ၂နှစ်အရွယ်ကလေးကို နားလည်ဖို့ဆိိုတာ မဖြစ်နိုင်တဲ့ တာဝန်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒီအဆင့်ကို ရင်မဆိုင်ရသေးတဲ့သူတွေကတော့ ဒါက ပုံကြီးချဲ့ပြောတာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါကို ဖြတ်သန်းခဲ့ကြတွေအနေနဲ့ အခုပြောနေတာကို အပြည့်အဝနားလည်ပါလိမ့်မယ်။
ပြဿနာက ကျွန်မတို့ဟာ မှားယွင်းတဲ့လမ်းကြောင်းကို သွားမိခြင််းဖြစ်ပါတယ်။ အရွယ်ရောက်သူတစ်ယောက်ရဲ့ စူးရှတဲ့ အမြင်ကတဆင့် ကမ္ဘာကြီးကို နားလည်ဖို့ဆိုတာ ကလေးတစ်ယောက်အတွက် မဖြစ်နိုင်ပါဘူး။ လူကြီးတွေအနေနဲ့ ကျွန်မတို့ဟာ flexible ပိုဖြစ်ဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် မေမေတို့ရဲ့ ၂နှစ်အရွယ် ကလေးငယ်ကို ပိုနားလည်စေဖို့ အထောက်အကူပြုမယ့် အကြံဉာဏ်အချို့ကို မျှဝေပေးလိုပါတယ်။ သို့မှသာ သင်ဟာ မိဘတစ်ယောက်ရဲ့ အိပ်မက်ဆိုးဖြစ်လာနိုင်တဲ့ ဒီအချိန်ကို ရင်ဆိုင်နိုင်ပါလိမ့်မယ်။
၁။ မေမေတို့ကလေးက အကန့်အသတ်တွေကို နားမလည်သေးပါဘူး
ဒီအသက်အရွယ်မှာ ကလေးငယ်တွေဟာ မိဘတွေကို စမ်းသပ်ကြပါတယ်။ သူတို့တိုင်းတာတတ်ကြပါတယ်။ သူတို့စားပွဲကို ကန်ကြည့်ရင် ဘာဖြစ်မယ်ဆိုတာကို သူတို့လေ့လာကြပါတယ်။ ကစားစာရာတွေကို ပြန့်ကြဲပြီး ကောက်သိမ်းဖို့ ငြင်းဆန်ကြပါတယ်။ မြေကြီးပေါ် ပစ်လှဲကြတယ်။ ဖိနပ်တွေကို ချွတ်ပစ်ကြတယ်။ အဝတ်အစားတွေကိုလည်း ချွတ်ပစ်ကြပါတယ်။ သင့်ကလေးက နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ထပ်ခါတလဲလဲ ကတိပေးကောင်းပေးပါလိမ့်မယ်။ သို့သော် သူတို့ဟာ ထပ်တလဲလဲ ကျူးလွန်သူများ ဖြစ်ပါတယ်။ သင့်ကလေးဟာ တန်ဖိုးထားမှုနှင့် အားပေးထောက်ခံမှုကို ခံစားရဖို့ နည်းလမ်းတစ်ခုအဖြစ် အကန့်အသတ်ရှိတဲ့နေရာကို စစ်ဆေးပြီး ကစားပါတယ်။ အကောင်းဆုံးရွေးချယ်စရာက သူ့လုပ်ရပ်တွေကို လျစ်လျူရှုပြီး သူနာခံတဲ့အခါ အားပေးထောက်ခံပေးရပါမယ်။

၂။ မေမေတို့ကလေးက အပြစ်ပေးမှုပမာဏကို နားမလည်သေးပါဘူး
၂နှစ်အရွယ်ကလေးကို နားလည်ဖို့ဆိုတာ မဖြစ်နိင်ဘူးလို့ အကြိမ်ကြိမ်ခံစားမိနိုင်ပါတယ်။ ရိုးရိုးလေးပြောရရင် သူက သင့်ရဲ့သည်းခံမှုအားလုံးကို အသုံးချခဲ့တယ်။ သူက သင့်ကိုခြေကုန်လက်ပန်းကျစေပြီး သင်အခု ဘာလုပ်ရမလဲဆိုတာ မသိဘူး၊ သူ့ကို ငါရိုက်မှာနော်လို့ခြိမ်းခြောက်တဲ့အခါ သူအများကြီး ဂရုစိုက်ပုံမရဘူး။ သို့သော် ခြိမ်းခြောက်မှုတွေကို တကယ်ကျင့်သုံးတဲ့အခါ သူမျက်ရည်ကျလာပြီ။
တကယ်လို့ သင်ကလေးဟာ သင့်ကိုနားလည်တယ်လို့ မထင်ရင်(သို့) အပျက်သဘောနဲ့ အပြုသဘောကို မခွဲနိုင်သေးရင် သင့်ဘက်က မှားပါတယ်။ ကလေးက သူ့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို မသိသေးပါဘူး။

၃။ မေမေတို့ ကလေးက ကျေးဇူးတင်ကြောင်း ဖော်ပြမယ့်အစား အေးတိအေးစက် မျက်နှာနဲ့ ဆက်ရှိနေတာ
သင့်ကလေးက သူ့သူငယ်ချင်း (သို့) သူ့ဝမ်းကွဲအစ်ကိုဆီက အရုပ်လေးကို လိုချင်တယ်၊ အရုပ်လုရင်း အမြဲရန်ဖြစ်ရတယ်။ အဲဒီအခါမှာ သင်က သူ့ကို အဲ့အရုပ်လေးတွေ လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကလေးက တအံ့တသြ ဝမ်းသာမယ့်အစား မုန်ကုပ်ကုပ်လုပ်နေလို့ သင့်ကလေးရဲ့ တုံ့ပြန်မှုကို စိတ်ရှုပ်သွားသလား? စိတ်မပူပါနဲ့။ သူမပျော်ဘူးဆိုတာ မဟုတ်ပါဘူး။ သူက ငယ်သေးတဲ့အတွက် သူ့ခံစားချက်တွေကို မဖော်ပြတတ်သေးလို့ပါ။ သူနည်းနည်းကြီးလာရင် သူလိုချင်တဲ့အရာတစ်ခုခု ရရှိတဲ့အခါ ဝမ်းသာအားရ ဖြစ်သွားတာကို သင်တွေ့မြင်နိုင်မှာပါ။

၄။ အနှစ်သာရမဲ့သလို ခံစားချက် ကျန်ခဲ့စေတဲ့ အဖြေတွေ
သင့်ကလေးက စကားများသော်လည်း ခိုင်လုံတဲ့ မေးခွန်းတွေကိုသာ တုံ့ပြန်နိုင်ရင် စိတ်ချနေပါ။ ဒီအသက်အရွယ်မှာ ဒီလိုပဲ တုံ့ပြန်နိုင်ကြပါတယ်။ “အမြင်အမျိုးမျိုး ရရှိနိုင်တဲ့ “မေးခွန်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အနှစ်ချုပ်ပြောဖို့ (သို့) စုစည်းဖို့ ကလေးအတွက် ခက်ခဲပါတယ်။ သူဟာ ဘယ်အရာကို ဦးစားပေးသတ်မှတ်ရမယ်ဆိုတာကို မသိတာကြောင့် (သို့) ဘယ်နေရာက စပြောရမယ်ဆိုတာ မသိတာကြောင့် တိတ်ဆိတ်မှုကို ရွေးချယ်နိုင်ပါတယ်။ ဖြေရှင်းနည်းက ရိုးရိုးလေးပါ။ သင့်မေးခွန်းတွေကို ပိုတိကျကျမေးပါ၊ မရေမရာတာမျိုးကို မမေးပါနဲ့။

ကျွန်မတို့မေးခွန်းတွေကို တုံ့ပြန်လေ့ရှိတဲ့ နောက်ထပ်အဖြေတစ်ခုက ဘာလဲ? ဆိုတာဖြစ်ပါတယ်။ စိတ်မပူပါနဲ့။ သင့်ကလေးဟာ မေးခွန်းကို ဖြေဖို့ အချိန်ပိုပေးရန် တောင်းဆိုခြင်းသာ ဖြစ်ပါတယ်၊သူ့ရဲ့အာရုံစူးစိုက်မှုက မတည်ငြိမ်ပါဘူး၊ ဒီအသက်အရွယ်မှာ အာရုံအရမ်းထွေပြားပါတယ်။ သင့်ရဲ့မေးခွန်းကို ဖြည်းဖြည်းချင်းသာ ပြောပါ။
သင့်ရဲ့ ၂နှစ်အရွယ်ကလေးကို နားလည်ပေးခြင်းက ခက်ခဲပေမယ့် မဖြစ်နိုင်တာ မဟုတ်ပါဘူး။
ကလေးတစ်ယောက်ရဲ့ အပြုအမှုတစ်ခုချင်းစီက နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုရှိပါတယ်။ နှစ်နှစ်အရွယ်ကလေးကို နားလည်နိုင်အောင် အေးဆေးတည်ငြိမ်ဖို့ ကြိုးစားပါ။ အနည်းငယ်စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နားလည်ပေးခြင်းနှင့်အတူ ဒီအဆင့်ကို ကျော်ဖြတ်ရခြင်းက မဖြစ်နိုင်ဘူးဆိုတာ မရှိကြောင်း သင်တွေ့ပါလိမ့်မယ်။
Chit_MayMay
LM_Nandar
Source-youraremom
Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။