သင့်ကလေးတွေကို ပဋိပက္ခဖြေရှင်းခြင်းရဲ့ နည်းလမ်းကောင်းများကို လမ်းညွှန်ပေးခြင်း၊ အတူတကွ လေ့လာသင်ယူဖို့ ကူညီခြင်းအားဖြင့် မောင်နှမချင်းရန်ဖြစ်တာကို တားဆီးဖို့ အများကြီးလုပ်နိုင်ပါတယ်။ ဒီအကြံပေးချက် (၈)ချက်နှင့်အတူ ကြိုတင်ပြင်ဆင်ပေးပါ။
၁။ ကလေးတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါ
ကလေးတွေဟာ အသက်အရွယ်၊ စိတ်ထားပေါ်မူတည်ပြီး မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်ပါတယ်။ သို့သော် သူတို့လေးတွေဟာ မိဘရဲ့ ချစ်ခြင်းမေတ္တာနှင့် တန်ဖိုးထားမှုကို တန်းတူခံစားရဖို့ လိုအပ်ပါတယ်။ ဒီနည်းဖြင့် သူတို့ဟာ မိဘရဲ့ ချစ်ခင်မှုနှင့် ဂရုစိုက်မှုအတွက် ယှဉ်ပြိုင်ရမယ်လို့ မခံစားရစေပါဘူး။ ကလေးတစ်ယောက်ချင်းစီနဲ့ ပုံမှန်အချိန်ဖြုန်းခြင်း၊ ကလေးတိုင်းကို ပြုံးပြီး ပွေ့ဖက်ပေးခြင်းနှင့် ကလေးတစ်ယောက်နဲ့ တစ်ယောက်ကို နှိုင်းယှဉ်ခြင်းမပြုခြင်းဖြင့် ဒီခံစားချက်တွေကို မြှင့်တင်နိုင်ပါတယ်။
ကလေးတွေဟာ မျှဝေခြင်းအကြောင်းကို လေ့လာဖို့ လိုအပ်သော်လည်း သူတို့မှာ ဝေမျှစရာမလိုသော ကိုယ်ပိုင်သီးခြားပစ္စည်းတွေ ထားပေးတာကလည်း အထောက်အကူဖြစ်စေပါတယ်။

အငယ်တွေကို အစ်ကို/အစ်မတွေရဲ့ လုပ်ဆောင်မှုတွေမှာ သွားရှုပ်တာက အဆင်မပြေကြောင်း ရှင်းရှင်းလင်းလင်း လုပ်ပေးထားရင် ကလေးတွေဟာ တန်ဖိုးထားမှုကို ခံစားရပါလိမ့်မယ်။
၂။ မိသားစု စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းစွာ သတ်မှတ်ပါ
ဘယ်အရာက အဆင်ပြေတယ်၊ ဘယ်အရာက အဆင်မပြေဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကလေးတွေ သိပါစေ။ တကယ်လို့ သင့်မှာ မိသားစုစည်းမျဉ်းတွေ ရှိရင် ကလေးတွေအား သူတို့အချင်းချင်း တည့်အောင်ပေါင်းဖို့ သင်ဘယ်လို မျှော်လင့်ထားကြောင်း အသိပေးရတာ ပိုလွယ်စေပါတယ်။
စည်းမျဉ်းစည်းကမ်းတွေ အလုပ်ဖြစ်စေဖို့အတွက် နည်းလမ်းတစ်ချို့
- စည်းမျဉ်းတွေ ချမှတ်ရာမှာ ကလေးတွေကို ပါဝင်ခိုင်းပါ။ ဒီနည်းလမ်းက ကလေးတွေ မှတ်မိစေပါလိမ့်မယ်။
- သင့်အိမ်စည်းကမ်းတွေကို ရေခဲသေတ္တာပေါ် (သို့) လူတိုင်းမြင်နိုင်တဲ့ နေရာမှာ ကပ်ထားပါ။
- စည်းမျဉ်းစည်းကမ်းတွေကို ကလေးတွေ ချိုးဖောက်တိုင်း လိုက်နာခိုင်းပါ။ ရင်းနှီးတဲ့ သတိပေးမှုတစ်ခုဖြင့် စတင်ပါ ။ ထို့နောက် အခွင့်အရေးတစ်ခုပေးပါ။ တကယ်လို့ ကလေးဟာ စည်းမျဉ်းတွေကို ချိုးဖောက်နေဆဲဆိုရင် သဘောတူညီထားတဲ့ အကျိုးဆက်ကို သုံးပါ။

၃။ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေ ချမှတ်ပေးပါ
သင့်မိသားစုမှာ ပုံမှန်အလုပ်ရှိနေရင် နေ့စဉ်ကိစ္စတွေနဲ့ ပတ်သတ်ပြီး သဘောထားကွဲလွဲမှုတွေကို ကိုင်တွယ်ဖို့ ပိုလွယ်ပါတယ်။ ဆိုလိုတာက ဘယ်သူ ဘယ်နေရာမှာ ထိုင်နေတယ်။ ဘယ်သူက ဘယ်နေ့မှာ အိမ်မှုကိစ္စတွေကို လုပ်ဆောင်တယ်ဆိုတာကို လူတိုင်းသိနိုင်ပါတယ်။
ဥပမာ- တီဗီကြည့်တယ်ဆိုပါစို့- ညနေ ၆နာရီခွဲမှ ၇နာရီထိ အစီအစဉ်ကို A အားရွေးချယ်စေပြီး ၇ နာရီခွဲမှ ၈နာရီ အစီအစဉ်ကို B အားရွေးချယ်စေတာမျိုးပါ။
ဂိမ်းကစားရင်လည်း စနေနေ့မှာ B အားရွေးချယ်စေပြီး A အား တနင်္ဂနွေနေ့မှာ ရွေးချယ်ခွင့်ပေးတာမျိုး၊ တစ်ပတ်မှာ တစ်ခါ တစ်လှည့်စီ အမှိုက်ရှင်းခိုင်းတာမျိုးဖြင့် အိမ်မှုကိစ္စတွေကိုလည်း အလှည့်ကျ လုပ်ခိုင်းလို့ရပါတယ်။

၄။ ဘယ်လိုလုပ်ရမယ်ဆိုတာ ကလေးတွေကို ပြပါ
သင်ဟာ သားသမီးတွေရဲ့ နံပါတ်တစ်စံပြပုဂ္ဂိုလ်ဖြစ်ရပါမယ်။ သင်ဟာ မတူညီမှုတွေကို ရန်မဖြစ်ဘဲ အဖြေရှာလျှင် ကလေးတွေ သတိပြုမိပါလိမ့်မယ်။ တကယ်လို့ သင့်ကလေးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လေးစားစွာ နေစေချင်ရင် သင်ဒီလိုလုပ်တာ သူတို့မြင်ဖို့ လိုအပ်ပါတယ်။
ကလေးတွေက တခြားသူတွေကို တောင်းပန်ပါတယ်လို့ ပြောစေချင်တယ်ဆိုရင် သင်တောင်းပန်တာကို ကလေးတွေ တွေ့ဖို့လိုအပ်ပါတယ်။
၅။ ကလေးတွေကို နည်းပေးလမ်းပြပါ
သင်ဟာ သင့်ကလေးတွေရဲ့ ပြဿနာဖြေရှင်းရေးနည်းပြ ဖြစ်ပါတယ်။ သဘောထားကွဲလွဲမှုတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင်ပေးပါ။ ညှိနှိုင်းခြင်းနှင့် မျှမျှတတကစားခြင်း၊ ဒေါသခံစားချက်တွေ စီမံခန့်ခွဲခြင်းအတွက် စွမ်းရည်တွေကို လမ်းညွှန်ပေးပါ။ ဒါက ရန်ပွဲကို ဖျန်ဖြေဖို့ ဒိုင်လူကြီးလုပ်တာထက် ပိုကောင်းပါတယ်။ ကလေးကို အခြားသူတွေနဲ့ ကစားဖို့ အခွင့်အရေးပေးပါ။ အဖွဲ့လိုက်ကစားတာက ကလေးတွေကို အတူတကွ ကောင်းမွန်စွာကစားဖို့ ကူညီပေးပါတယ်။
အေးဆေးတည်ငြိမ်တဲ့ စကား (သို့) အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေမှတဆင့် စိတ်ဆိုးခြင်းကို ဖော်ပြဖို့ ကလေးအားကူညီပါ။ ဥပမာ-ပန်းချီဆွဲခြင်းနှင့် ကစားခြင်းဟာ ကလေးငယ်တွေအား ခံစားချက်များ ဖော်ပြစေပါတယ်။ အရွယ်ကြီးတဲ့ ကလေးတွေနှင့် ဆယ်ကျော်သက်တွေမှာ ပြေးတာ (သို့) တေးဂီတ နားထောင်တာက အထောက်အကူပြုကြောင်း တွေ့ရပါတယ်။
၇။ ဆုပေး၊ဒဏ်ပေးစနစ် ကျင့်သုံးပါ
ဒါက ခက်ခဲတဲ့ အခြေအနေတွေမှာ ရန်ပွဲတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာနှင့် ပတ်သတ်ပြီး စဉ်းစားဖို့ ကူညီနိုင်ပါတယ်။ အချို့ကိစ္စတွေမှာ ရန်ဖြစ်ကြရင် သူတို့ရဲ့ အားလပ်ရက် (သို့) အခွင့်အရေးကို ဖယ်ရှားပစ်တာမျိုး ပြုလုပ်နိုင်ပါတယ်။ ကလေးတွေ ရန်ဖြစ်ဖို့ အခွင့်အလမ်းနည်းပါးသွားတာကြောင့် စည်းကမ်းကြိုချမှတ်ထားတာက စိတ်ကူးကောင်းတစ်ခုဖြစ်ပါတယ်။
၈။ တခါတရံမှာ ကလေးတွေကို ဖြေရှင်းခွင့်ပေးပါ
ကလေးတွေဟာ သဘောထားကွဲလွဲမှုတွေကို ရန်မဖြစ်ဘဲ သူတို့ဘာသာသူတို့ ဖြေရှင်းတတ်ဖို့ မိဘအကူအညီဖြင့် သင်ယူနိုင်ပါတယ်။ ၎င်းက သင့်ကလေးအား ပိုမိုကောင်းမွန်လာစေဖို့နှင့် အခြားကလေးတွေနဲ့ ပဋိပက္ခတွေကို အပြုသဘောဖြင့် ဖြေရှင်းဖို့ ကူညီနိုင်ပါတယ်။
Chit_MayMay
LM_Nandar
Source- raisingchildre