မွေးကာစကလေးငယ်တွေ ငိုကြွေးခြင်းနဲ့ ပတ်သတ်ပြီး သိရှိထားရမယ့်အချက်များ

0
631
- Advertisement -

ကလေးရှိပြီးသား မေမေတို့အတွက်ကတော့ ကလေးတစ်ယောက်ရဲ့တုံ့ပြန့်ပုံတွေကိုကြည့်ပြီး ကလေးရဲ့လိုအပ်ချက်ကို သိနေတတ်ကြပါတယ်။ ဒါပေမယ့် သားဦး/ သမီးဦးလေးမွေးတဲ့ မေမေတို့အတွက်ကတော့ ကလေးဘာကြောင့်ငိုနေတယ်၊ ဘယ်လိုဝေဒနာခံစားနေရတယ် ဆိုတာကို သိရှိနိုင်ဖို့တော်တော်လေးခက်ပါတယ်။ ဖေဖေတို့ဆိုရင်တော့ဆိုဖွယ်ရာ မရှိတော့ပါဘူး။ မွေးကင်းစကလေးတစ်ယောက်ဟာ တစ်ရက်ကိုပုံမှန် ၂ နာရီကနေ သုံးနာရီထိ ငိုနေတတ်ကြပါတယ်။ ဒါဟာ ကလေးမွေးပြီးကာစ မိဘတိုင်းကြုံတွေ့ရမယ့်ဒုက္ခတစ်ခုဖြစ်ပါတယ်။ ကလေးလေးတွေဟာ တစ်ခါတစ်လေမှာတော့ သိသာတဲ့အကြောင်းပြချက် မရှိပဲငိုနေတတ်ကြပြီး အချိန်အများစုကတော့ သူတို့ရဲ့မျက်ရည်တွေနဲ့ သင့်ကိုတစ်ခုခုပြောဖို့ ကြိုးစားနေတတ်ပါတယ်။
ဒီလိုသူတို့ပြောပြချင်တဲ့ အကြောင်းရင်းကိုသိမှသာ ကလေးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း အငိုတိတ်အောင်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၁။ ဗိုက်ဆာနေတဲ့အခါ

ကလေးလေးတယောက်ရဲ့ သုံးလအရွယ်အတွင်းမှာ နာရီခြားပြီး မကြာခဏနို့တိုက်ခြင်းကို ပြုလုပ်ရပါတယ်။ တကယ်လို့ သင့်ရဲ့ ဘေဘီလေးကအသံပြဲကြီးနဲ့ မအော်ပဲ အနိမ့်သံနဲ့အော်နေတာ ငိုလိုက်ရပ်လိုက် လုပ်နေတာဆိုရင်တော့ သူတို့ဗိုက်ဆာနေတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ နို့တိုက်ပေးရင် အငိုတိတ်သွားပါလိမ့်မယ်။ သူတို့ရဲ့ လက်မနဲ့ ခြေမကိုစုပ်နေခြင်းဟာလည်း နို့ဆာနေတာ ဖြစ်နေတတ်ပြီး ဒီလိုစုပ်နေတဲ့အချိန်မှာဆိုရင် သူတို့ကျေနပ်နေတတ်ပါတယ်။ ဒီလိုခြေမ လက်မစုပ်ခြင်းဟာ အကျင့်ဖြစ်သွားတတ်ပြီး သွားခေါခြင်းကို ဖြစ်စေနိုင်တာကြောင့် မပြုလုပ်အောင် ဂရုစိုက်ပါ။

- Advertisement -

၂။ မောပန်းခြင်း

ဘေဘီလေးတွေဟာ လူကြီးတွေနဲ့မတူပဲ သူတို့ပင်ပန်းတဲ့အခါမှာ အိပ်ပျော်သွားရမယ့်အစား မအိပ်နိုင်ပဲ ဂျီကျနေတတ်ကြပါတယ်။ ဒီလိုဂျီကျနေရင်တော့ ကလေးရဲ့ မျက်နှာနဲ့ လည်ပင်းကိုသာဖော်ပြီးအနှီးနဲ့ထုပ်ပေးပါ။ ဒါဟာသူတို့ကို အမိဝမ်းထဲရောက်နေတုန်းကလို့မျိုး ခံစားချက်ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင့် သူတို့မြင်တဲ့ရှုခင်းကိုပြောင်းလဲဖို့အတွက် နေရာတစ်ခုကိုရွှေ့ပြီးကြည့်ခိုင်းပါ။ တွန်းလှည်းလေးနဲ့ လမ်းလျှောက်ထွက်ပါ။ ကားထဲကိုဝင်ပြီး စက်နိုးထားခြင်း၊ ပုခက်ထဲထည့်ပြီးလွှဲပေးခြင်းစတာတွေကလည်း တုန်ခါမှုကြောင့် ကလေးကိုအိပ်ပျော်သွားစေနိုင်ပါတယ်။

၃။ ဓါတ်မတည့်မှု

မိခင်ရဲ့စားသောက်မှုတွေဟာ မိခင်နို့ကတဆင့် ကလေးဆီကိုရောက်သွားပါတယ်။ တကယ်လို့ မိခင်ဖြစ်သူက ကလေးနဲ့ဓါတ်မတည့်တဲ့ အစားအစာတစ်ခုခုကို စားခဲ့ရင် ကလေးရဲ့ဗိုက်ထဲမှာ ကမောက်ကမဖြစ်နိုင်ပါတယ်။ ဒီလိုအကြိမ်ပေါင်းများစွာဖြစ်နေရင်တော့ မေမေတို့ရဲ့ ဘေဘီလေးဟာ နွားနို့ ၊ အစေ့အဆံများ၊ ဂျုံ၊ သို့မဟုတ် အခြားအစားအစာ တစ်ခုခုနဲ့ဓါတ်မတည့်တာဖြစ်နိုင်လို့ အစားအသောက်ကိုဂရုစိုက်ပေးပါ။

သင့်ကလေးမှာ ဓါတ်မတည့်မှုတစ်ခုခုကို သံသယရှိတာနဲ့ ကလေးအထူးကုသမားတော်နဲ့ တိုင်ပင်ပါ။ သမားတော်က သာမာန်အစားအစာတွေဖြစ်တဲ့ နွားနို့၊ ကြက်ဥစတာတွေ သင့်ကိုတပတ်လောက်ရှောင်ခိုင်ပြီး သင့်ကလေးရဲ့အခြေအနေကို စောင့်ကြည့်ပါလိမ့်မယ်။

၄။ နို့အန်ခြင်း

ကလေးကို နို့တိုက်ပြီးတဲ့အချိန်မှာ နို့အန်နေတတ်ပြီး ငိုတတ်ပါက ကလေးရင်ပူနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးကို နို့ဗူးနဲ့ တိုက်တာဆိုရင်တော့ နို့ဗူးဟာ ကလေးအတွက် သက်တောင့်သက်သာဖြစ်ရဲ့လား အပေါက်အနေတော်ဖြစ်ရဲ့လားဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

ကလေးကို နို့တိုက်နေတဲ့အချိန်မှာ မကြာခဏနားပေးတာတွေ ကျောကိုပုတ်ပြီးလေတက်အောင်ပြုလုပ်ပေးတာတွေ ပြုလုပ်ပေးပါ။ ကလေးကိုထိုင်လျက်အနေအထားနဲ့ နို့တိုက်ပေးပါ။ နို့ဗူးခေါင်းအဝကျယ်ခြင်းနဲ့ ဟနေခြင်းဟာ ကလေးနိုစို့တဲ့အခါ လေတွေအမြောက်အမြားဝင်စေတာကြောင့် ဒီဇိုင်းကောင်းမွန်ပြီး အရည်အသွေးကောင်းတဲ့ နို့ဗူးတွေကိုသုံးပါ။ ဆေးလိပ်ငွေ့ကို လုံးဝမရှုမိပါစေနဲ့။ မိခင်ကနေတဆင့် နွားနို့ရရှိခြင်းကို ရှောင်ရှားပေးပါ။

၅။ ကလေးလေအောင့်ခြင်း

ကလေးငါးဦးမှာ တဦးလောက်က လေထိုးလေအောင့်တဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီလိုလေအောင့်ခြင်းကြောင့် တရက်ကို သုံးနာရီအထက် ငိုနေတတ်ကြရပါတယ်။ ဖြစ်လေ့အရှိဆုံးက ကလေးမွေးပြီး တလအတွင်းမှာ ပိုများပါတယ်။ ကလေးလေအောင့်လို့ ငိုတဲ့အခါ အသံစူးစူးဝါးဝါးနဲ့ မျက်နှာပါနီနေတတ်ပါတယ်။ အဲဒီလိုအချိန်မှာ ကလေးဗိုက်က ဖောင်းနေတတ်ပြီး သူ့ရဲ့ခြေထောက်တွေက အပေါ်ကိုစုနေတတ်ပါတယ်။

ကလေးလေအောင်ခြင်းကိုဖြစ်စေတဲ့အရာကို ရှင်းရှင်းလင်းလင်း မသိရှိနိုင်ပါဘူး။ ကလေး အသက် ၃ လနဲ့ ၄ လလောက်ရောက်တဲ့အခါ လေအောင့်တဲ့ဝေဒနာဟာအမြဲလိုလိုရပ်သွားတတ်ပါတယ်။ ကလေးကို ချီပြီးချော့မြူပေးပါ။ စမုန်နက်နဲ့ အခြားဆေးဖက်ဝင်အပင်တွေက ကုသနိုင်ပြီး မတိုက်ကျွေးခင်ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပါ။ ကလေးကိုပိုမိုဂရုစိုက်ဖို့ အချိန်ပေးပါ။
အချိန်အကြာကြီးငိုနေရင် ဝေဒနာပိုမဆိုးစေဖို့အတွက် ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါလိမ့်မယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here