မေမေပြောခဲ့ဖူးတဲ့စကားတစ်ခွန်း …

0
75

“နင်တို့ သားသမီးမွေးမှ သိလာမယ်။” ဆိုတဲ့ စကားတွေကို ကျွန်မနားမယောင်ခဲ့။ ကျွန်မ ငယ်ငယ်က မိန်းကလေးတန်မဲ့ သိပ်ဆိုးခဲ့တာ။ မိဘအပေါ်မသိတတ်ခဲ့။ တစ်ယောက်တည်း ပင်ပန်းနေတဲ့ မေမေ့ကို ဘာမှမကူညီခဲ့။ မေမေက ကျွန်မကို လောကကြီးနဲ့ ပတ်သက်တာတွေ အများကြီးသင်ကြားပေးခဲ့တယ်။ ဒါပေမယ့် ကျွန်မ ဒါတွေကို မလိုက်နာခဲ့။ မေမေပြောသမျှ စကားတိုင်းကို ကျွန်မပုန်ကန်ခဲ့တယ်။


ဒါပေမယ့် မေမေက ထင်သလောက် စည်းကမ်းမတင်းကျပ်ခဲ့ပါဘူး။ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးခဲ့တယ်။ ဒါပေမယ့် ကျွန်မက စာကိုကောင်းကောင်းမလုပ်ခဲ့။ အလယ်တန်းလောက်ရောက်တဲ့အချိန်မှာတင် သူငယ်ချင်းတွေနဲ့အပြင်သွားချင်နေပြီ။ မေမေကလည်း သင့်တော်သလို ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မဆိုတဲ့လူက ဒီလောက်နဲ့ မကျေနပ်ခဲ့။ မေမေမသိအောင် ကျောင်းချိန်တွေမှာပါ အပြင်တွေလျှောက်သွားခဲ့တယ်။ တစ်ခါကျောင်းဝတ်စုံ အဖြူအစိမ်းနဲ့ပဲ ကျောင်းပြေးတာ ဆရာမမိသွားလို့ မေမေက ကျောင်းအထိ လက်မှတ်လိုက်ထိုးရတယ်။ မေမေကျောင်းကိုရောက်လာတော့ ဆရာမတွေက ဒီလိုသမီးမျိုးရဲ့ အမေပါလားဆိုပြီး နှာခေါင်းရှုံ့ခဲ့ကြတယ်။

“ဒေါ်ဥမ္မာ … ရှင့်သမီးက စာဆိုလည်းနောက်ဆုံး။ အခုကျ ကျောင်းပါပြေးနေပြီ။ ကျွန်မလုပ်သက်တစ်လျှောက် ဒီလိုမိန်းကလေးမျိုး မတွေ့ခဲ့ဖူးပါဘူးရှင်။” ဆိုတဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ စကားသံတွေက မေမေ့နားထဲ သံရည်ပူတွေ လောင်းထည့်သလိုဖြစ်ခဲ့တာကို ကျွန်မနည်းနည်းလေးတောင် မစဥ်းစားမိခဲ့။ မေမေကတော့ မျက်နှာငယ်လေးနဲ့။ ကောင်းကင်နဲ့တူတဲ့ မေမေ့မျက်နှာက မကြာခင်မျက်ရည်မိုးတွေ သည်းကြီးမည်းကြီးရွာချခါနီးလို ပုံစံဖြစ်နေခဲ့တာကို ကျွန်မမေ့လို့မရခဲ့။ အဲ့ဒီလိုဆိုတိုင်းလည်း မေမေသင်ပေးတဲ့ လောကနီတိတွေကို ကျွန်မ မလိုက်နာ။ ပေကပ်ကပ်နဲ့ကျွန်မရဲ့ပုံစံက ဆွေမျိုးတွေအတွက် အမြင်ကပ်စရာကောင်းခဲ့တယ်။ ကျွန်မကတော့ ဒါတွေကို ဂရုမစိုက်ခဲ့ပါဘူး။ (၈) တန်းလောက်ရောက်တော့ ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ ကျွန်မစာနည်းနည်းပြန်ကြိုးစားလာခဲ့တယ်။ ဒါပေမယ့် မေမေ့အပေါ်ကိုတော့ မလိမ်မာခဲ့။


ကျွန်မရဲ့ ဗီဇကိုကပဲ ဒီလိုမျိုးလား ဒါမှမဟုတ် မေမေနဲ့ကျွန်မနဲ့က နေ့နံအရပဲ မတည့်လို့ပဲလား။
နေ့နံမတည့်ဘူးဆိုရင်လည်း မေမေက ဘာလို့ကျွန်မနဲ့အပြိုင် ရန်ပြန်မတွေ့တာလဲ။ တစ်ခါတလေ ကျွန်မကို မေမေစိတ်ဆိုးလွန်းအားကြီးမှသာ “နင်တို့ သားသမီးမွေးမှ သိလာမယ်။” ဆိုတဲ့စကားကို ငိုသံကြီးနဲ့ ပြောတတ်တယ်။ ဒါပေမယ့် ကျွန်မဒါတွေကိုလည်း မမြင်တတ်ခဲ့။ ဒီလိုနဲ့ပဲ လည်ပတ်ရင်း ကျွန်မ (၁၀) တန်းကို ရိုးရိုးအောင်ခဲ့ပါတယ်။ ရိုးရိုးအောင်တော့လည်း ရိုးရိုးဘွဲ့ပဲ ယူခဲ့ရတာပေါ့။ ဒါပေမယ့် ကျွန်မ အမေက တစ်ချက်မှအပြစ်မပြောခဲ့။ အဲ့ဒီလိုပဲ ကျွန်မလည်း တစ်ချက်လေးမှ အမေ့မျက်နှာကို ပြန်မကြည့်ခဲ့။ ဒီလိုနဲ့ပဲ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးရင်း တစ်နယ်တစ်ကျေးက ချစ်သူနဲ့ ကျွန်မအိမ်ထောင်ကျခဲ့တယ်။ သျှောင်နောက် ဆံထုံးပါဆိုတဲ့အတိုင်းပါပဲ။ အိမ်ထောင်ကျသွားတဲ့နောက် ကျွန်မက လင်ယောက်ျားရှိရာမြို့ကို လိုက်နေခဲ့ပြီး မိဘတွေဆီ မဆက်သွယ်ဖြစ်ခဲ့။ အဲ့ဒီအချိန်ကျမှ ကျွန်မ မေမေ့ကို ဘယ်လောက်ချစ်လဲ၊ မေမေက ကျွန်မကို ဘယ်လောက်ချစ်လဲဆိုတာကို သေချာသိလာရတယ်။ မိဘတွေဆီက ထွက်လာရတဲ့နောက် အိမ်ရဲ့ဝေယျာဝစ္စကိစ္စအားလုံးကို ကျွန်မတစ်ယောက်တည်း သိမ်းကျုံးလုပ်ခဲ့ရတယ်။ ငယ်ငယ်တုန်းက မလုပ်ချင်ခဲ့တဲ့အလုပ်တွေ၊ အရွယ်ရောက်တဲ့အထိ မေမေ့ကို ကူညီရကောင်းမှန်း တစ်ချက်မသိခဲ့တဲ့ကျွန်မအတွက် အိမ်ထောင်တစ်ခုကို ထိန်းသိမ်းရတာ သိပ်ကိုပင်ပန်းလှပါတယ်။


အိမ်ထောင်သက် (၁) နှစ်ကျော်ကျော်မှာ ကျွန်မတို့ရဲ့ ရင်သွေးလေးမွေးဖွားလာခဲ့ပြီးနောက်ပိုင်းကာလကတော့ ကျွန်မအတွက် သိပ်ကိုခက်ခဲတဲ့အချိန်ပါပဲ။ ကျွန်မသားလေးက ကျွန်မနဲ့တူလို့ပဲလား မသိပါဘူး။ ကျွန်မပြောတဲ့စကားကို နည်းနည်းမှနားမထောင်တဲ့အပြင် အဖေဖြစ်သူနဲ့ပါ လုံးဝအဆင်မပြေတော့ပါဘူး။ သားလေးက အရွယ်ရောက်လာတာနဲ့အမျှ အပေါင်းအသင်းတွေမှားပြီး ဆိုးသွမ်းလာတယ်။ ကျောင်းတွေပြေးလာတယ်။ တစ်ခါသူကျောင်းပြေးပြီး မိဘအခေါ်ခံရလို့ ကျွန်မမှာ မျက်နှာငယ်လေးနဲ့ သူ့ကျောင်းကို လိုက်သွားရသေးတယ်။ ကျွန်မတုန်းက အမေ ဘယ်လိုခံစားခဲ့ရလဲဆိုတာ ကျွန်မ အခုတော့ နားလည်လာပါပြီ။ တစ်ခါတလေဆို ကျွန်မသားလေးက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ပြီး ဒဏ်ရာတွေဘာတွေရလာရင်လည်း ကျွန်မပဲ မျက်ရည်တလည်လည်နဲ့ ဆေးထည့်ပေးရပါတယ်။


ကျွန်မ သားလေးကို ကျွန်မ အပြစ်မပြောရက်ခဲ့ပါဘူး။ အိမ်အလုပ်တွေနဲ့ ပင်ပန်းရတာက ကျွန်မအတွက် အသားကျလာပြီး သားလေးက ကျွန်မကို ကလန်ကဆန်လုပ်တာ၊ ပြောစကားနားမထောင်တာတွေကလည်း ကျွန်မအတွက် အထူးတလည်မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ မေမေပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကိုတော့ အမြဲတမ်းကြားယောင်နေပါသေးတယ်။ “နင်တို့ သားသမီးမွေးမှ သိလာမယ်။” ကျွန်မရဲ့နောင်တတွေကိုတော့ မေမေမသိသွားရှာခဲ့ပါဘူး ….

#HM

#ChitMayMay

LEAVE A REPLY

Please enter your comment!
Please enter your name here