မောင်နှမဆက်ဆံရေး ကောင်းမွန်အောင် ဘယ်လိုမြှင့်တင်ပေးမလဲ?

0
170
- Advertisement -

မွေးချင်းမောင်နှမဆိုတာ ကလေးတစ်ယောက်ရဲ့ ပထမဆုံး ရွယ်တူနဲ့ အပြန်အလှန်ဆက်ဆံရတဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ သူတို့နဲ့အတူ မျှဝေဖို့ ၊သည်းခံတတ်ဖို့ သင်ယူရပါမယ်။ ဒီလုပ်ငန်းစဉ်အတွင်းမှာ အငြင်းပွားမှုတွေ ပေါ်လာတာက သာမာန်ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် ဒီကိစ္စမှာ မိဘတွေရဲ့ သဘောထားက မွေးချင်းမောင်နှမဆက်ဆံရေးကို ကောင်းမွန်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။

ကျွန်မတို့ရဲ့ အစ်ကိုတွေ၊ အစ်မတွေက ကျွန်မတို့ရဲ့ ပထမဆုံးသူငယ်ချင်းလည်း ဟုတ်သလို ယုံကြည်စိတ်ချရသူတွေ၊ ဘဝလက်တွဲဖော်တွေလည်း ဖြစ်ပါတယ်။ သူတို့နဲ့အတူ ကျွန်မတို့ရဲ့ ကန့်သတ်ချက်တွေ၊ လူမှုရေးလက္ခဏာတွေကို စမ်းသပ်ပုံဖော်ပါတယ်။ ထို့အပြင် သူတို့နဲ့အတူ ကျွန်မတို့ရဲ့ ကစားစရာတွေ၊ နေရာတွေကို မျှဝေဖို့ သင်ယူကြပါတယ်။

ဒီသင်ယူခြင်းဖြစ်စဉ်က မလွယ်ကူပါဘူး။ စာနာခြင်း၊ သည်းခံခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည်တွေ ရရှိဖို့ အချိန်ယူရပါတယ်။ ထို့ကြောင့် ဒီလုပ်ငန်းစည်အတွင်းမှာ အခက်အခဲတွေ ပေါ်လာနိုင်တာက အံ့သြစရာမဟုတ်ပါဘူး။

  • ကာကွယ်ခြင်းက မောင်နှမဆက်ဆံရေးအတွက် သော့ချက်ဖြစ်ပါတယ်

မောင်နှမအချင်းချင်းဆက်ဆံရေးကောင်းမွန်အောင် လုပ်ပေးချင်တယ်ဆိုရင် ဒုတိယကလေးမမွေးခင်မှာ စတင်လုပ်ပေးဖို့ သတိရပါ။ တစ်ဦးတည်းသော ကလေးအဖြစ် သူတို့ရဲ့ အခန်းကဏ္ဍကို စွန့်လွှတ်ဖို့ သားဦးလေးကို ပြင်ဆင်ပေးရပါမယ်။ သင်ဟာ ဒီအကူးအပြောင်းအတွက် မကူညီဘူးဆိုရင် မနာလိုခြင်းနဲ့ ပြိုင်ဆိုင်လိုစိတ် ပေါ်လာပါလိမ့်မယ်။

ဒီအခြေအနေကို ရှောင်ရှားဖို့ မိသားစုဝင်သစ်ကို ကြိုဆိုခြင်းလုပ်ငန်းစဉ်မှာ မောင်နှမအားလုံး ပါဝင်ပေးရပါမယ်။ ဥပမာ- ညီမလေးမွေးပြီးရင် သားက လူကြီးဖြစ်သွားတဲ့အတွက် ညီမလေးကို စောင့်ရှောက်ရမယ်နော်၊ ညီမလေးက ငယ်သေးတော့ သူ့ဘာသာသူ ဘာမှမလုပ်တတ်သေးဘူး ဆိုတာမျိုး, သူကြီးလာရင် သားနဲ့ ဆော့ဖော်ဆော့ဖက်ရတာပေါ့ ဆိုတာမျိုး ရှင်းပြပေးရပါမယ်။ ဒုတိယကလေးမွေးလာတာနဲ့ မောင်နှမတွေကို မိသားစုပြောင်းလဲမှုအသစ်နဲ့ ပေါင်းစည်းဖို့ ကြိုးစားပေးရပါမယ်၊ အနှီးယူခိုင်းတာမျိုး၊ ကလေးအတွက် အဝတ်အစားတွေကို ရွေးချယ်ခိုင်းတာမျိုး၊ ပုခက်လွှဲပေးဖို့ တောင်းဆိုတာမျိုး ပြုလုပ်နိုင်ပါတယ်။

  • စံပြတစ်ယောက်ဖြစ်ပေးပါ

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းနဲ့ ပတ်သတ်လာရင် သင့်လုပ်ရပ်တွေက သင့်စကားလုံးတွေထက် ပိုပြီး အဖိုးတန်ပါတယ်။ တကယ်လို့ ကလေးတွေတကို တစ်ယောက်နဲ့တစ်ယောက် ကောင်းသောဆက်ဆံရေးကို တည်ဆောက်စေလိုပါက စံပြပုဂ္ဂိုလ်ဖြစ်ရပါမယ်။ ငါ, နင့်ကြောင့်အာကျယ်အာကျယ်ဖြစ်လာတာတို့၊ နင့်ကြောင့် ငါဒေါသထွက်တတ်တာတို့ဖြင့် သင့်ကလေးကို အပြစ်တင်လို့ မရပါဘူး။ အခြားသူတွေနဲ့ နားလည်မှုရှိဖို့ ၊ လေးစားမှုရှိဖို့ ကြိုးစားရမယ်ဆိုတာ သတိရပါ။ သင့်မောင်နှမတွေနဲ့ ပြောဆိုဆက်ဆံပုံကလည်း အရေးကြီးပါတယ်။ ဥပမာ- ကိုယ်က ကိုယ့်ညီမနဲ့ ချစ်ချင်ခင်ခင် ဆက်ဆံတာကို ကလေးတွေ တွေ့မြင်ရင် ထိုပုံစံအတိုင်း သူတို့လိုက်နာပါလိမ့်မယ်။ ဒါ့အပြင်” အမေငယ်ငယ်တုန်းက ညီအစ်မတွေအချင်းချင်း ဘယ်လိုပံ့ပိုးပေးတာ၊ ဘယ်လိုမျှဝေပေးတာ” ဆိုတာကို ပြောပြပေးတာကလည်း အိုင်ဒီယာကောင်းတစ်ခုဖြစ်ပါတယ်။

  • နှိုင်းယှဉ်ခြင်းနှင့် ခွဲခြားခြင်းကို ရှောင်ပါ

ကလေးတွေကို တန်းတူလက်ခံပြီး တန်ဖိုးထားပေးရပါမယ်။ ကလေးတိုင်းမှာ မိမိတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတတ်ဖို့နဲ့ မိမိကိုယ်ကို ချစ်မြတ်နိုးဖို့ အခွင့်အရေးရှိပါတယ်။ ထို့ကြောင့် မောင်နှမအကြား နှိုင်းယှဉ်ခြင်းမပြုဖို့ အကြံပေးပါတယ်။ ကိုယ့်မိဘတွေက ကိုယ်ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို တန်ဖိုးမထားဘဲ မောင်နှမတွေနဲ့ နှိုင်းယှဉ်ခံရတယ်လို့ ခံစားရခြင်းက စိတ်မကောင်းစရာဖြစ်ပါတယ်၊ ဒါ့ကြောင့် သားသမီးတွေရဲ့ ကောင်းကျိုးကို သီးခြားစီ ချီးမွမ်းဖို့ ကြိုးစားပါ။ ကလေးတစ်ယောက်စီကို အချိန်ပေးမှု၊ အာရုံစိုက်မှုနှင့် ပတ်သတ်ပြီး ခွဲခြားဆက်ဆံခြင်းမလုပ်ဖို့လည်း အရေးကြီးပါတယ်။

  • လုပ်ဖို့ တွန်းအားပေးခြင်းမရှိဘဲ ဖျန်ဖြေပေးပါ

ကလေးတွေအကြားမှာ ပဋိပက္ခတွေ ဖြစ်လာခဲ့ရင် တရားသူကြီးအဖြစ်တာဝန်ယူပြီး သူတို့ပြဿနာတွေကို ဖြေရှင်းရတာက လွယ်ပါတယ်၊ ဒါပေမယ့် သူတို့ကို လမ်းညွှန်တာက ပိုအသုံးဝင်ပါတယ်။ သို့မှသာ သူတို့ဘာသာ သူတို့ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ သူတို့ကို စကားပြောတဲ့အခါ သူ့အလှည့်ကိုယ့်အလှည့် လေးစားဖို့၊ တစ်ယောက်နဲ့တစ်ယောက် နားထောင်ပေးဖို့နှင့် အာလာပသလ္လာပစကားပြောရန် သင်ကြားပေးဖို့ အရေးကြီးပါတယ်။ သူတို့ကို ညှိနှိုင်းတတ်ဖို့၊ ပူးပေါင်းဆောင်ရွက်တတ်ဖို့ သင်ပေးရပါမယ်။

  • အတွေ့အကြုံတွေကို မျှဝေပါ

မောင်နှမတွေအကြား စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးတွေကို တည်ဆောက်ဖို့ အကောင်းဆုံးနည်းလမ်းက အတွေ့အကြုံတွေ မျှဝေပေးတာ ဖြစ်ပါတယ်။ မိသားစုအဖွဲ့လိုက်ဂိမ်းစကားတာမျိုး၊ အိမ်မှုကိစ္စတွေ စုလုပ်ကြတာမျိုး၊ အိမ်စာတွေ အတူတူလုပ်ကြတာမျိုးကို တိုက်တွန်းပါ။ ငယ်ရွယ်စဉ်အချိန်မှာ အခန်းတစ်ခန်းထဲ အတူတူအိပ်စေတာကလည်း လိုက်လျောညီထွေရှိစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ မောင်နှမဆက်ဆံရေးကို ပိုခိုင်မာစေမှာ သေချာပါတယ်။

Chit_MayMay

LM_Nandar

Source-yourmom

Chit Maymay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here