မေမေတို့ ကလေးတွေကို မိမိကိုယ်ကို ချစ်တတ်အောင် ဘယ်လို သင်ကြားပေးမလဲ?

0
220
- Advertisement -

ကလေးတွေကို မိမိကိုယ်ကို ချစ်တတ်အောင် သင်ကြားခြင်းက တဖြည်းဖြည်းချင်း တိုးတတ်လာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း ကလေးဘဝကနေ စတင်ပေးနိုင်ပါတယ်။ ဒါက အိမ်မှာ၊ ကျောင်းမှာ၊ personal relationships မှာ လုပ်ဆောင်မှု ကောင်းအောင် ကူညီနိုင်မယ့် အရည်အသွေးတစ်ခုဖြစ်ပါတယ်။

ကလေးတွေမှာ မိမိကိုယ်ကို လေးစားမှု (Self-esteem) က တစ်နှစ်သားအရွယ်မှာ စတင်ဖွံ့ဖြိုးလာပါတယ်။ အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ တိကျသော အားထုတ်မှု (သို့) စွမ်းရည်တွေကို ရည်ညွှန်းတဲ့ မေမေတို့ရဲ့ အားပေးစကားတွေက သူတို့ရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ ကူညီနိုင်ပါတယ်။

မိမိကိုယ်ကို အပြုသဘောဆောင်တဲ့ အမြင်ရှိခြင်းက ကလေးတွေကို ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကို ချစ်တဲ့ ကလေးတွေဟာ သူတို့ရဲ့စွမ်းရည်တွေကို အရှိကို အရှိအတိုင်းသိမြင်ပြီး အကောင်းမြင်ဖို့ လိုအပ်ပါတယ်။ ဒီအရည်အချင်းတွေကို တတ်နိုင်သလောက် ခပ်စောစောပဲ သင်ပေးဖို့လည်း အရေးကြီးပါတယ်။

ဒါ့ကြောင့် ကျွန်မတို့ရဲ့ ကလေးတွေကို အပြုသဘောဆောင်တဲ့ self-image တည်ဆောက်တတ်အောင် သင်ကြားပေးဖို့ အကောင်းဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ကို လေ့ကျင့်ပေးဖို့ မတွန့်ဆုတ်ပါနဲ့နော်။

ကလေးတွေကို မိမိကိုယ်ကို ချစ်တတ်အောင် သင်ကြားဖို့ နည်းလမ်းများ

၁။ အားကစားတွေ ကစားဖို့ အားပေးပါ

ကလေးတွေကို မိမိကိုယ်ကို ချစ်တတ်အောင် သင်ကြားပေးဖို့ ပထမဆုံးနည်းလမ်းက အားကစားနဲ့ အခြားကာယလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ အားပေးခြင်းဖြစ်ပါတယ်။ အားကစားက ကလေးတွေအား ရည်မှန်းချက်တွေကို ချမှတ်ဖို့၊ သူတို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ဖို့နှင့် သူတို့ရဲ့ ပန်းတိုင်တွေကို အောင်မြင်အောင် ကြိုးစားခွင့်ပေးသလိုပဲ သူတို့ကို ယုံကြည်မှု တည်ဆောက်စေဖို့လည်း ကူညီနိုင်ပါတယ်။ အားကစားကစားခြင်းဟာ သူတို့ရဲ့ အားသာချက်တွေကို အသိအမှတ်ပြုဖို့နှင့် သူတို့ရဲ့ အားနည်းချက်တွေကို လက်ခံဖို့ ကူညီပါတယ်။

အားကစားမှာ အခက်အခဲကို ကျော်လွှားခြင်းက ယုံကြည်မှုကို တည်ဆောက်ဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အားကစား ကစားခြင်းက ကလေးတွေကို သူတို့ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်တတ်အောင် သင်ကြားပေးပါလိမ့်မယ်။ အားကစားက မိမိကိုယ်ကို ချစ်ခြင်းကို တိုးပွားစေပါတယ်။

၂။ သူတို့ကို စကားပြောပါ၊ စံနမူနာကောင်းဖြစ်ပေးပါ

မေမေတို့ ကလေးတွေကို သူတို့ရဲ့ သင်ယူမှု အကြောင်း ပြောဆိုခြင်းက ကောင်းတဲ့အရာဖြစ်ပါတယ်။ သူတို့ရဲ့ အားနည်းချက်တွေကို အသိအမှတ်ပြုရင်း သူတို့ရဲ့ အားသာချက်ကို ဘယ်လို တန်ဖိုးထားရမယ်ဆိုတဲ့အကြောင်း ပြောပေးပါ။ ပြဿနာတွေကို ဖြေရှင်းခြင်းက ကိုယ့်ကိုယ်ကို ချစ်စိတ်ကို တိုးပွားစေတာကြောင့် အပြုသဘောဆောင်တဲ့ အချက်တွေ အမြဲရှိတယ်ဆိုတာကို သူတို့ မြင်အောင်လုပ်ပေးသင့်ပါတယ်။ ဒီအဆင့်မှာ မေမေတို့ဟာ ရှေ့ဆောင်လမ်းပြကောင်း ဖြစ်ရပါမယ်။ ကလေးတွေကို ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ မသင်ကြားခင်မှာ မေမေတို့အနေနဲ့ ကိုယ့်ကိုယ်ကို အရင်ချစ်သင့်ပါတယ်။ မှန်ကန်တဲ့အရာတွေ လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ချီးမွမ်းပါ။ ထို့အပြင် မေမေတို့ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကိုလည်း ကလေးအား ဝေမျှပါ။ စိန်ခေါ်မှုအများဆုံး အခြေအနေတွေကို ကျော်လွှားဖို့ မေမေတို့ ဘာလုပ်ခဲ့ရသလဲဆိုတာကို ပြောပြပေးနိုင်ပါတယ်။

လူအားလုံးက ဒုက္ခတွေကို ကျော်လွှားဖို့အတွက် အလုပ်လုပ်ရန် လိုအပ်ကြောင်း သင်ပေးပါ။ ဒါက သူတို့ရရှိနိုင်တဲ့ အကောင်းဆုံးသင်ယူမှု အတွေ့အကြုံဖြစ်ပါတယ်။

၃။ မဝေဖန်ပါနဲ့

ကလေးတွေဟာ အခြားသူတွေဆီကနေ သူတို့အကြောင်း ပြန်ကြားသိရတဲ့ ဝေဖန်မှုတွေက သူတို့ရဲ့ ခံစားချက်တွေကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ တကယ်တော့ မကောင်းတဲ့ စကားလုံးတွေက အမြဲတမ်း အန္တရာယ်ဖြစ်စေနိုင်ပြီး မိုတီဗေးရှင်း ကျစေပါတယ်။ ကလေးတွေဟာ သူတို့အကြောင်းနဲ့ပတ်သတ်ပြီး မကောင်းတဲ့ သတင်းစကားတွေ ကြားရတဲ့အခါ သူတို့ရဲ့ ကိုယ့်ကိုယ်ကို ချစ်ခြင်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။

ထို့ကြောင့် မေမေတို့ ကလေးရဲ့ သဘောထားအချို့ကို ပြုပြင်လိုပါက နောင်တစ်ချိန် သူတို့ကို လုပ်စေချင်တဲ့ အရာပေါ်မှာ အာရုံစိုက်ပေးပြီး စိတ်ရှည်ပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ သူတို့ရဲ့ အားသာချက်တွေပေါ်မှာ အာရုံစိုက်သင့်ပြီး အားသာချက်တွေကို တန်ဖိုးထားဖို့ ပြောပေးသင့်ပါတယ်။ တကယ်လို့ မေမေတို့ ကလေးတွေကို သူတို့အကြောင်းနဲ့ ပတ်သတ်ပြီး ခံစားချက်ကောင်းစေချင်ရင် အားနည်းချက်တွေထက် သူတို့ရဲ့ အားသာချက်တွေကို ပိုသတိရပေးပါ။

၄။ အသစ်သောအရာတွေကို လေ့လာခွင့်ပေးပါ

နောက်ဆုံးအနေဖြင့် အသစ်သောအရာတွေကို သင်ယူခြင်းက ကလေးတွေမှာ self-loveကို မြှင့်တင်ဖို့အတွက် အကောင်းဆုံး အကြံဉာဏ်တစ်ခုဖြစ်ပါတယ်။ သူတို့က လေ့လာသင်ယူဖို့ကို နှစ်သက်ကြောင်းနဲ့ ရွေးချယ်စရာတွေက အကန့်အသတ်မရှိကြောင်းကို ထည့်သွင်းစဉ်းစားခြင်းက သူတို့ရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုကို ခိုင်မြဲစေဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။

ဒီအကြောင်းရင်းကြောင့် ကလေးတွေဟာ အဝတ်အစားဝတ်ဆင်ခြင်း၊ စာဖတ်ခြင်း၊ စက်ဘီးစီးခြင်း ကဲ့သို့သော အရာတွေကို သင်ယူရမှာ ဖြစ်ပါတယ်။ ကလေးတွေကို တစ်ခုခုလုပ်ဖို့ သင်ကြားပေးရင် အစပိုင်းမှာ သူတို့ကို အမြဲကူညီပေးသင့်ပါတယ်။ ပြီးမှသာ သူတို့ဘာသာ ကြိုးစားလေ့လာဖို့ ၊ အမှားလုပ်မိစေဖို့၊ သင်ယူဖို့နှင့် ဂုဏ်ယူဖို့ အချိန်ရောက်လာပါလိမ့်မယ်။ သူတို့အသက်အရွယ်မှာ စိန်ခေါ်မှုတွေ တွေ့ကြုံသင့်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit Maymay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here