ကလေးမွေးပြီးသွားရင် ကလေးအပေါ် အချိန်ပေးထားရတာကြောင့် မေမေတို့ဘဝက လုံးလုံးပြောင်းလဲသွားပါပြီ။ ကိုယ်ဝန်ဆောင်ခဲ့ရတာကြောင့် မေမေတို့ရဲ့ ခန္ဓာကိုယ်ကလည်း ပြောင်းလဲသွားပါပြီ။ ယခုအချိန်မှာ ကလေးကိုလည်း ပြုစုစောင့်ရှောက်ရ၊ ချက်ရပြုတ်ရ၊ လျှော်ရဖွပ်ရတာနဲ့ အရမ်းအလုပ်ရှုပ်ပြီး အချိန်မရှိသလို ခံစားရနိုင်ပါတယ်၊ ဘယ်လိုပဲဖြစ်ပါစေ၊ မေမေတို့အနေနဲ့ ကျန်းမာသန်စွမ်းဖို့နဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို ပြန်လည်ကောင်းမွန်ချင်ကြမှာပါ။ ကိုယ်က မြန်မာဝတ်စုံလှလှလေးတွေ ဝတ်ချင်သေးတာကိုး၊ စိတ်မပူပါနဲ့။ ဒီဆောင်းပါးမှာ ကလေးထိန်းရင်း လေ့ကျင့်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေကို မျှဝေပေးပါမယ်။
အားကစားနဲ့ မိခင်ဘဝ
မိခင်ဘဝမှာ စိန်ခေါ်မှုများစွာ ကြုံတွေ့ရနိုင်သော်လည်း အထိုင်များသော လူနေမှုပုံစံမျိုး မကျရောက်ဖို့ အရေးကြီးပါတယ်။ ကိုယ်ခန္ဓာဟာ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီးနောက် ပြန်လည် ကျန်းမာလာဖို့နဲ့ ကြွက်သားပြန်လည်အားကောင်းလာဖို့ လိုအပ်ပါတယ်။ မေမေတို့အနေနဲ့ ယခင်လတွေက တတ်ခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ လိုကောင်းလိုပါလိမ့်မယ်၊
လေ့ကျင့်ခန်းပြုလုပ်တာက အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ကိုယ်ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေစေဖို့ ကူညီပါတယ်။
အိမ်ပြင်မှာ ကလေးနဲ့အတူ လေ့ကျင့်ခန်းလုပ်ပါ
အိမ်ပြင်မှာလေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့ဘက်ထရီတွေကို အားပြန်သွင်းဖို့ လိုအပ်တဲ့ လတ်ဆတ်သောလေကို ရှူနိုင်ပါတယ်။ သဘာဝ၊ နေရောင်ခြည်နှင့် လေညှင်းတွေနဲ့ တိတွေ့ပါက ခံစားမှုကောင်းစေပါလိမ့်မယ်။
ထိုသို့ပြုလုပ်ဖို့ အလွယ်ဆုံးနည်းက သင့်ကလေးနဲ့အတူ လမ်းလျှောက်ဖို့ ဖြစ်ပါတယ်။ ကလေးကို ကယ်ရီယာထဲထည့်ပြီး လွယ်သွားနိုင်သလို တွန်းလှည်းထဲထည့်ပြီး ခေါ်သွားနိုင်ပါတယ်။
တကယ်လို့ နှလုံးသွေးကြောဆိုင်ရာ ပုံမှန်လေ့ကျင့်ခန်းတွေ ထပ်မံပြုလုပ်လိုပါက ခြံထဲမှာဖြစ်ဖြစ်၊ တိတ်ဆိတ်တဲ့နေရာတစ်ခုရှာပါ၊ အောက်ဖော်ပြပါ လေ့ကျင့်ခ်ခန်းတွေကို ပြုလုပ်ပါ။
- တွန်းလှည်းရဲ့လက်ကိုင်ကို မြဲစွာဆုပ်ကိုင်ပြီး ခြေထောက်တစ်ချောင်းကို နောက်ပြန်မြှောက်ပါ။ ခြေထောက်ကို ဖြောင့်တန်းအောင်ထားပါ။ သင့်တင်ပါးတွေ တင်းနေတာကို ခံစားရပါလိမ့်မယ်။ ဒီအတိုင်း စက္ကန့်အနည်းငယ်ထားပါ။ အကြိမ်ကြိမ်လုပ်ပြီးနောက် နောက်ခြေထောက်တစ်ဖက် ပြောင်းပါ။

- သင့်ရှေ့က တွန်းလှည်းကို သေချာကိုင်ထားပါ။ သင့်ရဲ့နောက်ဒူးကို မြေကြီးနဲ့ ထိလုနီးပါး ကွေးထားရင်း ခြေထောက်တစ်ဖက်ကို ရှေ့သို့ ဆတ်ခနဲလှမ်းရင်လုပ်သလို ရှေ့မှာထားပါ ။ ပြီးရင် မူလအနေအထားသို့ ပြန်သွားပြီး နောက်ခြေထောက်ကို ပြောင်းပြီးဆက်လုပ်ပါ။

အိမ်မှာ ကလေးနဲ့အတူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်း
တကယ်လို့ အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုရင် ဒီလေ့ကျင့်ခန်းလေးတွေ ပြုလုပ်နိုင်ပါတယ်။
၁။ Squats
ဘေဘီလေးကို မျက်နှာချင်းဆိုင်ထားပြီး carrier အိတ်ထဲမှာ လုံခြုံစွာ လွယ်ထားပေးပါ။ သင့်ခြေထောက်ကို ပုခုံးအကျယ်အတိုင်း ကားထားပါ။ သင့်ခန္ဓာကိုယ်ကို အောက်နိမ့်ချပြီး သင့်ဒူးကို ကွေးထားပါ။ ခြေဖနောင့်အားနှင့် သင့်ကိုယ်အလေးချိန်ကို ထိန်းပါ။ ဖြည်းဖြည်းချင်းဖြင့် သင့်ခြေထောက်တွေကို အားပြုပြီး မူလအနေအထားသို့ ပြန်လာပါ။ ဒီလေ့ကျင့်ခန်းကို ၁၀ကြိမ်ပြုလုပ်ပါ။

၂။ Bridge
သင့်ဒူးတွေကို ကွေးထားပြီး ပက်လက််အနေအထားတိုင်း လဲလျောင်းပါ။ သင့်ခြေထောက်တွေကို အနည်းငယ်ခြားထားပါ။ ဘေဘီလေးကို သင့်ဗိုက်ပေါ်မှာ တင်ထားပါ။ ကြမ်းပြင်နဲ့ မထိအောင် သင့်တင်ပါးတွေကို ကြွထားပါ။

၃။ Plank
ဒိုက်ထိုးတဲ့လေ့ကျင့်ခန်းလုပ်တဲ့အခါ ကလေးကို ကျောပိုးထားလို့လဲရသလို သင့်အောက်မှာ ထားလို့လည်း ရပါတယ်။ သင့်တံတောင်ဆစ်ကို ထောက်ထားရင်း သင့်ခြေထောက်တွေကို ဆန့်ထားပါ။ ဝမ်းဗိုက်ကိုကျုံ့ထားပြီး စက္ကန့် ၃၀ကြာအောင်နေပါ။ push-ups လုပ်ရင်လည်း ဒီအနေအထားတိုင်း သုံးနိုင်ပါတယ်။

Chit_MayMay
LM_Nandar
Source-youaremom.
Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။